“ကျနော်က လူငယ်ဆိုရင်သိပ်ပြီး လေးစားတာ။ လူငယ်တွေကိုပဲ အားကိုးရမယ်လေ။
ဒါကြောင့် လူငယ်ဆိုရင် ဘယ်သူ့ကို မဆို “ခင်ဗျား” “ကျနော်” ဆိုပြီး
လေးလေးစားစား ဆက်ဆံတယ်”
အထက်ပါစကားရပ်ကတော့
ကျနော်မေ့မရနိုင်သူတစ်ဦးဖြစ်တဲ့ လေထီး ဦးအုန်းမောင်ရဲ့ စကားတစ်ခွန်း
ဖြစ်ပါတယ်။ သူဟာ သူပြောခဲ့တဲ့ စကားအတိုင်းပဲ နိုင်ငံရေးမျိုးဆက် ၂ ဆက်လောက်
ကွာဟတယ်လို့ဆိုနိုင်တဲ့ ကျနော်တို့ကို ‘ခင်ဗျား’ ‘ကျနော်’ နဲ့ တလေးတစား
ဆက်ဆံလေ့ရှိပါတယ်။ သူ့ရဲ့ အဲဒီလို စိတ်ထားကောင်းတွေကြောင့်ပဲ သူ့ကို
ပိုမိုလေးစားခဲ့ကြရပါတယ်။
တကယ်တမ်း သူနဲ့ ကျနော်တို့ ဆုံတွေ့ခဲ့ချိန်များဟာ
သူ့ဘဝရဲ့ နောက်ဆုံးအချိန်တွေဖြစ်ပေမယ့် သူ့ရဲ့ အမြဲတမ်း
တက်ကြွရှင်သန်နေတဲ့ စိတ်ဓာတ်ကြောင့် သူနဲ့ အတွေ့နောက်ကျတယ်ဆိုတဲ့
အတွေးမျိုးတောင် စိတ်ထဲမှာ လုံးဝမဖြစ်ခဲ့မိပါဘူး။ သူက မြန်မာနိုင်ငံရဲ့
အရေးနဲ့ ပတ်သက်ရင် ကွယ်လွန်ချိန်အထိ စိတ်ဝင်တစား ပြောဆို
လုပ်ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။
တတိယအရွယ်ရဲ့
ဇရာပိုင်းရောက်နေပြီဖြစ်တဲ့ သူ့ထံက အတွေ့အကြုံတွေ၊ အသိအမြင်တွေကို
ကျနော်တို့က ဆည်းပူးချင်ကြသလို သူကလည်း ကျနော်တို့ကို သူသိသမျှ
ပြောပြချင်ပါတယ်။ ဒီလို ဆန္ဒတွေနဲ့ပဲ ကျနော်တို့တွေ အထိုက်အလျောက်
ဆုံတွေ့ဖြစ်ကြပါတယ်။ ကျနော်တို့က သူ့ကို “အဘ” လို့ ခေါ်ဝေါ်သုံးနှုန်းပေမယ့်
သူကတော့ သူ့ထုံးစံအတိုင်း နာမည်တွေရှေ့မှာ ‘ကို’ တပ်ပြီးခေါ်သလို ‘ခင်ဗျား’
‘ကျနော်’ ဆိုတဲ့ အသုံးအနှုန်းတွေကို သုံးရင်း စကားလက်ဆုံကျဖြစ်ခဲ့ကြပါတယ်။
“အဲဒီတုန်းကပေါ့ဗျာ
ကျနော့်ကို ဝိုင်းပြီး ထိုးကြကြိတ်ကြတာ မတရားပဲ။ ‘ဟေ့ ဗိုလ်အုန်းမောင်သား
စားကြမလားဟေ့’ လို့တောင် ပြောလိုက်သေးတယ်။ ပြီးတော့ ကျနော့်ကို
ပက်လက်လှန်ထားပြီး ရင်ဘတ်ပေါ် တစ်ယောက်ပြီးတစ်ယောက် တက်ခုန်ကြတယ်။ နံရိုး
