ငါတို့ရဲ့
အိမ်ထောင်သက်( ၇ )နှစ်အတွင်းမှာ ငါတို့ရန်ဘယ်နှခါဖြစ်ခဲ့မှန်း
ငါမမှတ်မိတော့ဘူး။ ငါဟာ မှတ်ဉာဏ် သိပ်မကောင်းတဲ့မိန်းမမှန်း နင်သိပါတယ်။
ဒါပေမဲ့ နင်နဲ့ရန်ဖြစ်ခဲ့သမျှကိုတော့ ငါ့နှလုံးသားထဲ မှတ်ကျောက်တင်ထားတယ်။
တစ်ခါက
နင်နဲ့ငါရန်ဖြစ်တော့ နင်ကနင့်ကိုယ်လုံးနဲ့ အိမ်တံခါးဝကို
တင်းတင်းပိတ်ထားတယ်။ ညနက်သန်းခေါင်မှာ ဒီခေါင်းမာတဲ့မိန်းမ အိမ်ကနေ
ထွက်သွားမှာစိုးလို့ဖြစ်တယ်။
တစ်ခါက နင်နဲ့ငါရန်ဖြစ်တော့
အိမ်တံခါးကိုဆောင့်ပိတ်ပြီး နင်ထွက်သွားခဲ့တယ်။ ငါအမီလိုက်ပြီး
ရှာခဲ့ပေမယ့် နင့်ကိုမတွေ့ခဲ့ဘူး။ တိတ်ဆိတ်သွားတဲ့အိမ်ထဲမှာ
ငါ့တစ်ယောက်တည်း အသံကုန်အော်ငိုမိတယ်။ အဲဒီမှာ တခြားအခန်းထဲကနေ
နင်အမြန်ထွက်လာပြီး ငါ့ကိုပွေ့ဖက်တယ်။ အဲဒီနောက် ငါတို့ရန်ဖြစ်တိုင်း
နင့်ကိုငါရှာတွေ့နိုင်မယ့်နေရာမှာပဲ နင်ပုန်းတော့တယ်။
တစ်ခါက
နင်နဲ့ငါရန်ဖြစ်တော့ တစ်ပတ်လောက် ငါတို့စကားမပြောခဲ့ကြဘူး။ အဲဒီနေ့က
အိမ်ပြန်ရောက်တော့ အခန်းတံခါးကို ငါဘယ်လိုဖွင့်ဖွင့် ဖွင့်မရခဲ့လို့
နင့်ဆီဖုန်းမဆက်ချင်ဘဲ ဆက်လိုက်ရတယ်။ ငါ့ဖုန်းရတော့
နင်အိမ်အမြန်ပြန်ခဲ့တယ်။ နောက်မှသိရတာက တံခါးဖွင့်မရအောင်
နင်လုပ်ခဲ့တယ်တဲ့။ အဲဒီတုန်းက ငါစိတ်လည်းတိုသလို ခံလည်းခံစားခဲ့ရတယ်။
တစ်ခါက
နင်နဲ့ငါရန်ဖြစ်တော့ အမေ့အိမ်ပြန်မလို့ ငါအဝတ်အစားတွေသိမ်းတယ်။
အဲဒီမှာနင်က ငါ့ကိုတင်းတင်းလေးဖက်ပြီး ဆို့ဆို့နင့်နင့်နဲ့ "နင်ဒီအတိုင်း
ဆင်းမသွားပါနဲ့။ ငါက နင်ရဲ့ အရေးအကြီးဆုံးပစ္စည်းပါ။ ငါ့ကိုလည်း
နင်နဲ့တပါးထဲယူသွားပါ" လို့ဆိုတယ်။ နောက်ဆုံးတော့ ငါတို့
အပျော်ခရီးထွက်ဖြစ်ခဲ့ကြတယ်။
တစ်ခါက နင်နဲ့ငါရန်ဖြစ်တော့
ငါစိတ်တိုပြီး နင်နဲ့အတူ တွဲရိုက်ထားတဲ့ဓာတ်ပုံကို ဆွဲဖြဲပစ်လိုက်တယ်။
အဲဒီဓာတ်ပုံကို တစ်ညလုံး နင်ပြန်ကပ်နေခဲ့တယ်။
