Tuesday, January 31, 2012

“မပြောဖြစ်ကြတဲ့ ပုံပြင်တွေ”

by Yangon Press International on Thursday, 26 January 2012 at 19:16
Untold Stories
(feature story)
ဇန်န၀ါရီ ၂၆၊ ၂၀၁၂ (YPI) ပဲခူးသွန် ရေးသားသည်
 “ဘာမှမဖြစ်ဘူး မခေါ်ချင်လို့”
ရှမ်းမလေးက “ဘာဖြစ်လို့ အမေကို အမေလို့ မခေါ်တာလဲ” ဆိုတဲ့ သူ့အဒေါ်အမေးကို  နှုတ်ခမ်းတစူစူပြန်ဖြေရင်း အိမ်ပေါ်တက်သွားတယ်။

 “အိမ်မှာသူ့အမေက နေ့လယ်ကျောင်းလွှတ်ချိန် ထမင်းစားဖို့ စောင့် နေတာ။ သူကတော့ဒီအိမ်မှာလာစားတယ် သူ့ အမေအိမ်သွားစားပါလို့ ဘယ်လိုပဲပြောပြောမရဘူး ဒီအိမ်ပဲကပ်တာ ”  လို့ ရှမ်းမလေး အဒေါ်က ရယ်သံစွက်ပြီး ပြန်ပြောလိုက်ပါတယ်။
နှစ်အိမ် သုံးအိမ်သာခြားတဲ့ အကွာအဝေးဆိုပေမဲ့ ရှမ်းမလေးကတော့ သူ့အမေအိမ်ကို ဘယ်တော့မှ ထမင်းစားပြန်လေ့မရှိပါဘူး။
အများအားဖြင့် ရှမ်းမလေးဟာ သူ့ရဲ့အမေဖြစ်သူ တိုက်အိမ်ထက်   အဒေါ်နဲ့ အဖွားတွေနေတဲ့ ပျဉ်းထောင်အိမ်လေး မှာသာ ကပ်နေလေ့ရှိပါတယ်။

ရှမ်းမလေးဟာ ငယ်စဉ်ကတည်းက အဖိုးအဖွားတွေနဲ့ ကြီးခဲ့ရပါတယ်။  အခုတော့ မိဘတွေထိုင်းနိုင်ငံမှ ပြန်လာပြီး အတူတူပြန်နေပေမယ့်လည်း သူ့ကတော့ မိဘတွေနဲ့ သူစိမ်းဆန်ဆန်ဖြစ်နေတုန်းပါ။


“သူ့ဘက်က ဘယ်တော့မှစပြီး ကျွန်မတို့ကို စကားစမပြောဘူး ကိုယ်က စပြောပေးရတယ်၊ အမေလည်း ဒီနေ့အထိ မခေါ်သေးဘူး၊ မုန့်ဖိုးဆိုလည်း သူသိတဲ့နေရာမှာ ထားထားပေးတယ် ၊ အမေလို့ ခေါ်ရမှာစိုးလို့ မုန့်ဖိုးလည်း စမတောင်းဘူး” လို့ ရှမ်းမလေးအမေ ဒေါ်စန္ဒာလင်း က ပြောတယ်။ 
ဒါဟာ  ရှမ်းကမ်းလို့ ခေါ်တဲ့ ထိုင်းနိုင်ငံကို အများဆုံးသွားကြတဲ့ မွန်ပြည်နယ် ကျေးရွာလေးတချို့မှ လက်ရှိ ရှမ်းကမ်းက ပြန်လာတဲ့ မိဘတွေ ကြုံတွေ့နေရတဲ့ သားသမီးတွေက  “ အဖေ ၊အမေ” မခေါ်တဲ့ပြဿနာပဲ ဖြစ်ပါတယ်။
ဘာကြောင့် ခွဲထားပြီးသွားကြတာလဲ။
ရှမ်းကမ်းသွားတဲ့ ယဉ်ကျေးမှုဟာ မွန်ပြည်နယ်မှာ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်ကတည်းက စတင်ခဲ့တာပါ။
ထိုစဉ်တုန်းက စားဝတ်နေရေးခက်ခဲတဲ့ ပြဿနာကြောင့် လူနည်းစုကသာ သွားကြပေမယ့်လည်း ယခု အခါမှာတော့ ရှမ်းကမ်းသွားတဲ့ အလေ့အထဟာ ယဉ်ကျေးမှုတခုလို ထွန်းကားလာပြီး ကျေးလက်တောရွာတွေမှာ  ရွာခံတွေမရှိသလောက် အသွားများနေကြပါပြီ။
ပြီးခဲ့သည့်နှစ်ကမှ ရှမ်းကမ်းကနေပြန်ရောက်လာတဲ့ မ၀င်းဝင်းမော်က “ဟိုမှာမှ သွားမလုပ်ရင်သူများနဲ့ တန်းတူမနေနိုင်ဘူးလေ” ပြောပါတယ်။
ရှမ်းကမ်းအသွားများလာပြီး ၀င်ငွေတိုးလာသောကြောင့် ဒေသတွင်းရှိ အိမ်၊ခြံ၊ ရော်ဘာခြံ၊ လယ်ယာမြေများ တဖြည်းဖြည်းဈေးမြင့်လာကြပြီး အခုအခါ ရှမ်းကမ်းမှသွားမလုပ်ရင် ကျပ် သိန်း ၂၀ ၀န်းကျင်အထိဖြစ်လာတဲ့ လယ်တဧကတောင်ပိုင်ဖို့ အနိုင်နိုင် ဖြစ်လာတဲ့ အခြေအနေပါ။
ဒီလိုနဲ့ လယ်ယာပိုင်ဖို့ ရှမ်းကမ်းသွားလိုက် ရှမ်းကမ်းကြောင့် လယ်ယာမြေတွေ ဈေးတက်လာလိုက်နဲ့ ရှမ်းကမ်း သံသရာ ယနေ့ထိလည်နေဆဲပဲ ဖြစ်ပါတယ်။

