ကျွန်တော်တို့
နိုင်ငံသားတွေက ကိုယ့်နိုင်ငံရဲ့ သမိုင်းကို မှတ်တမ်းအဖြစ် မှန်မှန်ကန်ကန်
သိုမှီးထားတဲ့ အကျင့်က အတော့်ကို နည်းပါတယ်။ အဲဒီလို မှတ်တမ်းယူဖို့
အားနည်းရာကနေ .. သမိုင်းကို လေ့လာတာ အားနည်းလာပြီး .. နောက်ဆုံးမှာ သမိုင်း
သင်ခန်းစာ ယူပြီး အမှား အဟောင်းတွေ ထပ်မမှားအောင် လေ့လာကြိုးစားတဲ့
အားထုတ်မှုတွေ မရှိသလောက် ဖြစ်လာတာဟာ ခိုင်မာတဲ့ ဒီမိုကရေစီလမ်းစဉ်ကို
တည်ဆောက်မယ့် ခရီးရှည်အတွက် ကြီးမားတဲ့ အမှားကို ကျူးလွန်နေကြတာ ဖြစ်ပါတယ်။
တိုးတတ်တဲ့ နိုင်ငံတော် တည်ဆောက်မယ်ဆိုပြီး စဉ်းစားကြံစည်ကြတဲ့ လူတွေထဲမှာ (ကျွန်တော် ထင်တာ မလွဲဘူးဆိုရင်) လက်ရှိ စစ်တပ် အကြီးအကဲ တချို့နဲ့ စစ်သား လူထွက် အကြီးအကဲအချို့ပါ ပါဝင် ပါလိမ့်မယ်။ ဒါ့အပြင် ခေတ်ပျက် သေဌေးတွေလည်း ပါနိုင်ပါတယ်။
(သို့သော် ကိုယ်ကျိုးကြည့် ဗွေဖောက်သူတွေကတော့ ရှိမှာပါ။) ကျန်တဲ့နိုင်ငံသားတွေကတော့ သူတို့ရဲ့ နိုင်ငံကို တိုးတတ်စေချင်တဲ့ ဆန္ဒက မေးစရာတောင် မလိုပါဘူး။
ဒါပေမယ့် အဲဒီ စစ်တပ် အကြီးအကဲတွေနဲ့ စစ်သားလူထွက် တချို့ က ဒီမိုကရေစီရဲ့ တန်ဖိုးကိုတွေ ဖြစ်တဲ့ ... လွတ်လပ်ခွင့် (freedom) နဲ့ တန်းတူညီမျှသောအခွင့်အရေး (equal opportunity) ... ဆိုတာကို တိုးတတ်အောင် လုပ်မယ့် လမ်းစဉ်ထဲကနေ ဖယ်ထုတ်ထားကြတယ်။ အဲဒီ အခါ အာဏာရှင် လူတန်းစား ပေါ်လာတယ်လို့ .. အတိုချုပ် သုံးသပ်လို့ ရတယ်။
(စကားချပ်။ .... ။ဒီနေရာမှာ လူအတော်များများက တန်းတူညီမျှရေး (equality)လို့ အလွယ်တကူ ပြောတာကိုလည်း သေချာ စဉ်းစားစေလိုပါတယ်။ ကျွန်တော်တို့အတွက် တကယ် လိုအပ်တာဟာ တန်းတူညီမျှရေး (equality) ထက်၊ တန်းတူညီမျှသောအခွင့်အရေး (equal opportunity) ရဖို့က ဒီမိုကရေစီရဲ့ တန်ဖိုးမှာ ပိုအရေးကြီးပါတယ်။ နောက်ပိုင်း အခွင့်အရေးရလျှင် ဒီနှစ်ခု အဓိပ္ပါယ် သတ်မှတ်ပုံ အရေးကြီးကြောင်းကို အသေးစိပ်ဆွေးနွေးပါ့မယ်။)
တိုင်းပြည်တိုးတတ်ရေးအတွက် ဆန္ဒရှိကြပေမယ့် အာဏာရှင် စနစ်နဲ့ အဆုံးသတ်ခဲ့ရတာဟာ ဒီမိုကရေစီတန်ဖိုးတွေ ကွယ်ပျောက်ခဲ့ရလို့ ဖြစ်တယ်ဆိုတာကို နောက်ဆုံး ရလဒ်အဖြစ် ကောက်ချက်ချပြီး ၁၉၈၈ မှာ ကျောင်းသား၊ ပြည်သူတွေဟာ အာဏာရှင် စနစ်ကို ဖြုတ်ချပြီး ဒီမိုကရေစီ စနစ်ကို တည်ဆောက်ဖို့ ကြိုးစားခဲ့ကြတာ .. မြန်မာ့လက်တလော သမိုင်းဖြစ်ရပ်လို့ ပြောလို့ရပါတယ်။
