ရှေ့တန်းစစ်မြေပြင်ရောက် ရဲဘော်များဘဝ...
“အရိပ်တောင်ပြောင်၊
သဏ္ဌာန်ဆောင်၍၊ နောက်ခံမိုးသား၊ အရိပ်များဖြင့်၊ လှုပ်ရှားသွားလာ ပုံဖျက်ပါ”
ဟူသော ပုံဖျက်ခြင်း လင်္ကာကို အမြဲလက်ကိုင်ထားပြီး တတောဝင် တတောင်တက်ဖြင့်
မမောမပန်း ချီတက်နေကြ ရသည်။ ပူပြင်းခြောက်သွေ့လွန်းသော မတ်လ အပူရှိန်ကို
ဂရုမစိုက်နိုင်။ မိမိတို့ ရည်မှန်းချက်ပန်းတိုင်ရောက်ရှိ ရေးအတွက်
ခရီးပြင်းနှင်နေရသည်။ နယ်မြေစိုးမိုးရေးအတွက် နွေ၊မိုး၊ဆောင်း
ဥတုသုံးပါးလုံးကို ဥပေက္ခာပြုပြီး ချီတက်ရဆဲ ချီတက်ရမြဲ ဖြစ်ပေသည်။
နယ်မြေလုံခြုံရေးနှင့်
ရန်သူ့တပ် လှုပ်ရှားမှုတို့ကို လုံခြုံရေးသတိ အမြဲလက်ကိုင်ထားပြီး သွားသတိ၊
စားသတိ၊ မိုင်းသတိ၊ သတိ...သတိ...သတိပေါင်းများစွာ ရင်ဝယ်ပိုက်လျှက်
မိမိတို့ ရဲဘော်များမှာလည်း ကြမ်းတမ်းသော ခရီးလမ်းကို ဝန်စည်အပြည့်ဖြင့်
သွားလာလှုပ်ရှားရသည်။
ရဲဘော်တဦးလျှင် ဆန်ဗူး(၃၀) ဆန့် ဆန်ကြိုးတကြိုး၊
သေနတ်၊ ကျည် ၂၆၀၊ ဟင်းချက်စရာ အမယ်စုံ၊ ဟန်းကော၊ ရေဘူး၊ ဓားမြှောင်၊
ယူနီဖောင်းအပိုတစုံ၊ အရပ်ဝတ်တစုံ၊ မိုးကာ၊ စောင်ပါးတထည်နှင့် လိုအပ်သော
အသုံးအဆောင်တချို့ကိုပါ ကျောပိုးရင်း ချီတက်ရ သည်မှာ လွယ်ကူသော
အလုပ်မဟုတ်ပေ။
ယခုလည်း ရွာဟောင်းတွင် ရန်သူစခန်းလာထိုင်သည်ဟု
သတင်းရသောကြောင့် ရန်သူ့လှုပ်ရှားမှု အခြေအနေ ကိုလေ့လာ အကဲခတ်နိုင်ရန်အတွက်
ချီတက်လာခဲ့ကြခြင်း ဖြစ်သည်။ ကျနော်တို့ ရဲဘော်အားလုံးထဲတွင် ရွာသားတဦးသာ
ပါလာသည်။ သူ့မွေးရပ်မြေ ဇာတိရွာအခြေအနေကို ပြန်လည်ကြည့်ရှုရန်အတွက်
ခွင့်တောင်း ပြီး ရဲဘော်များနှင့်အတူ လိုက်လာခြင်းဖြစ်သည်။ လိုအပ်သော
အသုံးအဆောင်တို့ကို ကူသယ်ရင်း ချက်ပြုတ် ကျွေးမွေးသူလည်း ဖြစ်သည်။
နေဝင်ဆည်းဆာ အချိန်ရောက်သောအခါ တပ်စခန်း ခေတ္တချပြီး ကင်းရှည်၊