မိဘရင်ခွင်နဲ့ ဝေးနေတဲ့ ကလေးတွေ
အရင်က အမျိုးသားတွေသာ အသွားများပေမဲ့ ယခုနောက်ပိုင်း အမျိုးသမီးအမျိုးသား ညားခါစစုံတွဲတွေအထိ   ရှမ်းကမ်းသို့ အသွားများလာပြီး သားသမီးရလာတဲ့အခါ သားသမီးတွေကို အဖိုးအဖွားများဆီပြန်ပို့ ကြပါတယ်။
 ရှမ်းကမ်းမှာ မွေးပြီး ပြန်ပို့လာတဲ့ကလေးတွေကို ရှမ်းဖိုးလေး၊ ရှမ်းမလေးလို့ ခေါ်တွင်ကြတယ်။ အခုအခါ မွန်ပြည်နယ် ကျေးရွာကလေးများမှာ ရှမ်းဖိုး ရှမ်းမလေးတွေ တနေ့တခြားများလာပါပြီ။
အသက်ကြီးမှလသားအရွယ် မြေးမလေးကိုကြည့်ခဲ့ရတဲ့ ဒေါ်ခင်ရှိန်ကတော့ “ သူတို့ကလေးဝမ်းလျောတုန်းက အဖွားမှာ အရူးတပိုင်းပဲ ဟိုဆေးရုံပြေးရမလို ဒီဆေးရုံပြေးရမလိုနဲ့ မအိပ်နိုင်ဘဲ ငိုမိတယ်။ တော်ပြီး အသက်ကြီးနေပြီး မကြည့်နိုင်တော့ဘူး ကလေးတွေကို” ဆိုပြီး ခေါင်းတခါခါနဲ့ပြောတယ်။
 ပြီးခဲ့တဲ့နှစ်က စီမံကိန်းရေးဆွဲရေးဦးစီးဌာနရဲ့ တိုင်း၊ ပြည်နယ် ၁၄ ခုမှကောက်ထားတဲ့ စစ်တမ်းအရ မိဘနဲ့အတူမနေရဘဲ ယှဉ်သန်ကြီးပြင်းလာတဲ့ အသက် ၁၇ နှစ်အောက်ကလေးများ ထိုင်းနိုင်ငံနှင့် နီးစပ်တဲ့ မွန်ပြည်နယ်မှာ  အများဆုံးဖြစ်တယ် လို့ဆိုထားပါတယ်။
ဒုတိယကတော့ တနင်္သာရီ တိုင်းဒေသကြီးဖြစ်ပြီး  တတိယမှာ ကရင်ပြည်နယ်ဖြစ်တယ်လို့ ပေါ်ပြူလာ သတင်းဂျာနယ်မှာ ဖေါ်ပြဖူးပါတယ်။
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ နှစ်ကိုင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းဆရာမဒေါ်ခင်ရွှေကပြောရာမှာ သူငယ်တန်းကလေးတွေထဲမှာ ရှမ်းဖိုးလေး ရှမ်းမလေးတွေ ထက်ဝက်နီးပါးရှိပြီး၊ တတိတယတန်းနှင့် စတုတ္ထတန်းမှာတော့ သုံးပုံတပုံခန့်ရှိလို့ဆိုပါတယ်
 နှစ်ကိုင်ကျေးရွာရဲ့ မူကြိုဆရာ မမနန္ဒာကတော့ သူမရဲ့မူကြိုအတန်းသား ငါးဆယ်ဝန်းကျင်မှာ ရှမ်းဖိုး ရှမ်းမလေးတွေ အယောက် သုံးဆယ်ကျော်ရှိတယ်လို့ဆိုတယ်။

