“အုပ်ကြီးဖေရေ.....
ဒီနေ့အခွေသစ်တွေ ရောက်လာတယ်။ ကြည့်အုံးမလား” ဟု ကျနော်ငှားနေကျ 007
ခွေငှား ဆိုင်မှ လှမ်းမေးလိုက်သည်နှင့် ကျနော်အလွန်ကြည့်ချင်နေသော
“သီးလေးသီး အငြိမ့်” တောင်ငူမှာ ကသော အခွေ ရှိမရှိ မေးလိုက်မိသည်။
“ကိုဇာဂနာပါတယ်..
အရမ်းကောင်းတယ်၊ လူကြိုက်များတယ် လို့တော့ ပြောကြတာပဲ...ကျနော်ကြည့်ကြည့်
တော့ စိတ်ထဲမှာတမျိုးခံစားရတယ်ဗျာ..” ဒီလိုနှင့်ကျနော်လည်း မဆိုင်းမတွ
အခွေကို ယူလိုက်ပြီး အိမ်ကိုပြန်၍ ဖွင့်ကြည့်မိသည်။
အငြိမ့်ခွေ
ပြီးဆုံးသွားသောအခါ ရင်ထဲတွင် အလိုမကျ ဖြစ်နေမိသည်။ ဇာတ်သမားပြန်တော့
မှတ်သားစရာတွေ ချန်ခဲ့ရုံတင်မက အတွေးပွားစရာ စောတကတက်စရာ အကြောင်းတို့ပင်
ကျန်ခဲ့ပေသည်။
မြန်မာ့ဇာတ်သဘင်လောကမှ နှစ်အတန်ကြာ ပျောက်ကွယ်နေသော
စွယ်စုံရ အနုပညာရှင် ကိုဇာဂနာ ကိုပြန်လည်တွေ့မြင်ခွင့်ရသောကြောင့်
ကျေနပ်မိသလို၊ အနုပညာရှင်တို့၏ လွတ်လပ်ခွင့် အငွေ့အသက်များကို
ပြန်လည်ခံစားခွင့်ရသဖြင့်လည်း ဝမ်းသာပီတိ ဂွမ်းဆီထိသကဲ့သို့ ဖြစ်ရပါသည်။
အချို့သော
ပြက်လုံးတို့မှာ အလွန်ထိရောက်ပြီး အများသူငါ ဗဟုသုတနှင့် အသိပညာ
တိုးပွားပြီး စဉ်းစားစရာ လေးများ ပေးသွားသောကြောင့် အထူးကျေးဇူးတင်မိပါသည်။
လူတိုင်း ထိမိသောဟာသပြက်လုံးကို နှစ်သက်ကြပေလိမ့်မည်။ ကျနော်တို့၏
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းလည်း ဟာသကို မြတ်နိုးကြောင်း
သိရပါသည်။ သူရှိစဉ်က ကမ္ဘာကျော် ဟာသပညာရှင် ချာလီချက်ပလင်၏ ဟာသပြကွက်များ
ကို မလွတ်တမ်း ကြည့်တတ်ကြောင်းနှင့် “ဟာသဆိုတာ ရေပေါ်ဆီလူတန်းစားတွေရဲ့
ရှေ့နောက်မညီ အဆီအငေါ်မတည့်မှုကို ရယ်စရာပြက်လုံးဖြစ်အောင်
တီထွင်ဖန်တီးနိုင်သော ပညာဖြစ်သည်” ဟူ၍ပင် မိန့်ဆိုခဲ့ ဖူးကြောင်း
မှတ်သားရပါသည်။
မြန်မာနိုင်ငံသူ နိုင်ငံသားအများစုမှာ
တိုင်းပြည်နှင့်လူမျိုးကို ချစ်တတ်သောစိတ်ဓာတ် အစဉ်ကိန်းအောင်း နေတတ်ပါသည်။
ကျနော်သည်လည်း တိုင်းပြည်နှင့်လူမျိုးကို ချစ်မြတ်နိုးပါသည်။ သို့သော်
စိတ်ရှိတိုင်း လုပ်နိုင်စွမ်းမရှိသော အညတြ ရဲဘော်တဦးသာ ဖြစ်နေပါသည်။
ထင်ပေါ်ကျော်ကြား လူသိများသော သူမဟုတ်သောကြောင့် ခါချဉ် ကောင်မာန်ကြီး၍
တောင်ကြီးကိုဖြိုမယ်ကြံ ခါးကမသန် အဖြစ်မျိုး ရောက်နေသည့်အတွက်
ကိုယ့်ကိုယ်ကို မချင့်မရဲဖြစ်မိပါသည်။ ထိုအချိန်မျိုးတွင်
စွမ်းအားပြည့်ဝသော ဟာသပြက်လုံးများကို အဖော်ပြုကာ လောကကြီး ခါးစောင်းထိုး
ရယ်မောပစ်ချင်စိတ်ကြောင့် အငြိမ့်ခွေ ကောင်းကောင်းများကို ရှာဖွေငှားရမ်း
ကြည့်ရင်း မိမိရင်တွင်းခံစားချက်များကို အားရပါးရရယ်မောခြင်းဖြင့်
ဖွင့်ထုတ်နေခြင်းဖြစ်ပါသည်။
သို့သော် ယခုကျနော်ကြည့်နေသော
အငြိမ့်ခွေထဲမှ အချို့ပြက်လုံးတို့ကို ဘဝင်မကျနိုင်အောင် ဖြစ်ခဲ့ရသည်။
အချို့အကြောင်းအရာများသည် အမှန်တရားကို အများမြင်သာအောင် ဖော်ထုတ်ရန်
