“သား .. အမေ့ကို ကန်တော့သွား”
ရုတ်တရက်ဆိုရင်တော့ ဒီစကားရပ်က ခရီးသွားမယ့် သားတစ်ဦးကို မိခင်ဖြစ်သူ
ပြောလိုက်တဲ့ စကားလို့ ယူဆစရာဖြစ်ပါတယ်။ ဒါပေမယ့် ကျနော့်အဖို့တော့
ကိုယ်သွားလိုရာ သွားခါနီး နှုတ်ဆက်ချိန် မဟုတ်ခဲ့ပါဘူး။
နိုင်ငံရေးလှုပ်ရှားမှုကြောင့် မြန်မာစစ်ထောက်လှမ်းရေးက လာရောက် ဖမ်းဆီးတာကို
ခံခဲ့ရတဲ့ အချိန်သာဖြစ်ပါတယ်။
အဲဒီအချိန်မှာ မိခင်ဖြစ်သူက
သူ့ရင်ထဲမှာရှိနေတဲ့ စိုးရိမ်သောကတွေ၊ ပူလောင်မှုတွေကို ဖုံးကွယ်ရင်း
တည်တည်ငြိမ်ငြိမ်ဖြစ်အောင် အသံကိုထိန်းရင်း ပြောလိုက်တဲ့စကား ဖြစ်ပါတယ်။
၁၉၈၈ ခုနှစ် အရေးတော်ပုံကာလအတွင်း စစ်တပ်က ပြည်သူလူထုကို
ပစ်နေခတ်နေတဲ့အချိန်မှာ အိမ်ကို တစ်ည ပြန်မရောက်လာတာနဲ့ အိပ်ရာထဲလဲခဲ့တဲ့
အမေက ထောက်လှမ်းရေးများခေါ်ဆောင်ရာကို လိုက်မယ့် သားအတွက် ပူဆွေးသောက
မဖြစ်ဘူးလို့ ကျနော်မယူဆဖြစ်ခဲ့ပါ။ မမြင်ရပေမယ့် အမေ့စိတ်အတွင်းထဲက
စကားလုံးတွေကို ကြားနေရပါတယ်။
ဒုတိယအကြိမ်
ဖမ်းဆီးထိန်းသိမ်းခံရတဲ့အခါ ကျနော် အမေ့ကို မကန်တော့ဖြစ်တော့ပါဘူး။
နောက်ဆုံး မိသားစုနဲ့ ဝေးရာ၊ ကိုယ့်မွေးရပ်မြေ တိုင်းပြည်နဲ့
ဝေးကွာတဲ့အရပ်ကို ထွက်လာရတဲ့အချိန်မှာတော့ အမေ့ရှေ့မှာ ထိုင်ပြီး
ဦးချကန်တော့ဖို့ဝေးလို့ နှုတ်တောင်မဆက်ဖြစ်ဘဲ ထွက်လာခဲ့ရပါတယ်။ အဲဒီလို
ဖွင့်ပြောဖို့ နှုတ်ဆက်ဖို့ အခွင့်အရေးမရခဲ့သလို၊ ရခဲ့မယ်ဆိုရင်လည်း
ကြေကွဲပူဆွေးမှုပေါင်းများစွာ ရောင်ပြန်ဟပ်နေမယ့် မိခင်ရဲ့ မျက်နှာကို
ကျနော် ကြည့်ရက်မယ် မထင်ပါဘူး။ မြန်မာစစ်အစိုးရရဲ့ အကျဉ်းစခန်းမှာ
ဘယ်နေ့ဘယ်ရက် ပြန်လွှတ်ပေးမှန်းမသိ၊ ဘယ်လို အရေးယူမှုတွေ
ဆက်ပြီးခံစားရမယ်မသိဘဲ နေထိုင်ခဲ့ရစဉ်တွေမှာ ပူပင်သောကပေါင်းများစွာနဲ့
နေထိုင်ရင်း သားဖြစ်သူပြန်ရောက်လာမယ့်နေ့ကို စောင့်စားခဲ့ရတဲ့ အမေဟာ ဒီကနေ့
ဘယ်လိုခံစားနေလိမ့်မလဲဆိုတာ ကျနော်မတွေးဝံ့ပါ။ ဒါဟာ စစ်အာဏာရှင်စနစ်ကို
ဆန့်ကျင်တဲ့ တော်လှန်ရေးရဲ့ ဒဏ်ရာဒဏ်ချက်များပဲ ဖြစ်ပါလိမ့်မယ်။
ပြန်တွေးကြည့်တော့ ကျနော့်အဖြစ်ထက် ဆိုးရွားတဲ့အဖြစ်အပျက်တွေ
