“စိတ်အလျဉ်သာ
မပျောက်ပျက်တတ်လို့ ကုန်ချေသည်ဆိုလျှင် အုံ့မှိုင်းတွေဝေ၍ မြူသာထွေသော
သည်အရပ်မှာ မနေနှင့်။ အဝေးသို့ ပျံပါချေ။ တွယ်ငြိချင်လျှင် နာကျင်တတ်သော
ရုပ်ကို မရှာလေနှင့်။ အာရုံကို နားမလည်သည့် စိမ်းမြသော အကြောရှိသည့်
သစ်ပင်ပန်းရွက်၌သာ နားခိုပါချေ။” တဲ့။
အဲဒါ
ဆရာမကြီးကြည်အေးရဲ့ “တမ်းတတတ်သည်” ၀တ္ထုထဲက စကားလုံးကလေးတွေပါ။
စိုစွတ်စေလိုသူတို့ကိုသာ စွတ်စိုစေသော ပေါက္ခရ၀ဿမိုးဆိုတာလိုပဲ
အတူတူဖတ်မိတဲ့ လူချင်းအတူတူတောင်မှ ကိုယ့်ခံစားချက်နဲ့
တိုက်ဆိုင်တဲ့သူတွေကိုသာ တရုတ်သိုင်းဝတ္ထုထဲက လက်နက်ပုန်းများသဖွယ်
နင့်နင့်နဲနဲ စူးနစ်သွားအောင် ရေးတတ်ပါပေတယ်။ အဲဒါမျိုးဖတ်လိုက်ပြီး
ဘာမှဆက်မတွေးနိုင်တော့ပဲ အတွင်းဒဏ်ရာရသွားတဲ့ သိုင်းသမားများအတိုင်း
ချောင်တစ်ချောင်မှာ ငိုင်ငိုင်လေးဖြစ်သွားရတဲ့ အရသာ။
သီချင်းကလေး
တပိုင်းတစကိုပဲ ဓါတ်ပြားများ အပ်ကြောင်းထပ်သလို အထပ်ထပ်အခါခါ
ကြားယောင်မိတဲ့ ခံစားချက်ကလေးတွေဟာ “သားတို့နားမလည်၊ မြေးတို့နားမလည်။
သူငယ်ပြန်တယ် ထင်လည်းထင်” ဆိုတဲ့ အသက်ကြီးပြင်း အိုမင်းလာခြင်းရဲ့
လက္ခဏာတစ်ရပ်များလား မပြောတတ်ပါဘူး။ ကျောကုန်းပေါ် ထန်းသီးကြွေကျတာတောင်
“အောင်မယ်လေး … သွားလေသူ ကိုအ၀ှာ့ လက်သံကလေးနဲ့ တူလိုက်လေခြင်း” ဆိုပြီး
စောဘွဲ့မှူးအမှတ်တရလုပ်တဲ့ မုဆိုးမများလို ဘာအကြောင်းလေးပဲ
တိုက်ဆိုင်တိုက်ဆိုင်၊ သိခဲ့ ကျွမ်းခဲ့ ခင်မင်ခဲ့တဲ့သူတွေကို
ပြန်ပြန်အောင့်မေ့ပြီး သတိတွေရနေတာ လွန်များ လွန်လွန်းနေသလားလို့။
ထမင်းစားမကောင်းတော့လည်း ဘူတန်မှာ နေ့တိုင်းသောက်ခဲ့တဲ့
ခေါက်ဆွဲပြုတ်ကလေးကို သတိရ။ ဟိုလူ့သတိရ၊ သည်လူ့သတိရ။
ချမ်းလို့စောင်ခြုံကွေးနေတဲ့အခိုက်လည်း လောက်ကိုင်မှာတုန်းက
ကော်ဖီခွက်ကလေးနဲ့ စောင်ခြုံကြားထဲက တရုတ်ကားလေးတွေ ကြည့်တာ သတိရ၊
ဟိုလူ့တမ်းတ၊ သည်လူ့တမ်းတ။ စိတ်အစဉ်များဟာ ကန်စွန်းနွယ်လေးများလို တယ်လည်း
တွယ်ငြိတတ်လွန်းသကိုး။
အခုဆို အမ်းသက်ကလေးကလည်း