သုံးချောင်းကျိုးတယ်ဆိုတာ အဲဒီတုန်းကပေါ့။ သူတို့ ဆက်တိုက်ခုန်ကြတော့
နောက်ပိုင်းမှာ နာတယ်ဆိုတဲ့ ခံစားမှုပါပျောက်သွားတယ်။ ဘယ်လိုထင်မိသလဲဆိုတော့
တကိုယ်လုံး အရိုးတွေပါ ပျော့ကျသွားပြီလို့တောင် ထင်မိတယ်”
ဒါကတော့ သူကိုယ်တိုင်ကြုံတွေ့ရင်ဆိုင်ခဲ့ရတဲ့ မြန်မာပြည်ရဲ့ လက်မရွံ့ထောင်
အတွေ့အကြုံတစ်ခု ဖြစ်ပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ ရဲဘော်ရှောင်း (ဆရာ
မန်းငြိမ်းမောင်) က သူ့ရဲ့ “မုန်တိုင်းကို ဆန်၍ ပင်လယ်ပြင်ကို ဖြတ်သောအခါ”
ဆိုတဲ့ စာအုပ်ထဲမှာ ခုလို ရေးသားထားပါတယ်။
၁၉၆၈ ခုနှစ်၊ ဧပြီလ ၁ဝ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများအား ထားသည့် (၃)(၄)(၅)ဆောင်များမှ နိုင်ငံရေးအကျဉ်းသား ၁ဝဝ ကျော်ကို ည ၁ဝ နာရီ အချိန်လောက်တွင် တဆောင်လုံး မီးပိတ်လျက် ထောက်လှမ်းရေးများ၊ ထောင်ဝါဒါများ၊ စစ်သားများ၊ စစ်ခွေးများဖြင့် အဆောင်အတွင်းသို့ အသီးသီးဝင်ရောက်လာလျက် နာမည်တပ်၊ စောင်အုပ် ခေါ်ထုတ်သွားကြသည်။ အပြင်ဘက်သို့ ရောက်သည့်အခါတွင် ထောက်လှမ်းရေး၊ ဝါဒါနှင့် စစ်သားများက ဝိုင်းဝန်းရိုက်နှက် ထိုးကြိတ်ကန်ကျောက်ကြလေသည်။
ထုတ်၍ ညှဉ်းပန်းနှိပ်စက်ခံရသူများမှာ လူမဆန်စွာ တိရစ္ဆာန်ကဲ့သို့ ရိုက်နှက်ညှဉ်းဆဲ ခံခဲ့ရလေသည်။ ထိုညှဉ်းဆဲခံရသူများထဲတွင် ဒုတိယ ကမ္ဘာစစ်ကြီးအတွင်းက သမ္မတ မန်းဝင်းမောင်၊ ဗိုလ်မှူးချစ်ကောင်းတို့နှင့် လေထီးအတူ ဆင်းခဲ့သည့် လေထီး ဗိုလ်အုန်းမောင်မှာ နံရိုး ၃ ချောင်း ကျိုးသွားခဲ့လေသည်။
ဒါဟာ သူ့ရဲ့ ပေးဆပ်ခဲ့ရမှု တစိတ်တဒေသ သာလျှင် ဖြစ်ပါတယ်။ သူဟာ မှန်တဲ့ဘက်က
ရပ်တည်ဖို့ အမြဲကြိုးပမ်းခဲ့သူတစ်ဦး ဖြစ်သလို အားနည်းတဲ့ဘက်က
ရပ်တည်ချင်သူတစ်ဦးလည်းဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ သက်သေပြစရာ
ဖြစ်ရပ်တစ်ခုကို ပြောပြလိုပါတယ်။ အဲဒီဖြစ်ရပ်ကတော့ သက္ကရာဇ် ၂ဝဝဝ
