အဆိုပါ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကိုသီးသန့် သတ်မှတ်သည့် ပုံစံနှင့် ပတ်သက်၍ ပညာရေး သုတေသီ တစ်ဦးဖြစ် သူ ဒေါက်တာ စိုးဝင်းဦးက “ကမ္ဘာမှာ လက်ရှိ ကျင့်သုံးနေတဲ့ ပညာရေး စနစ်က Grade 12 system နဲ့ သွားပါတယ်။
Grade “10” အထိကို “O level” လို့ ခေါ်ပြီး Grade 12 အထိကို “A Level” လို့ သတ်မှတ် ခေါ်ဆိုပါတယ်။ နိုင်ငံတကာ အဆင့်မှာ “A Level” အောင်မြင်ပြီးမှ တက္ကသိုလ် ပညာကို တက်ရောက် သင်ကြားခွင့်ရှိတယ်။ Grade 12 system ပညာရေး စနစ်မှာတော့ သူငယ်တန်း အောင်မြင်ပြီးမှ Grade 1 ကို တက်ရောက် သင်ကြားနိုင်မှာ ဖြစ်တယ်”လို့ ရှင်းပြ ပါသည်။
ဟုတ်ပါသည်။ ယခုမှ ဒီစကားမျိုးပြောလာသည်မှာ အဆန်း မဟုတ်တော့ပေ။ မြန်မာပြည်၌ တိကျသော ပညာရေးစနစ် ခိုင်မာမှု မရှိခဲ့သည့်အတွက် အစမ်းသပ်ခံဘ၀နှင့် သင်ကြား လာခဲ့သည်မှာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ် က တည်းကဖြစ်ပါသည်။ ဤသို့ ကြောင့် ပညာရေး ဇတ်လမ်းများ တ၀ဲလည်လည်ဖြစ်ခဲ့ရပါသည်။ ထိုခေတ်တွင် ပညာရေး အဆင့်အတန်း နိမ့်ကျသဖြင့် (၁၉၈၈) အရေးတော်ပုံနှင့်ပင် ပြောင်းလဲခဲ့ရပါသည်။ အနှစ် (၂၀) ကျော်လာသည့်အခါ “O level”၊ ကနေ“A level” ဆိုသည့် အသုံးအနှုန်း သစ်များပြောပြီး မူဟောင်းကို တဖန်ပြန်လည် စီစဉ်ခြင်းဖြစ်သည်ဟု ယူ ဆပါသည်။
မြန်မာနိုင်ငံသည် ယူနီဆက် (UNICEF) က ကောက်ယူခဲ့သည့် စစ်တမ်းများအရ (၁၅) နှစ် နှင့် (၂၄) နှစ် ကြား အမျိုးသားများ၏ စာတတ်မြောက်မှုနှုန်းမှာ ၁၀၀ လျှင် ၉၆ ရာခိုင်နှုန်းရှိပြီး၊ အမျိုးသမီးများမှာ ၁၀၀ လျှင် ၉၅ ရာခိုင်နှုန်း ရှိ သည်ဟု သိရပါသည်။ သို့သော် အရှေ့တောင်အာရှနိုင်ငံ များ၌ ရှိသော အကောင်းဆုံး စာရင်းဝင် တက္ကသိုက် (၅၀) ထဲ တွင် အိမ်နီးချင်း ထိုင်းနိုင်ငံမှ တက္ကသိုလ် (၁၉) ခုထိ ပါဝင်သော်လည်း မြန်မာနိုင်ငံမှ တက္ကသိုလ်များ ပါဝင်ခြင်းမရှိပေ။ ဤတက္ကသိုလ်များထဲ၌ နံပါတ်(၁) နေရာရရှိသည့် တက္ကသိုလ်မှာ National university of Singapore ကဖြစ်ပါသည်။
“ဒီစာမေးပွဲကတော့ အခြေခံပညာ အတန်းနဲ့ မဆိုင်ပါဘူး။ ဖြစ်သင့် တာကတော့ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို သီး သန့် သတ်မှတ်ပြီး ကျောင်းသား တစ်ဦးချင်းစီ ဝါသနာပါ သင်ယူလိုတဲ့ မေဂျာ အလိုက် အဓိကကျတဲ့ ဘာသာရပ်တွေ ကို လေ့လာသင်ယူ ဖြေဆိုနိုင်ဖို့နဲ့ ဖြေဆိုအောင်မြင်ပြီးမှ မေဂျာရွေးချယ်မှုအလိုက် သက်ဆိုင်ရာ တက္ကသိုလ်တွေကို တက်ခွင့်ရရှိကြမှာပါ။ ဒီလို စနစ်တွေ ဖြစ်လာဖို့တော့ ရည်ရွယ်ချက် ရှိပါတယ်”ဟု ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောပါသည်။