တစ်နှစ်ပြည့်ခဲ့ပြီဆိုတော့ နောက်ဆိုရင် အမ်းကိုလွမ်းတယ် အမ်းကိုလွမ်းတယ်
ဆို ငိုနေမစိုးလို့ နေပူတော်က ဘဘကြီးများက အမုန်းဆွဲထားခိုင်းဦးမလားပဲ။
သည်လိုအရပ်မျိုးလာတဲ့ဆရာဝန်များကိုက လွန်လွန်လွန်းပါသလေ။
ရောက်တုန်းရောက်ခိုက် နေလိုက်ပါတော့လား။ တစ်သက်လုံး။ နောက်လူလွှတ်ရင်
နေချင်မှနေမယ့်ဟာ။ တခြားဆရာဝန်တွေပို့ရင် အလုပ်ထွက်ကုန်ကြတော့ နိုင်ငံတော်
မနစ်နာပါလား။ ခုတော့ သူတို့က တစ်နှစ်ကျော်ကျော် နှစ်နှစ်စွန်းစွန်းဆို
ဖင်ဝမီးနဲ့မြှိုက်ထားတဲ့အတိုင်း အထိုင်ကို မကျတော့ဘူး။ တစ်လတစ်ခါ
ပြောင်းခွင့်လျှောက်လွှာတင်ကြတယ်။ သခွပ်ပင်က မီးတကျီကျီ။ စာရွက်ကကုန်ပါဘိ။
သူများတကာတွေ မူဆယ်၊ လားရှိုး၊ တာချီလိတ်၊ ကော့သောင်လောက်ကျနေရင်
ပင်စင်သာယူရော။ ဘယ်တုန်းက ပြောင်းချင်တယ် ပူဆာကြလို့လဲ။ ကိုယ့်အဖို့ကတော့
ထားရင်လည်း နေပါမယ်။ စေရင်လည်း သွားပါမယ်။ ဘယ်နေရာကို ပို့ပေးပါလို့တော့
နားပူနားဆာ မလုပ်ချင်ပါဘူး။ ရေစက်ပါတဲ့ရွာကို ရောက်ရမှာပေါ့။
ရောက်တဲ့အရပ်မှာ တခါဆက်ပြီး ကန်စွန်းနွယ်က အလွမ်းသယ်ဦးမှာပေါ့။
ဟိုနေရာရောက်ပြန်ရင်း ဟိုလူတွေနဲ့ ခင်ပြန်ရင်း၊ ကျွမ်းပြန်ရင်း၊
လွမ်းပြန်ရင်း။ သည်နေရာရောက်သွားရင်း သည်လူတွေနဲ့ ခင်ပြန်ရင်း၊
ကျွမ်းပြန်ရင်း၊ လွမ်းပြန်ရင်းဆိုတော့ အစိမ်းလိုက်ဝါးစားချင်ပြီး
“ပြန်မလာခဲ့နဲ့။ အဲသည်မှာပဲ သေလိုက်ပါတော့လား” လို့ မေတ္တာပို့မယ့်သူ
နှစ်ယောက်တော့ ရှိသဗျ။ ချစ်သမီးလေးနဲ့ သူ့မေမေလေ။ မယ်တော်မာယာ
နတ်ပြည်ကစေလိုက်တဲ့ သ၀ဏ်လွှာ ဆုံးသာသွားရော သုဒ္ဓောလည်း တစ်လုံးမှ
မပါဘူးရယ်လို့ ရွှေမန်းတင်မောင်ကြီး ငိုချင်းချသလိုပဲ ရောက်လေရာအရပ်မှာ
လူတကာနဲ့ အလွမ်းသင့်နေသူတစ်ယောက် သူတို့ကိုမှ သတိရပါလေစလို့ သံသယတွေ
တော်တော် ခိုင်မာနေလောက်ပြီ ထင်ပါရဲ့။ ဒါနဲ့ပဲ အခု သုဒ္ဓော အမြှောက်တစ်သိန်း
ရေးလိုက်တယ်ဗျာ။ မျက်ရည်ငှက်များ နားစေသတည်း။
ပီယေဟိ
ဝိပ္ပယောကော ဒုက္ခောဆိုတာကို သမီးလေး စခံစားဖူးတာကတော့ သူငယ်တန်းနှစ်မှာ
လောက်ကိုင်ကို ပြောင်းရတုန်းကပါ။ သူ့အဖေကိုယ်တိုင်တောင် တစ်ခါမှ