ပြည့်နှစ်အတွင်း နအဖ ရဲ့ NLD အပေါ်ဖိနှိပ်မှုတွေ ဆိုးဆိုးဝါးဝါး
ပြုလုပ်ခဲ့ပြီးနောက်ပိုင်းက ဖြစ်ရပ်တစ်ခုပါပဲ။ အဲဒီအချိန်တုန်းက နအဖ ဟာ
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD အဖွဲ့ဝင်များရဲ့ ကွမ်းခြံကုန်းခရီးစဉ်ကို
ဒလမြို့နယ်မှာတင် ပိတ်ဆို့တားဆီးခဲ့ပါတယ်။ ပြီးတော့ သူတို့
ဖြေရှင်းလေ့ရှိတဲ့ ထုံးစံအတိုင်း နေအိမ်ဆီ အတင်းအကျပ် အင်အားသုံး
ပြန်ပို့ခဲ့ကြပါတယ်။ ဒီလို ပြန်မပို့ခင်မှာပဲ အဖွဲ့ချုပ်ရုံးကို
သိမ်းပိုက်ပြီး ရုံးတွင်းက အရေးကြီး စာရွက်စာတမ်းတွေ၊ ရန်ပုံငွေတွေ အပါအဝင်
ပစ္စည်းပစ္စယ တော်တော်များများကို သိမ်းယူခဲ့ပါတယ်။
ရုံးခန်းပြန်လည်ဖွင့်ခွင့်ပေးတဲ့နေ့မှာပဲ အဖွဲ့ဝင်အချို့ကို
ဖမ်းဆီးခဲ့ပါတယ်။ မရှေးမနှောင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့
မန္တလေးခရီးစဉ်ကို တားမြစ်ခြင်း၊ အဖွဲ့ဝင်အများအပြားကို ဖမ်းဆီးခြင်း၊
အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်အားလုံးကို နေအိမ်မှာ
အကျယ်ချုပ်ထားရှိခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။
ထိုအချိန်မှာ ရွှေဂုံတိုင်က အဖွဲ့ချုပ်ဌာနချုပ်ရုံးမှာ အဖွဲ့ဝင်တွေက
ရုံးခန်းကို ပုံမှန်ဖွင့်လှစ်ဖြစ်အောင်ကြိုးစားရင်း ခေါင်းဆောင်များ
လွတ်မြောက်လာမယ့်နေ့ကို စောင့်စားနေကြရပါတယ်။ ဒီအခြေအနေမှာ သူက
အဖွဲ့ချုပ်ရုံးကို သွားဖို့ကြိုးစားခဲ့ပါတယ်။ ပြောလည်း ပြောပါသေးတယ်။
“ဒီအချိန်မှာ
သွားရမယ်ဗျ။ ဒေါ်အောင်ဆန်းစုကြည်တို့ အဖမ်းခံထားရတယ်ဆိုတော့ ဘာပဲပြောပြော
အဖွဲ့ဝင်တွေ အနည်းနဲ့အများ အားငယ်နေမှာပဲ။ ဒီတော့ ကျနော်တို့
အလှည့်ကျဖြစ်ဖြစ် သွားပြီး အားပေးရမယ်”
ဒါပေမယ့်လည်း အဖွဲ့ချုပ်ရုံးကို သူမရောက်ဖြစ်ခဲ့ပါ။ အကြောင်းကတော့
အဲဒီအတောအတွင်း သူ့ရဲ့ ကျန်းမာရေးအခြေအနေ သိပ်မကောင်းခြင်း၊ သူ့ကို
အပို့အကြို လုပ်ပေးမယ့်သူတွေကို အားနာတာတို့ကြောင့် ဖြစ်ပါတယ်။