ဟုတ်ပါသည်။ ဖြစ်နိုင်လျှင် အကောင်းဆုံးဖြစ်ပါသည်။ ပညာရေး စနစ်တခုသည် နိုင်ငံရေး အသုံးချမှု မပါလျှင် အကောင်း ဆုံးဖြစ်ပါသည်။ မြန်မာပြည်၏ ပညာရေး သမိုင်းကြောင်းသည် (၂၆) နှစ် အုပ်ချုပ်လာခဲ့သည့် မြန်မာ့ ဆိုရှယ်လစ် ပါတီကြောင့် ခေတ်နောက်ခဲ့ရသလို၊ (၁၉၈၈) နောက်ပိုင်း အနှစ်(၂၀)ကျော် စစ်အုပ်ချုပ်ရေးကြောင့်လည်း ယနေ့ အထိနလံမထူနိုင် ဆဲရှိပါသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး အနှစ်(၅၀)လောက်တွင် ခိုင်မာသောမြန်မာ့ပညာရေးစနစ် မရှိသေးဘူး လို့ သာဆိုရမှာဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ လက်ရှိ အနေအထားအရ အသက်ပြည့် ကလေးများ ရာခိုင်နှုန်းပြည့် ကျောင်းမနေနိုင်သေးခြင်း အခြေ အနေမျိုး
မဟုတ်သေးပေ။ ဝေးလံ သီခေါင်သည့် ဒေသများ၌ ဆရာဆရာမ မလုံလောက်ခြင်းနှင့် တိုင်းရင်းသား ဒေသများတွင် တိုင်းရင်းသား ဘာသာစကား သင်ကြားခွင့် မရှိသေးခြင်းများသာ ရှိပါသည်။ လက်ရှိကျင့်သုံးနေသည့် သင်ရိုး ညွှန်းတမ်းကို သုံးသပ် လျှင်လည်း နိုင်ငံတကာ စံနှုန်းမှီ သင်ရိုးညွှန်းတမ်း အဖြစ် ပြန်လည်ရေးဆွဲ ချမှတ်နိုင်ခြင်း မရှိ သေးပါ။ ဤသို့ ကြောင့် ထိုကိစ္စရပ် များအားလုံး လုပ်ဆောင်နိုင်ရန် နိုင်ငံတော်အစိုးရမှ ပညာရေး ဆိုင်ရာ မူဒါဝများကို ပြန်လည်သုံးသပ် ပြင်ဆင်သင့်ကြောင်းလည်း ပညာရေး သုတေသီတို့က အကြံပြုနေကြပါသည်။
နိုင်ငံ့ပညာရေး တိုးတက်ရေးရဲ့ အရေးကြီးဆုံးပြသနာတရပ်မှာ ကျောင်းဆရာ/ ဆရာမများကို အလုပ်ဂုဏ်သိက္ခာနဲ့ ဘ ဝရပ်တည်မှု အာမခံချက်ရှိရေးတွင် နိုင်ငံအစိုးရက တိကျသော အစီအစဉ်များချပေးရန် လိုအပ်နေပါသည်။
“ကျွန်တော်တို့ နိုင်ငံက ကျောင်းသား အများစုတွေ နိုင်ငံခြားမှာ သွားရောက် ပညာဆည်းပူးနေရတယ်ဆိုတဲ့ အချက်ကို ကြည့်ရင် ကျွန်တော်တို့ နိုင်ငံရဲ့ ပညာရေး စနစ်ဟာ နိုင်ငံ တကာနဲ့ တော်တော်ကို နောက်ကျ ကျန်နေခဲ့တာ မြင်သာပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ သူငယ်တန်းကို Grade 1 လို့ သတ်မှတ်ထားတာ အရမ်း မှားယွင်း ပါတယ်။ ပြင်လဲ ပြင်သင့်ပါတယ်။
“လက်ရှိ လာဘ်စားမှု ကြီးထွားနေတဲ့ ပညာရေး စနစ်ကနေ၊ နောက်ထပ် နှစ်တန်း ထပ်တိုး လိုက်ရုံနဲ့ နိုင်ငံတကာ အဆင့်မှီလာမယ်လို့ ဆိုတာ နောက်မှာ လုပ်စရာတွေ အများကြီး ရှိပါသေးတယ်။ (၁၁) တန်းနဲ့ (၁၂) တန်း မှာကတော့ အသက်မွေးဝမ်းကျောင်း ပညာရပ်နဲ့ Academic ပညာရပ်တွေကို ပိုပြီး အားဖြည့် ပုံဖော်ပေးတဲ့ ပုံစံမျိုး