နယ်မထွက်ဖူးရှာတော့ ဘယ်လိုသွား ဘယ်လိုနေ၊ ဘယ်လိုစားရမှန်း ဘာမှမသိသေးပါဘူး။
ဒါပေမယ့်ကလေးက သူ့အဖေနဲ့ ခွဲရမှာစိုးလို့ ဘယ်သွားသွား လိုက်မယ်ဆိုပြီး
အမေတွေ အဖွားတွေနဲ့ ရန်ဖြစ်ပြီး အိမ်ပေါ်ကဆင်းလိုက်လာတယ်။ ချစ်၍ခေါ်မည်
လိုက်တော်မူခဲ့ မပြောင်းနွဲ့နဲ့ မလုပ်နိုင်တာကတော့ သူ့အဖေပါပဲ။
သူငယ်တန်းသမီးကလေး ပညာရေးထိခိုက်မှာစိုးလို့ ဆိုပြီး မခိုင်လုံတဲ့
အကြောင်းပြချက်နဲ့ အတင်းအိမ်ပြန်ပို့ရတော့ တော်တော်စိတ်နာသွားသလား
မပြောတတ်။ ဟုတ်ပါရဲ့လေ။ ၀လုံးကို လောက်ကိုင်မှာရေးရင် မ၀ိုင်းမှာမို့လား။
“နင့်အဖေကမှ နင့်ကို မခေါ်ချင်တာ မတွေ့ဘူးလား” ဆိုတဲ့စကားသံတွေကို
“ရှိပါစေတော့လေ။ စိတ်နာသွားတော့လည်း သိပ်မလွမ်းတော့ဘူးပေါ့” လို့
ဖြေလိုက်တာပါပဲ။ “မေ ငါ့အား ပိယေဟိ ချစ်ခင်နှစ်လိုအပ်ကုန်သော၊ မနာပေဟိ
စိတ်နှလုံးကို ပွားစေတတ်သော၊ အဆွေအမျိုး၊ အဆွေခင်ပွန်း၊
ချစ်ကျွမ်းဝင်သူတို့နှင့် နာနာဘာဝေါ အရပ်တပါးသို့ ကူးပြောင်းသွားသဖြင့်
ရှင်ကွဲကွဲရခြင်းသည်လည်းကောင်း၊ ၀ိနာဘာဝေါ ဘ၀တပါးသို့ ကူးပြောင်းသွားသဖြင့်
သေကွဲကွဲရခြင်းသည်လည်းကောင်း အံမှီ ဖြစ်တတ်ချေ၏။” ဆိုတဲ့ အဘိဏှသုတ်
မြန်မာပြန်ကလေးကို သင်ပေးပြီး “အဖေ့ကို အောင့်မေ့ရင် အဲဒါလေးရွတ်ပေါ့” လို့
ဆိုတော့ “ရွတ်တာပဲ။ ဒါပေမယ့် အောင့်မေ့တာပါပဲ” တဲ့။
နောက်တော့လည်း သူ့အဖေ အိမ်ပြန်လာဖို့ ကျိန်စင်္ကြာရိုက်တဲ့အတတ်ကို
တတ်သွားပါတော့တယ်။ နေမကောင်းဘူး။ ဆေးရုံတက်ရတယ် ဆိုရင် အိမ်ကလူကြီးတွေ
စိတ်ညစ်သလောက် သူကတော့ အဖေပြန်လာရတော့မယ် ဆို ပျော်နေရော။
ကျောင်းပိတ်ရက်မှာ သူ့အမေနဲ့ လိုက်လည်ဖူးပါတယ်။ ဒါပေမယ့် ဟိုမှာ သူဘယ်လိုမှ
မပျော်နိုင်ဘူး။ အိပ်ခန်းကျဉ်းကျဉ်းကလေးထဲက ကုတင်စုတ်စုတ်ကလေးပေါ်မှာ
ငုတ်တုတ်ကလေးထိုင်ပြီး တရုတ်လိုင်းက တီဗီတွေကြည့်၊ ထမင်းစားချိန်ရောက်ရင်
စားနေကျမဟုတ်တဲ့ အစားအသောက်တွေ ကျိတ်မှတ်စား၊ တစ်ပါတ်နဲ့ ပြန်ပြေးရော။
“ရန်ကုန်ကပဲ စောင့်တော့မယ်” တဲ့။ သူက သူ့အဖေပြန်လာမယ်ဆိုတာကို ယုံသလိုပဲ