ကင်းတိုထုတ်ကာ ချက်ပြုတ်စားသောက် အိပ်စက်ရန်ပြင်ဆင်ကြတော့သည်။
ရဲဘော်များမှာ ပြောစရာမလို ရေခပ်သူခပ်၊ ထင်းရှာသူရှာ ဟန်းကောဖြင့်
ထမင်းအိုးတည်ကြသူနှင့် အိပ်စက်ရန်အတွက် သစ်ကိုင်းမှ သစ်ရွက် များကို
ခြွေချပြီး သစ်ရွက်ပေါ် မိုးကာခင်း၍ အိပ်စက်ရန်အသင့်ပြုလုပ်သူနှင့်
သူ့နေရာနှင့်သူ ထောင့်စုံက အားလုံးတာဝန်ကျေစွာ ပြုလုပ်ထားသည်။
ထမင်းအိုး မီးထိုးနေသော ကေးရယ်နှင့်ကျနော် စကားတွေပြောဖြစ်ကြသည်။
ကေးရယ်က-
“နန်းမွန်းရွာဟောင်းမှာပဲ
ကျနော်တို့ ဘိုးဘွားမိဘတွေ ခေတ်အဆက်ဆက် တောင်ယာခုတ်ပြီး အသက်မွေး
ဝမ်းကျောင်းပြုလာတာ ကျနော်လူပျို ပေါက် ဖြစ်တဲ့အထိပါပဲ။ တောင်ယာကိုတော့
စုပေါင်းခုတ်ကြပြီး မီးရှို့ချိန်တန် မီးရှို့၊ မိုးဦးကျတာနဲ့ ယောက်ျား
လေးတွေက စူးထိုးပြီး မိန်ခလေးတွေကတော့ စူးထိုးထားတဲ့ တွင်းလေးထဲကို
စပါးစေ့လေးတွေ ပစ်ပစ်ထည့် ပေးရတယ်၊ စပါးရိတ်ချိန်ဆိုရင်တော့
အရမ်းပျော်ဖို့ကောင်း တယ်ဗျ။ ကောက်သစ်စားပွဲ ပြုလုပ်ကြတယ်။ နှစ်ချို့
ခေါင်ရည်ကို သောက်ပြီး ယောက်ျားလေးတွေကတော့ ရိုးရာ နပန်းပွဲတွေ
ပြုလုပ်ကြတယ်လေ။ ပျော်စရာဓလေ့ တွေနဲ့မို့ ကိုယ်ပိုင်ဆိုင်ရရှိခဲ့တဲ့
ဘဝလေးကိုပဲ ကျေနပ် နေမိတယ်။ ကျနော် ၁၆ နှစ်သားလောက်မှာတော့ ရွာထဲကို
ကံကြမ္မာဆိုးဝင်လာတယ်ဆိုရမလားပဲ။ ဘာလို့လဲ ဆိုတော့ ရန်သူတပ်တွေ ရွာနားကို
ချဉ်းကပ်ချီတက် လာတာနဲ့ အိမ်တွေ၊ တောင်ယာတွေ၊ စပါးကျီတွေနဲ့ အိမ်မွေး
တိရစ္ဆာန်အားလုံးကို ဒီအတိုင်းထားခဲ့ပြီး နယ်စပ် ဒုက္ခသည်စခန်းကို အသက်လုပြီး
ထွက်ပြေးကြရ တယ်။ ခုတော့ ဒုက္ခသည်စခန်းမှာနေရတာ မွန်းကျပ်လွန်းလို့
ပြီးတော့ ရွာလေးကိုလည်းသတိရတာနဲ့ ကျနော် လိုက်လာခဲ့မိတာပါ။”
“အေးလေ.. မင်းကလည်း ရွာသံယောဇဉ် မကုန်နိုင်ပါလားကွာ..အားလုံးအနားယူကြတော့၊ မနက်ဖန်ဆို ရွာဟောင်းကို ရောက်မှာပဲ..”