များစွာရှိနေပါတယ်။ တစ်နည်းအားဖြင့် ၁၉၈၈ ခုနှစ်ကစပြီး ဒီကနေ့အထိ
မဆုံးနိုင်တဲ့ အဖြစ်ဆိုးတွေက ကျနော်တို့နိုင်ငံမှာ ဖြစ်ပေါ်နေဆဲပါ။
အထူးသဖြင့် နိုင်ငံရေးလှုပ်ရှားမှုနဲ့ တစုံတရာပတ်သက်မှုရှိတဲ့ သားသမီးများရဲ့
မိခင်တွေဟာ စိတ်ဆင်းရဲကိုယ်ဆင်းရဲမှုတွေကို မလွဲမသွေရင်ဆိုင်ကြရမှာပါပဲ။
နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးဖြစ်တဲ့ ကိုဘိုကြည်က သူ့မိခင်နဲ့
ပတ်သက်ပြီး ပြောခဲ့တာလေးကို ဖော်ပြပါရစေ။
“ကျနော့်ကို စစ်ထောက်လှမ်းရေးက သူတို့နဲ့လာတွေ့ဖို့
ချိန်းထားတဲ့နေ့မှာပေါ့။ အဲဒီမနက်မှာ အမေက အစောကြီးကတည်းက ခြင်ထောင်ကလေးကို
လှပ်ပြီး ကျနော့်မျက်နှာကို ထိုင်ကြည့်နေခဲ့တယ်။ ဘာမှလည်း မပြောဘူး။
ကျနော်က အိပ်ရာမထသေးပေမယ့် သိနေတယ်။ သူက ဘုရားရှိခိုးပြီးတော့ တစ်ခါထပ်ပြီး
စောစောကလို ကြည့်နေပြန်တယ်။ ဘုရားရှိခိုးတာတောင် စိတ်ဖြောင့်မယ့်ပုံ
မရှိဘူး။ ကျနော်အိပ်ရာက ထတော့ ဟိုရောက်တဲ့အခါ ပြေပြေလည်လည် ဆွေးနွေးခဲ့ဖို့
တရရ မှာတယ်။ သူ့မျက်လုံးထဲမှာတော့ မျက်ရည်တွေ ဝဲလို့ .. ။ ဖြစ်ချင်တော့
အဲဒီနေ့ သွားတွေတဲ့အခါ အဆင်မပြေခဲ့ဘူး။ နောက်တော့ ကျနော့်ကို လာဖမ်းရော
ဆိုပါတော့။ အဲဒီလို လာဖမ်းတဲ့အချိန်မှာ ကျနော့်အမေက အံ့အားသင့်
ကြက်သေသေပြီး ဘာမှ မပြောဘဲ တွေတွေကြီး ကြည့်နေတယ်။ အဲဒီမျက်နှာကို ကျနော်
ဒီကနေ့အထိ မေ့လို့မရဘူး”
ဒါကတော့
နိုင်ငံရေးအကျဉ်းသားတစ်ဦးရဲ့ မိခင်ခံစားခဲ့ရတဲ့ ခံစားချက်ပုံရိပ်တစ်ခုသာ
ဖြစ်ပါတယ်။ အချို့သောမိခင်များဟာ သားသမီးများအကျဉ်းကျနေစဉ်မှာပဲ
ကွယ်လွန်ခဲ့ကြရပါတယ်။ သာဓကအားဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
လူငယ်အဖွဲ့ဝင် ကိုဝင်းလှိုင်ရဲ့ မိခင်၊ မခင်မိမိခိုင်ရဲ့ မိခင်၊ ကိုဇာဂနာရဲ့
မိခင် တို့ဟာ ၎င်းတို့ သား၊ သမီး အကျဉ်းကျစဉ်မှာ ကွယ်လွန်ခဲ့ရပါတယ်။
သူတို့အနေနဲ့ သူတို့ရဲ့ ဘဝနောက်ဆုံးအချိန်တွေမှာ သားသမီးတွေအတွက်
ဘယ်လောက်ပူဆွေးသောက ရောက်ခဲ့လေမလဲ ဆိုတာ တွေးကြည့်ရုံနဲ့ သိနိုင်ပါတယ်။
တကယ်တော့ ဒီမိခင် ၂ ဦးက နမူနာအဖြစ် ဖော်ပြခြင်းသာဖြစ်ပါတယ်။