သူ့အဖေကလည်း “တစ်နှစ်ပြည့်တော့ ပြန်ပြောင်းပေးမှာပေါ့” ဆိုတ့
လူကြီးစကားတွေကို ယုံယုံကြည်ကြည်နဲ့ ထိုင်စောင့်နေလိုက်တာ။
သည်နွေမိုးဆောင်းပြောင်းသော်လည်းက နှစ်ခါကနေ သုံးခါတောင်ရောက်ချင်ချင်
ဖြစ်လာတယ်။ ကတိပေးထားတဲ့ လူကြီးမင်းတွေ သုံးဆက်ပြောင်းသွားတယ်။ ကိုယ်ကတော့
တုတ်တုတ်မှ မလှုပ်ဘူး။ နေသားကျတာလည်း မှန်ပါရဲ့။ ပျော်အောင်နေနေတာလည်း
မှန်ပါရဲ့။ ဒါပေမယ့် ကိုယ့်ကုသိုလ်ကံဟာ အိမ်ကိုပြန်ဖို့
အချိန်မတန်သေးတဲ့အခါ အရွဲ့တိုက်ပြီး “ဒီ့ထက်ပိုဝေးတဲ့နေရာသွားမယ်ကွာ” ဆို
ဘူတန်ကိုသွားဖို့ လျှောက်ထည့်လိုက်ပါတယ်။
နိုင်ငံခြားထွက်ဖို့ ဇာတာပါတဲ့သူဟာ ပြည်တွင်းမှာ ဘယ်လိုမှနေလို့ထိုင်လို့
အဆင်မချောဘူးဆိုတာ ဟုတ်မယ်ထင်ပါတယ်။ ရောက်သွားလိုက်တာ ရှောရှောရှူရှူပဲ။
သူများတကာလို လေကိုဆန်လို့ ပျံစို့လား မလုပ်နိုင်တဲ့ဘ၀မို့
လှိုင်း၏သယ်ဆောင်ရာ ဟိုးအဝေးကို လွင့်ရပြန်တာပေါ့။ သည်တခါမှာလည်း သူက
လိုက်ဦးမှာတဲ့။ “နေသားကျတော့ ဗီဇာလျှောက်ပြီး ခေါ်လိုက်မှာပေါ့ သမီးရယ်”
ဆို ပုံပြောရပြန်တယ်။ သူများနိုင်ငံမှာတောင်မှ ကိုယ်ရောက်တဲ့မြို့က
ဒုတိယအဝေးဆုံးလောက်ရှိတယ်။ မြို့တော်ကနေသွားရင် နှစ်ရက်ခရီး။ အတူတူကျတဲ့
မေ့ဆေးဆရာဝန်လေးဆို မသွားနိုင်ပါဘူး မျက်ရည်ပေါက်ပေါက်ကျလာလို့
ပြန်ပြောင်းပေးလိုက်ကြတယ်။ (သူတို့လူကြီးတွေများ အဲသလောက်ကို သဘောကောင်းတာ)
ရောက်ရောက်ချင်း တစ်လ နှစ်လလောက်အတွင်းမှာ ပေါင်နှစ်ဆယ်လောက်ကျသွားတယ်။
သူတို့အစားအသောက်တွေ ကိုယ်စားလို့မရဘူး။ နေ့စဉ်နေ့တိုင်း
ခေါက်ဆွဲပြုတ်စားတဲ့သူ မမြင်ဖူးရင် ကြည့်ထားလိုက်။ အဲလိုဆိုတော့
သည်အဖေနဲ့သည်သမီးဟာ တစ်နှစ်စာတော့ မဖြစ်မနေ ဝေးကိုဝေးနေရတာပေါ့။
တစ်နှစ်ပြည့်လို့ ခွင့်ပြန်တဲ့အခါ လိုက်ရကောင်းနိုးနိုး။
နေရောနေနိုင်ပါ့မလား ချီတုံချတုံနဲ့ သားအမိနှစ်ယောက် ဘန်ကောက်အထိ
ပါလာပါတယ်။ တစ်ပါတ်ဆယ်ရက်လောက် လိုက်လည်ပြီး ဟိုဘက်မှာ ကားနှစ်ရက်စီးရမှာ
ကြောက်လို့ မလိုက်ဖြစ်တော့ဘူး။ လောက်ကိုင်မှာကတည်းက သူ့အဖေပြန်ရင်