နောက်နေ့မနက်
ရွာဟောင်းသို့ရောက်ရှိသောအခါ ရန်သူ့တပ်စခန်း အခြေအနေ၊ ဝင်လမ်းထွက်လမ်း၊
စိုးမိုးကုန်း ပတ်ဝန်းကျင်ရှိ နယ်မြေအနေအထားတို့ကို
အသေးစိတ်မှတ်တမ်းတင်ပြီး နောက်သို့သတိကြီးစွာဖြင့် ပြန်လည်
ဆုတ်ခွာလာခဲ့ကြသည်။ နောက်တန်းစခန်းသို့ရောက်ရန် အချိန် လေးငါးနာရီသာ
လိုတော့သည်။
ပွိုင့်တပ်စိတ်နှင့် ကျနော်တို့မှာ တယောက်နှင့်တယောက်
ဝါးတပြန်ခန့်ကွာဝေးကြသည်။ ရဲဘော်တော်တော် များများ ကျော်သွားသော
လမ်းကြောင်းပေါ်သို့ ရွာသား ကေးရယ်အရောက် “ဝုန်း..” ဆိုသော အသံကြီးနှင့် အတူ
အားလုံးနေရာယူလိုက်ကြသည်။ ရန်သူနှင့် ပက်ပင်းတိုးပြီဟုထင်ကာ
ပတ်ဝန်းကျင်အနေအထားတို့ကို လေ့လာကြည့်သောအခါ မည်သို့မှထူးခြားမလာ။
နောက်သို့ ပြန်လှည့်ကြည့်လိုက်စဉ် ယမ်းခိုးများကြားထဲ ကေးရယ်မှာ
ဝါးပင်ကိုကိုင်ရင်း ကုန်းထရန်ကြိုးစားနေသည်ကို ရုတ်တရက် မြင်လိုက်ရသည်။
မည်သို့မှထ၍ မရ။ အဘယ်ကြောင့်ဆိုသော် သူ့ဘယ်ဘက်ခြေထောက်မှာ
မိုင်းဒဏ်ရာကြောင့် ကျိုးကြေနေသည်ကို တွေ့လိုက်ရသည်။
ကျနော်တို့
သူ့ထံပြေးသွားပြီး ဝိုင်းဝန်းပြုစုကြသည်။ သွေးတိတ်စေရန် အတွက် ပုဆိုးများ
ဖြင့် ဒဏ်ရာကို စည်းနှောင်ပြီး ထမ်း၍ပြန်ရန်ပြင်ဆင်ကြရတော့သည်။ သူက
သတ္တိအရာတွင် ခေသူတော့ မဟုတ်။ ဝေဒနာကို ကြိတ်မှိတ်ခံစားနေပုံရသည်။
သူ့ပါးစပ်မှလည်း “ဒီမိုင်းက ရန်သူ့မိုင်းဆိုရင် ခြေထောက် နှစ်ဘက်လုံးပြတ်
သွားမှာ၊ ဒါမဟုတ် တစစီဖြစ်ကုန်ပြီ။ ခြေထောက်ကတချောင်းတည်းပြတ်တာဆိုတော့
ဒီမိုင်းက ကျနော်......” “ကဲကဲ.. စကားသိပ်မပြောနဲ့၊ သွေးထွက်လွန်ရင်
ပိုပြီးဒုက္ခရောက်ကုန်မယ်။ မြန်မြန် ထမ်းကြ။ ရန်သူလည်းလိုက်လာနိုင်တယ်..” ဟု
စကားလမ်းကြောင်းပြောင်းကာ တပ်စခန်းရှိရာသို့ အသော့နှင် လာခဲ့တော့သည်။
သူ့ခြေတဘက်ကို ပြတ်စေခဲ့သော မိုင်း........ ။ ကျနော့်ရင်တွင်း၌ သိနေသလိုလို..။
အုပ်ကြီးဖေ
၂၈-၁-၂၀၁၂
No comments:
Post a Comment