ဒီတော့ ဒီမိုကရေစီ စနစ် တည်ဆောက်မယ်ဆိုရင် အထက်ပါ အမှားကို သင်ခန်းစာ ယူဖို့က အရေးကြီးပါတယ်။ သင်ခန်းစာယူဖို့ဆိုလျှင်တော့ အပေါ်ယံအချက် တစ်ခုတည်းဖြစ်တဲ့ ဒီမိုကရေစီရဲ့ တန်ဖိုးဖြစ်တဲ့ လွတ်လပ်ခွင့် နဲ့ တန်းတူညီမျှသောအခွင့်အရေး .. နှစ်ခုတည်း မရှိတာကြောင့် ဖြစ်တယ်လို့ အလွယ်တကူ ကောက်ချက်ချရုံနဲ့ မပြီးသေးပါဘူး။
သမိုင်းမှတ်တမ်းတွေကို သေချာ ပြန်ကြည့်သင့်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ၁၉၄၈ ကနေ ၁၉၆၂ ခုနှစ်အထိ ၁၄ နှစ်တာ ကာလမှာ ပါလီမာန် ဒီမိုကရေစီစနစ် ထွန်းကားခဲ့ပါတယ်။ သို့သော် ၁၉၆၂ ခုနှစ်မှာ အဲဒီ စနစ်ကျဆုံးခဲ့ရပါတယ်။ ဒါဟာ ဦးနေဝင်းကြောင့်လို့ အလွယ်တကူ မြင်တာထက် .. ဘာကြောင့် ဦးနေဝင်းက အာဏာသိမ်းရတာလဲ၊ ဘာကြောင့် ဒီမိုကရေစီ စနစ်ကျဆုံးရတာလဲ၊ အခြေခံ ဥပဒေကြောင့်လား၊ နိုင်ငံရဲ့ နိုင်ငံရေးယဉ်ကျေးမှု သမိုင်းကြောင့်လား၊ စီးပွားရေး အခြေအနေကြောင့်လား၊ လူမျိုးရေးကြောင့်လား .. ဆိုတာတွေကို .. နိုင်ငံရေးသမိုင်းအနဲ့ အသေးစိပ် စနစ်တကျ မှတ်တမ်းမှတ်ရာထားပြီး လေ့လာတဲ့ စာပေတွေ မရှိသလောက် ဖြစ်နေတာကို ရင်နာစရာ အဖြစ်တွေ့ရပါတယ်။
ဂျာမနီဟာ ပထမ ကမ္ဘာစစ်အပြီး၊ ဒုတိယ ကမ္ဘာစစ် မဖြစ်ခင် ကြားကာလမှာ ဒီမိုကရေစီ နိုင်ငံတည်ထောင်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာ နာဇီ အာဏာရှင် ဟစ်တလာ တတ်လာပြီး ... ဒီမိုကရေစီ ကျဆုံးခဲ့ပါတယ်။ ဒုတိယ ကမ္ဘာစစ်ကြီး ပြီးတဲ့ အခါ အနောက်ဂျာမနီမှာ ဒီမိုကရေစီ စနစ် ထပ်မံတည်ဆောက်ပြန်ပါတယ်။ ဒီတခါမှာတော့ .. ပထမ အကြိမ်က အမှားတွေကို .. စနစ်တကျနဲ့ လေ့လာသုံးသပ်ပြီး .. နောက်ထပ် တခါ မဖြစ်ရအောင် သေသေချာနဲ့ အခြေခံဥပဒေကို ရေးဆွဲပြီး .. ဒီမိုကရေစီနိုင်ငံကို တည်ထောင်ခဲ့တာ .. အခုဆိုရင် ကမ္ဘာက လေးစားရတဲ့ ဒီမိုကရေစီ နိုင်ငံ ဖြစ်လာခဲ့ပါတယ်။ .. အာဏာရှင် စနစ်ရဲ့ သမိုင်းရှိခဲ့ပေမယ့် ... အာဏာရှင် လမ်းစဉ်ကို ပြန်သွားမယ့် အရိပ်အယောင် လုံးဝ ကင်းစင်နေပါတယ်။
အခု မြန်ပြည်မှာလည်း ဒီမိုကရေစီ စနစ်ကို ပြန်သွားကြမယ်ပြောကြပေမယ့် .. အရင်ဒီမိုကရေစီ စနစ်က ၁၄ နှစ်ပဲ ခံခဲံရတဲ့ ဖြစ်ရပ် အမှားတွေကို နောင်မဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ လေ့လာဆန်းစစ် တားမြစ်တဲ့ အချက်တွေကို ခေတ်သစ် ဒီမိုကရေစီ တည်ဆောက်ရေးမှာ ထည့်သွင်း အသုံးမပြုသေးသမျှ ... ဦးသိန်းစိန်တို့ ပြောနေသလို နောက်ပြန်ဆုတ်မယ့် အခြေအနေမှာ မရှိဘူးဆိုတာဟာ .. စကားလုံးမျှသာ ဖြစ်နေဦးမှာ ဖြစ်ပါကြောင်း ... ။
လေးစားစွာဖြင့်
ကိုထိုက်

No comments:
Post a Comment