ငိုလို့မဆုံးတဲ့ကလေးဟာ ပြန်ရမယ့်ရက်နီးလာတိုင်း လည်ရင်းပတ်ရင်း
ငိုင်ငိုင်သွားတာ သတိထားမိပါတယ်။ ကစားကွင်းကြီးတွေမှာ၊ ပျော်ရွှင်စရာ
ကမ္ဘာငယ်လေးတွေထဲမှာ သူ့သမီး ဘာကိုတကယ်တမ်း မက်မောသလဲဆိုတာကို အကဲခတ်မိတဲ့
သူ့အဖေအဖို့လည်း စိတ်မကောင်းဖြစ်ရတာပေါ့။ ဒါနဲ့ပဲ ၂၄ နာရီ
အင်တာနက်ရှိတဲ့အရပ်ပဲလေ။ “တနေကုန် သမီးတွေ့ချင်တဲ့ အချိန်လာခဲ့။ အဖေနဲ့
စကားပြောလို့ရတယ်။” ဆို သင်ပေးလိုက်ပြီး ကလေးကို ဂျီမေးတွေ ဖေ့စ်ဘုတ်တွေ
အကောင့်ဖွင့်ပေးလိုက်ပါတယ်။ ခက်တာက အဲဒီသားအဖဟာ ဖုန်းပြောရင်တောင် “သမီးလေး
နေကောင်းလား။ ထမင်းစားပြီးပြီလား။ ဘာဟင်းနဲ့စားလဲ။” လို့ ပြောပြီးရင်
ထွေလီကာလီ ဆက်မပြောတတ်ကြတော့ဘူး။ သမီးဆီက “အင်း” တစ်လုံးရဖို့ မေးခွန်းတွေ
အပ်ကြောင်းထပ်ရတယ်။ အိမ်မှာရှိနေကြရင်လည်း ဖအေနောက်က ပုဆိုးစဆွဲပြီး
တကောက်ကောက် လိုက်မနေတော့တာ ကြာပါပြီ။ (ငယ်ငယ်ကတော့ သူ့အဖေ အိမ်သာတက်ရင်
ရေချိုးရင် တံခါးဝက ရပ်စောင့်တာ) ဘာသိဘာသာပဲနေပေမယ့် အိမ်မှာ
အဖေရှိနေတယ်ဆိုတဲ့ စိတ်လုံခြုံမှုကိုပဲ လိုချင်တာလား မသိ။ အဖွားတုန်းကလည်း
တရေးနိုး အိပ်ယာဘေးထစမ်းရင် သူ့မြေးရှိနေမှ စိတ်ချလက်ချ အိပ်ပျော်သတဲ့။
တနေ့မှာတော့ နှမသယ် သူ့အဒေါ်က “သမီး ဖေဖေနဲ့ စကားပြောချင် လာ” ဆိုပြီး
အင်တာနက်ဆိုင်ခေါ်သွားတော့ သမီးက ကင်မရာကို ငိုင်ငိုင်ကြီးကြည့်နေပြိး
ဘာစကားတစ်ခွန်းမှ မပြောဘူး။ သူများတွေကသာ ဟိုလိုပြောလိုက် သည်လိုပြောလိုက်
ဝင်ပြောပေးနေတာ။ သူ့ဆီက စကားတစ်လုံးမှ မထွက်ပဲ စိုက်ကြည့်နေတယ်။
နောက်တစ်ပါတ်လောက်နေတော့ သူ့မှာရောဂါစတော့တာပဲ။ အဖေ့ဆီလိုက်သွားမယ်။
အမေပို့နိုင်ရင်ပို့၊ မပို့နိုင်ရင် အဒေါ်တွေ အဖွားတွေပို့။ သူကတော့
သွားကိုသွားမှာ ဖြစ်ရော။ သူ့အဖေကို ဘန်ကောက်ထိ လာခေါ်ခိုင်းတယ်။ ခက်တာက
ဘန်ကောက်မှာ လေဆိပ်ပိတ်ထားတဲ့အချိန်၊ သိဃိုလ်ပြည်ကြီးက မီးလောင်လို့
ကောင်းတုန်း။ နောက်ဆုံးတော့ “နင့်အဖေက ဟိုမှာ ကုလားမကြီးနောက် ပါသွားပြီ။