 လူကြုံနဲ့ ပြန်ပို့ခံရတဲ့ ကလေးတွေ
ယခင်ယာယီပတ်စပို့ မလုပ်ပေးခင် က ရှမ်းကမ်းကို ခိုးဝင်ရတဲ့အတွက် အသွားအပြန်စရိတ်က ငါးသိန်းဝန်းကျင်ရှိပါတယ်။ အဲဒီအကြောင်းကြောင့် ရှမ်းကမ်းမှာမွေးတဲ့ ကလေးတွေကို မိဘတချို့ ကိုယ်တိုင်ပြန်မပို့နိုင်ကြဘဲ လူကြုံနဲ့ သာအဖိုးအဖွားတွေဆီသို့ ပြန်ပို့ခဲ့ကြတယ်။
“ကလေးကိုသူ့ အမေနို့စို့နေရင်းတန်းလန်းနဲ့ ဆွဲလာရတာ” ဟု ရှမ်းကမ်းကအပြန် ကလေးကိုလူကြုံ ယူလာခဲ့တဲ့  နှစ်ကိုင်းကျေးရွာက ဒေါ်ငယ်ကပြောတယ်။
ရှမ်းကမ်းမှာမိဘတွေက အလုပ်တဖက်နဲ့ ကလေးကိုကောင်းကောင်း မကြည့်နိုင်တဲ့အတွက် ကလေးတွေကို သနားပြီး လူကြုံယူလာပေးတာလို့ သူမကဆိုတယ်။
 “မိဘတွေက အလုပ်မပြီးမချင်းကလေးတွေ မကြည့်နိုင်ဘူး၊ ကလေးလေးတွေငိုရင် အငိုတိတ်အောင် ရေဇလားထဲထည့်ထားကြတယ် ” လို့လည်း ရှမ်းကမ်းဘက်မှာ ကလေးတွေကို ကြည့်ရှုရတဲ့အခြေအနေကို ပြောပြတယ်။
မ၀င်းဝင်းမော်ကတော့ ရှမ်းကမ်းမှာညသန်းခေါင် ရော်ဘာလုပ်ငန်းလုပ်နိုင်ဖို့ သူ့ကလေးကို ရှစ်လသားအရွယ် ကတည်းက အိပ်ဆေးတိုက်ခဲ့ရတယ် လို့ဆိုပါတယ်။
“ဆရာဝန်ပေးတဲ့ ကလေးအိပ်ဆေးရော။ တခါတခါကိုယ့် ဘာသာကိုယ်ဘာမီတွန်တိုက်တယ်။ ဒါမှအလုပ် ကောင်းကောင်းလုပ်လို့ရတယ်” ဆိုပြီး ရှမ်းကမ်းတွေင် ကလေးတဖက်နဲ့ အလုပ်လုပ်ခဲ့ရတဲ့ အခက်အခဲကို ပြောပြပါတယ်။
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် နှစ်ကိုင်းကျေးရွာရှိ မူကြိုကျောင်းတကျောင်း မြင်ကွင်း

  “အဖေ” “ အမေ” မခေါ်တဲ့ပြသာနာ
 များသောအားဖြင့် ကလေးတွေကို လသားအရွယ်ကတည်းက အဖိုးအဖွားတွေ လက်ထဲ မှထားခဲ့ကြပြီိး ငါးနှစ် ဆယ်နှစ်ကြာမှ မိဘတွေက ပြန်လာကြပါတယ်။
အရွယ်ရောက်လာတဲ့ ကလေးတွေဟာ မိဘတွေနဲ့ ပြန်တွေ့တဲ့ အခါ သူစိမ်းဆန်ဆန် ခံစားလာကြ ပြီး အဖေ အမေ ဆိုတာကို ခေါ်ရမှာ ရှက်နေကြတဲ့ အဖြစ်တွေ ဖြစ်လာကြတယ်။
“သူ့အဖေ က အဖေခေါ်ရင် ပိုက်ဆံငါးထောင်ပေးမယ် ဆိုတာတောင် သမီးက လုံးဝမခေါ်ဘူး” ရှမ်းမလေးရဲ့ အမေမစန္ဒာလင်းကပြောတယ်။
 ကလေးများဟာ များသောအားဖြင့် ပြန်တွေ့ကြတဲ့မိဘများကို  “အဖေ” “အမေ”လို့ မခေါ်ဘဲ “ဟိတ်” “ဟိတ်” လို့သာ ခေါ်တတ်ကြတယ်လို့ မိဘတွေက ပြောပါတယ်။
နှစ်ကိုင်းကျေးရွာရဲ့ပထမဆုံးရှမ်းဖိုးလေးဖြစ်သူရဲ့ မိခင်ကတော့ သူ့သားက သူ့ကို အသက် ၁၉ နှစ်ပြည့် ကိုရင်ဝတ်တဲ့အချိန်မှ “အမေ” လို့စခေါ်တယ်လို့ ဆိုပါတယ်။
“ကျွန်မတို့ ပြန်ရောက်တာသူ ဆယ်နှစ်ဝန်းကျင်ပဲရှိသေးတယ် လုံးဝအမေမခေါ်ဘူး။ ကိုရင်ဝတ်လို့ ကန်တော့ရင်း အဖေအမေလို့ စခေါ်သံကြားတော့ကျွန်မဖြင့် ငိုလိုက်တာမပြောနဲ့ ပျော်လည်းပျော်တယ်” လို့ ဆိုပါတယ်။ သားဖြစ်သူက  “အမေ” ဆိုတဲ့ ခေါ်သံကြားရဖို့ ကိုးနှစ်ကျော်စောင့်ခဲ့ရတယ်လို့ဆိုတယ်။
 မိခင်ဖြစ်သူက အဲဒီအကြောင်းတွေပြန်ပြောရင်း မျက်ရည်စို့နေပါတယ်။