တစ်ခါက
နင်နဲ့ငါရန်ဖြစ်တော့ နင်နဲ့ကွာရှင်းဖို့ ကွာရှင်းစာချုပ်ကို
ငါလိုက်ရှာခဲ့တယ်။ နောက်မှသိရတာက အဲဒီကွာရှင်းစာချုပ်ကို ငါရှာမတွေ့အောင်
နင်ဖွက်ထားခဲ့တာဖြစ်တယ်။
ငါဟာ နင်နဲ့ရန်ဖြစ်ဖို့
ဘုရားသခင်စေလွှတ်လိုက်တဲ့လူလို့ နင်ပြောတယ်။ နင်နဲ့ရန်ဖြစ်ရတာ ဘယ်လောက်ထိ
နားလည်မှုရှိလိုက်သလဲ! ဘယ်လိုအချိန်မျိုးမှာ အော်ငေါက်ရမယ်ဆိုတာကို သိတယ်။။
ဘယ်လိုအချိန်မျိုးမှာ မျက်ရည်ကျရမယ်ဆိုတာကို သိတယ်။ ဘယ်လိုအချိန်မျိုးမှာ
ပစ္စည်းပစ်ပေါက်ရမယ်ဆိုတာကို သိတယ်။ ဘယ်လိုအချိန်မျိုးမှာ
ပြန်ခေါ်ရမယ်ဆိုတာကို သိတယ်.....
ဟုတ်ပါတယ်.. ငါတို့ရဲ့အိမ်ထောင်ရေးဟာ ရန်ဖြစ်တဲ့အိမ်ထောင်ရေးပါ....
အခုလည်း
ငါတို့မကြာခဏ ရန်ဖြစ်ကြတာပါပဲ။ ဒါပေမဲ့ အိမ်တံခါးကို နင့်ကိုယ်လုံးနဲ့
ပိတ်မထားတော့ဘူး။ ကွာရှင်းစာချုပ်ကို နင်ဖွက်မထားတော့ဘူး။ နင့်ကိုငါ
ခွဲမသွားဘူးဆိုတာကို နင်သိထားလို့ဖြစ်တယ်။ ဟုတ်ပါတယ်.. နင်ကိုခွဲသွားရင်
ငါငိုလိမ့်မယ်။
ရန်မဖြစ်တဲ့အိမ်ထောင်ရေး၊
မျက်ရည်မကျတဲ့အိမ်ထောင်ရေး၊ နင်နဲ့ပြန်မခေါ်တဲ့ အိမ်ထောင်ရေး၊ မပြုံးမရယ်တဲ့
အိမ်ထောင်ရေးမျိုး ငါမလိုချင်ဘူး။ ရန်ဖြစ်တဲ့၊ မျက်ရည်ကျတဲ့၊
ပြုံးရယ်တဲ့အိမ်ထောင်ရေးမျိုးမှာ နင်နဲ့အတူ ငါတဖြည်းဖြည်း
အိုမင်းသွားချင်တယ်။ ငါ အကြိမ်ကြိမ်ပစ်ပေါက်ခဲ့လည်း မပျက်မစီးဘဲကျန်နေတဲ့
ငါတို့ရဲ့အိမ်ထောင်ဦးထမင်းအိုးက ငါတို့ရဲ့အိမ်ထောင်ရေးလို ကြံ့ခိုင်၊
ကျန်းမာပြီး ငါတို့အတွက် ထမင်းတွေချက်ပေးနေတုန်းပဲ။
နင့်ကိုငါ
ချစ်လား မချစ်ဘူးလားဆိုတာကို ငါမသိဘူး။ ငါသိတာကတော့ နင့်ကိုခွဲသွားရင်
ငါငိုလိမ့်မယ်။ ငါဟာ နင်နဲ့ရန်ဖြစ်ဖို့ ဘုရားသခင်လွှတ်လိုက်တဲ့ လူဖြစ်တယ်။
........ ...... မနိုင်းနိုင်းစနေ ...........
No comments:
Post a Comment