ပြန်မလာတော့ဘူး။” ဇာတ်ကားရိုက်လိုက်ကြတော့တယ်။ သည်အခါမှာ သမီးက သူ့အဖေကို
ဘာစကားတစ်ခွန်းမှ မပြောနဲ့။ သူမေးတာပဲ ဖြေ။ “အခုချက်ချင်း ပြန်လာမှာလား။
မလာဘူးလား။” သူ့ဘက်က နိုင်ကွက်ကတော့ သူ့အဖေပြန်မလာသရွေ့ သူ့ကို
ကျောင်းတက်ဖို့ လုံးဝ လာမပြောနဲ့။
လူကြီးတွေဟာ ကလေးတွေကို
ငါတို့ပြောသမျှ ယုံရတာဆိုပြီး အခါခါ လိမ်ကြညာကြ၊ လွယ်လွယ်နဲ့ ကတိတွေ
ပေးကြတာ ဘာဖြစ်တတ်သလဲ သိလား။ မုသားဆိုတာမှာလည်း အဆိပ်တက်တတ်ပါတယ်။
ကောင်းစေချင်လို့ ညာပြောတာပဲ ဖြစ်ဖြစ်၊ ခံစားရမှာ ကို မကြည့်ရက်လို့
ညာပြောတာပဲ ဖြစ်ဖြစ်၊ ဘယ်လိုအကြောင်းမျိုးနဲ့ပဲ ညာပြောပြော၊
အဖြူရောင်မုသားမှာ စေတနာတွေနဲ့မို့ အဆိပ်မသင့်ဘူးလို့ မထင်ပါနဲ့။
စေတနာမှာကိုက လွန်ကဲသွားရင် ဝေဒနာလို့ခေါ်တဲ့ အဆိပ်ဖြစ်သွားရော။
ကလေးကျောင်းတွေပျက်တိုင်း၊ စာမေးပွဲဖြေစရာရှိတိုင်း သူ့အဖေက
ဖုန်းနဲ့လှမ်းလှမ်းဆက်ရတာ “သမီးရေ.. အဖေအခု ပြန်လာနေပြီ။
စာမေးပွဲဖြေပြီးရင် လေဆိပ်မှာ လာကြိုလှည့်”။ တစ်ခါလည်း မဟုတ်၊
နှစ်ခါလည်းမဟုတ်။ သမီးတစ်ယောက်လုံးမွေးထားပြီး ဘာတစ်ခုမှ တာဝန်မယူချင်တဲ့
အဖေတစ်ယောက်ဟာ ကလေးရှေ့ရေးအတွက် မုသားလေး ခနခနပြောပေးရတာ ဘာဝန်လေးစရာရှိသလဲ
ဟုတ်ဘူးလား။ နောက်ပိတ်ဆုံး သူ့အဖေကြီး အရှင်လတ်လတ် နောက်ကျောတည့်တည့်
ရောက်လာတာတောင် သမီးက လှည့်မကြည့်တော့ဘူး။ စကားလည်း မပြောတော့ဘူး။ ထမင်းကို
ကွန်ပြူတာရှေ့မှာပဲ မျက်နှာမလွှဲစတမ်း စားတယ်။ အိမ်သာထက်ချိန်ကလွဲလို့
အချိန်ပြည့် ဂိမ်းကစားနေတာ။ ညတောင် မအိပ်ဘူး။ အိပ်ချင်လွန်းလို့
မျက်လုံးတွေ တွတ်တွတ်နီလာရင်လည်း လမ်းထလျှောက်လိုက်၊
ကာတွန်းစာအုပ်ဖတ်လိုက်နဲ့ မနက်ရောင်နီမလာမချင်း မအိပ်တော့ဘူး။
ကျောင်းတက်ချိန်ရောက်မှ စိတ်ချလက်ချ တနေကုန်အိပ်တော့တယ်။
နို့မို့ချော့မော့ပြီး ကျောင်းပို့နေမစိုးလို့။ ကျောင်းတက်စေချင်သလား
အခုချက်ချင်း အလုပ်ထွက်စာတင်လိုက်။
သမီးစိတ်ထဲမှာ ရှိတာက
သူ့အဖေဟာ အင်မတန် အလုပ်မက်သူကြီး။ ရောက်ရာအရပ်မှာ တွေ့ကရာလူတွေနဲ့