မရောက်ဖြစ်ခဲ့ပေမယ့် သူဟာ အားငယ်သူကို အားပေးတတ်သူတစ်ယောက်ဖြစ်တယ်ဆိုတာ
ကျနော်တို့ ယုံကြည်ထားကြပါတယ်။ အဲဒီတုန်းက သူပြောခဲ့တဲ့ စကားတစ်ခွန်းကို
မှတ်မိနေပါသေးတယ်။
“မန်းဝင်းမောင် ဆိုတာ ကျနော်နဲ့
တော်လှန်ရေး အတူတူလုပ်ခဲ့တဲ့ သူပဲ။ ဒါပေမယ့် သူသမ္မတ ဖြစ်တဲ့အချိန်
သူ့အိမ်ကို ကျနော် လုံးဝ မသွားခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့
အဲဒီအချိန်သူ့ဆီသွားရင် သူငယ်ချင်းတစ်ယောက်လာတယ်ဆိုတဲ့ အမြင်မျိုး မမြင်ဘဲ
အကူအညီ တခုခု လိုချင်လို့ လာတယ်ဆိုတဲ့ သဘောမျိုး မြင်မှာစိုးတယ်။
အဲဒါမျိုးလည်း အထင်မခံချင်ဘူး။ ဒါကြောင့် ကျနော် မသွားတာ။ ဒါပေမယ့်
သူအဖမ်းခံရတယ်ဆိုတဲ့ သတင်းကြားတဲ့အခါမှာတော့ သူ့အိမ်ကို
ကျနော်အရင်ဆုံးရောက်အောင် သွားခဲ့တယ်။ ကျနော့်စိတ်က အဲဒီလိုမျိုး”
သူဟာ ဆေးလိပ်မသောက်၊ အရက်မသောက်ဘဲ နေထိုင်သူဖြစ်ပြီး စကားကို
အေးဆေးတည်ငြိမ်စွာ ပြောတတ်သူ လည်း ဖြစ်ပါတယ်။ ဒါပေမယ့် ကံကြမ္မာက သူ့ကို
‘အဆုတ်ကင်ဆာ’ ဆိုတဲ့ လက်နက်နဲ့ နှိပ်စက်ကလူပြုခဲ့ပါတယ်။ တကယ်တော့
မြန်မာနိုင်ငံက ညံ့ဖျင်းလှတဲ့ အခြေခံကျန်းမာရေး စောင့်ရှောက်မှုအောက်မှာ
စတေးခဲ့ရတာဖြစ်ပါတယ်။ ကျန်းမာရေးအခြေအနေ တစတစ ဆိုးဝါးလာလို့
စမ်းသပ်ကုသမှုတွေ သေသေချာချာ လုပ်ကြည့်တော့မှ အဆုတ်ကင်ဆာမှန်း
သိလိုက်ရတာဖြစ်ပါတယ်။ အဆင့်ကတော့ မျှော်လင့်ချက်ကင်းမဲ့တဲ့
နောက်ဆုံးအဆင့်ပါပဲ။ သူ့ရဲ့မိတ်ဆွေတွေဟာ သူ့မိသားစုနဲ့အတူ
ရန်ကုန်ဆေးရုံကြီးက ဓာတ်ရောင်ခြည်ဌာနမှာ သွားရောက်ပြီး ဓာတ်ရောင်ခြည်ပေး
ကုသခဲ့ကြပါတယ်။
စိတ်မသက်သာဖွယ်ဖြစ်ရတာကတော့ အချိန်ကုန်
လူပန်းခြင်းပဲဖြစ်ပါတယ်။ ဓာတ်ရောင်ခြည်ဌာနမှာ ကိုယ့်အလှည့်ရောက်ဖို့ မနက် ၈
နာရီကနေ နေ့လယ်ပိုင်းအထိ စောင့်ခဲ့ကြရပါတယ်။ တချိန်တည်းမှာ သူဟာ
မောပန်းမှုဝေဒနာလည်း သိသိသာသာ ခံစားလာခဲ့ရပါတယ်။ နောက်ဆုံးတော့ သူ့ဆန္ဒအရပဲ