 ဘာတွေဖြစ်လာနိုင်မလဲ
အခုလို  ကလေးတွေ မိဘတွေနဲ့ ခွဲနေနေရတဲ့အတွက် လူမှုရေးပြဿနာ ဘယ်လိုဖြစ်လာနိုင်တယ်ဆို တာသေချာ စစ်တမ်းကောက်ပြီးမှပဲပြောနိုင်မယ်လို့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကေရစီအဖွဲ့ချုပ်မှ ဗဟိုအလုပ်မှုဆောင် ဦးသန်းရွှေက ပြောပါတယ်။ သူကပဲ “ကျွန်တော်တို့ ဒါတွေစစ်တမ်းကောက်ဖို့ ရှိတယ်” လို့ပြောပါတယ်။
 မွန်ပြည်နယ်မှာ အခုရင်ဆိုင်နေရတဲ့ ပြဿနာနဲ့ ပတ်သက်ပြီး မွန်ပြည်နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသိန်းအောင်က  “ကလေးတွေ မိဘတွေနဲ့ ခွဲနေရတာက မိဘတွေထိုင်းမှာ အလုပ်လုပ်သွားလုပ်ရလို့ပဲ။ ဒီမှာသာ အလုပ်အကိုင် အခွင့်အလမ်းတွေများလာရင် အကယ်လို့ထိုင်းကရတဲ့လုပ်အားခနဲ့ ဒီမှာရတဲ့လုပ်အားခသာ တူနေရင် တော့ဘယ်သူမှ ထိုင်းကိုသွားကြမှာ မဟုတ်ဘူး။ အဲလိုလုပ်အားခတွေ အတူတူဖြစ်လာအောင် ကျွန်တော်တို့ကြိုးစားရမယ်” လို့ ပြောပါတယ်။ 
မွန်ပြည်နယ်တွင် ရော်ဘာတော အများအပြားရှိပြီး ရော်ဘာခြံလုပ်ငန်းလုပ်အားခမှာ တလ ခြောက်သောင်း ၀န်းကျင်သာရှိတယ်။ထိုင်းတွင် ရော်ဘာခြံလုပ်ငန်းသွားလုပ်ကိုင်ပါက တလလျှင်ကျပ်ငါးသိန်းဝန်းကျင်ရ တယ်လို့ ဒေသခံများကဆိုတယ်။
အခုလို လုပ်အားခ ကွာဟမှုတွေ ရှိနေသမျှတော့ မွန်ပြည်နယ်က လူတွေကတော့ထိုင်းကို သွားနေကြဦးမှာဖြစ်ပြီး ရှမ်းဖိုးလေးတွေ ရှမ်းမလေးတွေလည်းများလာဦးမယ်လို့ ဆိုပါတယ်။
မကြာသေးမီက ရှမ်းကမ်း ထဲမှာသူမသမီး မိန်းကလေးမွေးတယ်လို့ သတင်းကြားလိုက်ရတဲ့ဒေါ်စောမြတ်မွန်ကတော့ “ သူ့ကလေးပို့တဲ့အချိန်ကို စောင့်နေတာ ပို့လာရင်တော့ ကိုယ်က ကြည့်ရမှာပဲလေ” လို့ အဝေးကိုငေးကြည့်ရင်း ပြောပါတယ်။        ။

No comments:

Post a Comment