ပျော်တတ်ပါးတတ်သူကြီး။ မိသားစုတာဝန်ဆိုတာကို ဘယ်တုန်းကမှ
ခေါင်းထဲထည့်မထားသူကြီး။ အကြီးဆုံးပုဒ်မကတော့ သူ့ကို ဘယ်သောအခါမှ
သတိမရသူကြီးပေါ့။ အမြဲတမ်း မုသားစကားတွေနဲ့ လှည့်စားတတ်သူကြီး လို့လည်း
ထင်ချင်ထင်လိမ့်မယ်။ ငယ်ငယ်ကလေးကတည်းက သူ့အဖေနဲ့ အတူရှိခဲ့တဲ့ အချိန်တွေကို
စဉ်းစားမိရင် နာကျင်ရလွန်းလို့ မေ့ပစ်ချင်နေမလားပဲ။ သူများတကာတွေ
ရန်ကုန်ကို ပြန်ပြောင်းရအောင် ဘယ်လိုလုပ်ရတယ်ဆိုတာ ကလေးတောင် သိလျက်သားနဲ့
မသိချင်ယောင်ဆောင်နေတာ ပြန်မလာချင်လို့နေမှာပေါ့ လို့
တထစ်ချတွေးထားပုံရတယ်။ သူ့အဖေဘက်မှာ ဘယ်လိုရှိမလဲဆိုတာ မတွေးတတ်သေးပဲကိုး။
တနေ့နေ့တော့ တွေးတတ်လာမှာ သေချာပါတယ်။ နားလည်လာမှာလည်း သေချာပါတယ်။
ဒါပေမယ့် အဲသည်တနေ့နေ့ဆိုတာ ရောက်ကို ရောက်မလာစေချင်တာ သူ့အဖေရဲ့ ဆန္ဒပါ။
အဲသလိုဆိုရင် အသစ်တဖန် ပြန်လည် နာကျင်ခံစားရရှာဦးမှာ မဟုတ်လား။ အခု
သူ့ဘက်က တစ်ခါ နာခဲ့ပြီးပြီ။ သူ့အဖေဘက်က ကိုယ်ချင်းစာပြီး နောက်တခါ
မနာကျင်စေချင်ပါဘူး။ ဒဏ်ရာဆိုတာလည်း မကောင်းဘူး။ နောင်တဆိုတာလည်း
မကောင်းဘူး။ ကုန်လွန်ခဲ့တဲ့ ကာလတွေမှာ မငြိမတွယ်ပဲ လွတ်လပ်ပေါ့ပါးစွာ
လမ်းဖြောင့်ဖြောင့် လျှောက်သွားတာ ကောင်းမယ် ထင်ပါတယ်။ သမီးဖတ်နေတဲ့
ပုံပြင်ထဲမှာလို “ပျော်ရွှင်စွာ နေထိုင်သွားကြလေသတည်း” လို့
ဇာတ်မသိမ်းနိုင်တဲ့ လူ့ဘ၀မှာ ဆက်ရန်တွေက ရှိသေးသည်လေ။ ဘူတန်ကပြန်လာပြီး
အမ်းကို ရောက်ရပြန်တယ်။ နောက်ထပ် ဘယ်ရောက်ရဦးမယ်ဆိုတာ မပြောနိုင်သေးဘူး။
အဖေဆိုတာ တွယ်တာတဲ့စိတ်တွေ နည်းပါးသွားတဲ့ တနေ့ကျရင်
နောက်ထပ်ယုံကြည်တွယ်တာစရာလူ တစ်ယောက်ယောက်နဲ့ တွေ့ကြုံလာရဦးမှာပေါ့။
မှာချင်ပါတယ်။
“စိတ်အလျဉ်သာ မပျောက်ပျက်တတ်လို့ ကုန်ချေသည်ဆိုလျှင်
အုံ့မှိုင်းတွေဝေ၍ မြူသာထွေသော သည်အရပ်မှာ မနေနှင့်။ အဝေးသို့ ပျံပါချေ။
တွယ်ငြိချင်လျှင် နာကျင်တတ်သော ရုပ်ကို မရှာလေနှင့်။ အာရုံကို နားမလည်သည့်
စိမ်းမြသော အကြောရှိသည့် သစ်ပင်ပန်းရွက်၌သာ နားခိုပါချေ။” လို့။
No comments:
Post a Comment