ဖြစ်သင့်ပါတယ်။ လက်ရှိ တိုင်းပြည် အနေအထား အရ အသက်မွေး ဝမ်းကျောင်း ပညာရပ်ကို ရာခိုင်နှုန်း တော်တော်များများ လိုအပ်မှာပါ၊ ဒေသတွင်းမှာရှိတဲ့ စက်မှုလက်မှု လုပ်ငန်းတွေနဲ့ လိုက်လျောညီထွေ အသက်မွေး ဝမ်းကျောင်း ပညာရပ်တွေကို ဖန်းတီးရမှာပါ၊ နောက် ကျောင်းဆရာ/ဆရာမ တွေရဲ့ အရည်အချင်းတွေ မြှင့်တင်ဖို့ အရမ်း လိုအပ်နေပါပြီ”ဟု နယ်စပ်ဒေသတွင် ပညာရေး လုပ်ငန်းများ လုပ်ဆောင်နေသူ၊ မောက္ခ ပညာရေး မဂ္ဂဇင်း၏ အယ်ဒီတာ တစ်ဦးဖြစ်သူ ကိုသိန်းနိုင်မှ ပြောကြားသွားပါသည်။
ရာစုနှစ်ဝက်ခန့် တာဝန်မကြေလာခဲ့သည့် စစ်အစိုးရတို့သည်၊ ယနေ့အထိ တိကျသော ပညာရေးစနစ် တရပ် မရှိသေး သည်မှာထင်ရှားလှပါသည်။ ပြုပြင်ရန် ဆိုသည်မှာလည်း ယခုအချိန်၌ ပညာရှင် အဆင့် အကြံပေးချက်သာ ရှိနေသေး ကြောင်းသိရပါသည်။ မြန်မာ့ ပညာရေးစနစ် စတင်ပျက်စီးလာခဲ့သည်မှာ စစ်အာဏာရှင်စနစ် စတင်ထွန်းကားလာသည့် (၁၉၆၂)ခုနှစ် ဗိုလ် ချုပ်ကြီးနေ၀င်း အာဏာ စသိမ်းစဉ်က စလာခဲ့သည်ဟု ပြောရမည်ဖြစ်ပါသည်။ စစ်အာဏာရှင်များသည် အာဏာသိမ်းစတွင် ၄င်းတို့ အာဏာသိမ်းမှုအား ဆန့်ကျင်သည့် တက္ကသိုလ်ကျောင်း သားများကို ပစ်သတ်ခြင်း၊ ကျောင်းသား သမဂ္ဂ အဆောက်အဦးအား ဗုံးခွဲဖျက်ဆီးခြင်း၊ ဦးသန့် အရေးအခင်းတွင် ကျောင်းသားများကို ပစ်သတ် ခြင်းမှသည် ယနေ့ အချိန်အထိ ကျောင်း သားခေါင်းဆောင်များကို နှစ်ရှည်လများ ထောင်သွင်း အကျဉ်းချနေဆဲအထိ ညှင်းပမ်း နေဆဲဖြစ်ပါသည်။ ဤသို့သော စိတ်ထားများ၏ သရုပ်သည် ယနေ့ အချိန်အထိရှိနေ ဆဲဖြစ်သည့် အတွက် မြန်မာ့ပညာရေးစနစ် ကောင်းမွန်အောင် စစ်အာဏာရှင်တို့ က စဉ်းစားပေးနိုင်မည်မှာ မဟုတ်သေးချေ။
၁၉၉၇ ခုနှစ်တွင် မြန်မာနိုင်ငံသည် အရှေ့တောင် အာရှ အသင်းဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်လာပြီးနောက် ရန်ကုန် တက္ကသိုလ်နှင့် ရန်ကုန် စီးပွားရေး တက္ကသိုလ်တို့သည် အရှေ့တောင် အာရှ အသင်းဝင် Asean University Network (AUN) တွင် အဖွဲ့ဝင် တက္ကသိုလ်အဖြစ် ပါဝင်ခွင့်ရခဲ့ပါသည်။ သို့သော် ၁၉၅၀-၁၉၆၀ ခုနှစ် ပါလီမာန် ဒီမိုကရေစီ အစိုးရ အုပ်စိုးစဉ်နှစ်များ အတွင်းက ပညာရေး အခြေအနေနှင့် မတူသေးပေ။ ထိုစဉ်က ရန်ကုန် တက္ကသိုလ်သည် အိမ်နီးချင်း နိုင်ငံများမှ ကျောင်းသားများ လာရောက် ပညာဆည်းပူးကြရသည့် အရှေ့တောင် အာရှနိုင်ငံများ၏ ထိပ်တန်းစာရင်းဝင် တက္ကသိုလ်တစ်ခု ဖြစ်ခဲ့ပါသည်။
http://www.phophtaw.org/burmese/index.php/feature/894-2011-12-08-08-05-47.html မှကူးယူဖော်ပြသည်။
စိုးမင်းဦး
No comments:
Post a Comment