ဓာတ်ရောင်ခြည်ပေး ကုသခြင်းကို ရပ်ဆိုင်းခဲ့ကြရပါတယ်။
နောက်ပိုင်းမှာ သူ့ရဲ့ ကျန်းမာရေးအခြေအနေက မျှော်လင့်ချက်နည်းပါးသထက်
နည်းလာခဲ့ပါတယ်။ အစားအသောက် မစားနိုင်တဲ့ အခြေအနေထိ ဖြစ်လာခဲ့ပါတယ်။
သူကတော့ သူ့အခြေအနေကို သူသိနေပါတယ်။ ဒါပေမယ့်လည်း သေမယ့်အချိန်ကို
ရဲရဲဝံ့ဝံ့ စောင့်ဆိုင်းခဲ့ပါတယ်။ သူ့နေအိမ်ကို လာရောက်ကြတဲ့
နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တွေ၊ မိတ်ဆွေတွေကို “ကျနော် သေမှာ မကြောက်ဘူး”
လို့ ဖွင့်ပြောခဲ့ပါတယ်။ ဒီအတွက်လည်း အားလုံးက စိတ်မကောင်းဖြစ်ကြရပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် လောကအတွက် တန်ဖိုးရှိသူတစ်ဦးကို ကမ္ဘာမြေပေါ်မှာ
ဆက်လက်ရှင်သန်နေစေချင်ကြတာ ဓမ္မတာပါ။
အားလုံးမရောက်စေချင်တဲ့ နေ့ကို ရောက်ရှိခဲ့ပါပြီ။ အဲဒီနေ့ကတော့ ၂ဝဝဝ
ပြည့်နှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ ဖြစ်ပါတယ်။ အဲဒီနေ့မှာ သူဆိုတဲ့ တိုင်းပြည်
လွတ်လပ်ရေးအတွက် စွမ်းစွမ်းတမံ အသက်စွန့် ကြိုးပမ်းခဲ့တဲ့၊
မြန်မာ့နိုင်ငံရေး ခေါင်းဆောင်များမှာ ဒုတိယ ထောင်သက်အရှည်ဆုံးဖြစ်တဲ့၊
လူငယ်တွေကို လွန်စွာလေးစား ယုံကြည်တဲ့၊ တိုင်းပြည်ကောင်းစားတာကို
မြင်လိုတဲ့ ပုဂ္ဂိုလ်ကြီးဟာ သူချစ်လှစွာသော နိုင်ငံတော်၊ သူခင်တွယ်လှသော
နိုင်ငံရေးရဲဘော်တွေကို ခွဲခွာသွားခဲ့ပါတော့တယ်။ ကျန်ရစ်သူတွေကတော့
ကြေကွဲမှု၊ ယူကျုံးမရမှုတွေ ပြည့်နှက်စွာနဲ့ပေါ့။
တကယ်တော့ သူ မသေပါ။ သူ့ရဲ့ ဝိညာဉ်တွေ၊ သူ့ရဲ့ ပုံရိပ်တွေ၊ သူ့ရဲ့
လုပ်ဆောင်ခဲ့မှုတွေက မြန်မာ့သမိုင်းမှတ်တိုင်တွေနဲ့အတူ ဆက်လက်ရှင်သန်
တည်ရှိနေမှာ ဖြစ်ပါတယ်။ သူဟာ - -
ပြည်ကို နှိပ်စက်
သမိုင်းဖျက်သည့်
လက်ထက်တွေတိုင်း
မတွန့်ဆိုင်းဘဲ
သမိုင်းရေးသူ အစစ်တည်း ။ ။
ထိန်လင်း
၂၃၊ ၁၁၊ ၂ဝဝ၁
No comments:
Post a Comment