တာဝန်ရှိသည်ဟု ခံစားမိ ပါသည်။ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေတို့မှာ
ယခင်နှင့်လုံးဝမတူ ဆန့်ကျင်ဘက်ဆန်ဆန် ပြောင်းလဲနေ သည်ကိုတွေ့ရှိရသည်။
ထိုသို့ပြောင်းလဲမှုများကို ကျနော်တို့အားလုံး အကောင်းမြင်တရားဖြင့်
ကြိုဆိုပံ့ပိုးရမည် ဖြစ်ပြီး လမ်းကြောင်းမှန်ပေါ်မှာ သွေဖယ်မသွားစေရေးအတွက်
ထိန်းထိန်းသိမ်းသိမ်းဖြင့် ဝိုင်းရံပေးရန် တာဝန်ရှိ သည်ဟု ယူဆမိပါသည်။
စစ်အာဏာရှင်
စနစ်ဆိုး၏ ဆိုးယုတ်မှုများကို ကျနော်တို့ ခါးသီးစွာခံစားခဲ့ကြရသည်။
ပေးဆပ်ခဲ့ရသူတွေ ကလည်း ဘဝတွေပျက် ခန္ဓာတွေပျက်နှင့် မပြီးဆုံးသေးသော ခရီးကို
လျှောက်လှမ်းနေကြရဆဲ ဖြစ်သည်။ စစ်အစိုးရကိုတော့ အလုံးစုံ ယုံကြည်မှုမရှိပါ။
အခြေအနေတို့ကိုစောင့်ကြည့်ရင်း ပင့်သက်ရှိုက်နေရမြဲ ဖြစ်သလို အဆိုးထဲမှ
ကောင်းကွက်ကလေးများကိုလည်း ချီးကျူးထိုက်က ချီးကျူးရန်တာဝန်ရှိပါသည်။
ကိုယ်နှင့်မတူ ကိုယ့်ရန်သူဟု နေရာတကာ သဘောထားနေပါက တိုင်းပြည်အနာဂတ်မှာ
ဘယ်တော့မှ စနစ်ဆိုးအောက်မှ ရုန်းထွက်နိုင်မည် မဟုတ်သလို
အနာဂတ်မျိုးဆက်သစ်တို့ဘဝ ပို၍ ဆိုးဝါးသွားနိုင်ပါသည်။
မျိုးဆက်သစ်တို့ကို
စနစ်ဆိုး၏ အမွေ မချန်ထားရစ်ရေးမှာ အစိုးရနှင့်အတိုက်အခံ
နှစ်ဘက်လုံးတာဝန်ရှိပါသည်။ အမုန်းတရား အာဃာတတရားများကို ဥပေက္ခာပြုပြီး
ပူးပေါင်းဆောင်ရွက်ခြင်းမှာ တိုင်းပြည်အတွက် အကောင်းဆုံးဖြစ်မည်ဟု
ယုံကြည်မိပါသည်။
သီးလေးသီး ပျက်လုံးထဲတွင် အလိုမကျသော စကားလုံးမှာ
“လွှတ်တော်ထဲသို့ ဦးနှောက်မရှိလည်း သွားလို့ရ တယ်” ဟူသော
စကားရပ်ပင်ဖြစ်ပါသည်။ အလွန်တာသွားသော စကားလုံးဖြစ်သည်ဟု ခံစားမိပါသည်။
အရပ်စကား ဇာတ်စကားကို နားလည်ပေးနိုင်ပါသည်။ တိုင်းပြည်နှင့် လူမျိုးအတွက်
အခွင့်အရေးရလျှင် ရသလို အတိုက်အခံပြုနေသော ဦးသိန်းညွန့်၊
ဒေါက်တာမြတ်ညာဏစိုး၊ ဒေါက်တာညိုညိုသင်း၊ ဒေါက်တာအေးမောင်၊ ဦးရဲထွန်း စသည့်
ပုဂ္ဂိုလ်များအပြင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အင်တိုက်အားတိုက်
ပြုလုပ်နေသူများ ၏ မေတ္တာစေတနာကို တန်ဘိုးမဲ့စေရာရောက်နေသည်ဟု
ထင်မြင်မိပါသည်။
လူတိုင်းတွင် လူ့အခွင့်အရေးဟူသော ဆိုင်းဘုတ်ကို
ကိုင်စွဲခွင့်ရှိပါသည်။ မိမိအခွင့်အရေးကို ထိပါးလာလျှင် ရရာ နည်းဖြင့်
တိုက်ပွဲဝင်တတ်ပါသည်။ မိမိအခွင့်အရေးကို မိမိလေးစားရမည်ဖြစ်သလို သူတပါး၏
အခွင့်အရေးကို လည်း ကိုယ်ကလေးစားမှ ပွင့်လင်းလွတ်လပ်သော
လူ့အဖွဲ့အစည်းတခုကို တည်ထောင်နိုင်မည် ဖြစ်ပါသည်။
ဤစာစုမှာ
အငြိမ့်ဝါသနာအိုးတဦးအနေဖြင့် မိမိရင်ထဲခံစားထိရှမှုကို
ဖော်ပြရေးသားလိုက်ခြင်းသာဖြစ်ပြီး မည်သူ့ကိုမျှ ထိခိုက်နစ်နာစေလိုသော
ရည်ရွယ်ချက်မရှိပါ။
မျှဝေခံစား နိုင်ကြပါစေ..။
အုပ်ကြီးဖေ
၁-၂-၂၀၁၂
No comments:
Post a Comment