မြန်မာပြည်ထဲမှာ ဒီလိုဖြစ်ရပ်မျိုးတွေကြုံတွေ့ခဲ့ရတဲ့ မိခင်များရဲ့
အရေအတွက်က အဆမတန် များပြားလှပါတယ်။
နိုင်ငံရေးလှုပ်ရှားမှုကြောင့် နှစ်ရှည်အကျဉ်းကျခဲ့တဲ့ ကိုကျော်စွာမိုးရဲ့
မိခင်ဆိုရင်လည်း တကယ့်ကို စိတ်မကောင်းစရာ အဖြစ်အပျက်ကို ရင်ဆိုင်ခဲ့ရပါတယ်။
ခင်ပွန်းသည် ကွယ်လွန်ခဲ့ပြီးနောက်မှာ သား ၂ ယောက်တည်းမွေးထားတဲ့
မိခင်တစ်ယောက်အဖို့ သူ့သားတွေအပေါ် ဘယ်လောက်သံယောဇဉ်ကြီးလေမလဲဆိုတာ သံသယ
ရှိစရာ မလိုပါဘူး။ ဒါပေမယ့် ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီး
နောက်ပိုင်းမှာ အဲဒီ သံယောဇဉ်တွေကို သောကအဖြစ် ပြောင်းလဲခံစားခဲ့ရရှာပါတယ်။
သားကြီးဖြစ်သူက စစ်အာဏာရှင် တော်လှန်ရေး အတွက် မွေးရပ်မြေကို
စွန့်ခဲ့ရချိန်နောက်ပိုင်းမှာ သားငယ်ဖြစ်သူ ကိုကျော်စွာမိုးက
နိုင်ငံရေးအကျဉ်းသား ဖြစ်ခဲ့ရပါတယ်။ ဘဝ ရပ်တည်ရေး၊ သားငယ်ထောင်ဝင်စာ
ပို့နိုင်ရေး စတဲ့ ရုန်းကန်ရင်ဆိုင်မှုတွေကြားမှာပဲ နိုင်ငံတကာ
လူ့အခွင့်အရေးအဖွဲ့တွေထံ အကျဉ်းထောင်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှု
သတင်းတွေကို ပို့ပေးခဲ့ပါသေးတယ်။ နောက်တော့ ယာဉ်တိုက်မှုတစ်ခုကြောင့်
ကွယ်လွန်ခဲ့ရရှာပါတယ်။ သူ့အနေနဲ့ အခြားသော
နိုင်ငံရေးအကျဉ်းသားများအပေါ်မှာပါ ဂရုတစိုက် ပံ့ပိုးကူညီမှုတွေ
လုပ်ပေးခဲ့တာမို့ အားလုံးက ယူကျုံးမရ ဖြစ်ခဲ့ကြရပါတယ်။ ဒါဟာ မိသားစု
တကွဲတပြားဖြစ်ရင်း ကွယ်လွန်ခဲ့ရတဲ့ မိခင်တစ်ဦးရဲ့ ဖြစ်အင်ပါ။
၁၉၈၈ ခုနှစ် အရေးတော်ပုံကာလအပြီး ထိုင်း - မြန်မာ နယ်စပ်ဒေသကို
ထွက်ခွာလာသူ တက္ကသိုလ်ကျောင်းသားတစ်ဦးရဲ့ မိခင်ဆိုရင် သူ့သားက
ဘယ်အရပ်ဒေသကို ထွက်သွားမှန်း မသိဘဲ၊ ဘာသတင်းအစအနမှ မရဘဲ မတွေ့တွေ့အောင်
လိုက်ရှာခဲ့ပါတယ်။ မြန်မာစစ်အစိုးရလက်ထက်မှာ ဒီလိုလုပ်ဆောင်မှုဟာ
အန္တရာယ်ရှိပါတယ်။ နိုင်ငံရေးလှုပ်ရှားသူ တစ်ဦးကို ခေတ္တလာရောက်တည်းခိုတာ
လက်ခံမိခဲ့တာနဲ့ ထောင်ကျနိုင်တဲ့အခြေအနေများကြားမှာ နယ်စပ်ဒေသက
တော်လှန်ရေးအင်အားစုတွေရှိရာအထိ လိုက်လံရှာဖွေခဲ့တဲ့ မိခင်တစ်ဦးရဲ့
မေတ္တာတရားဟာ ဘယ်လောက်ကြီးမားလေမလဲ။ တွက်ဆ ကြည့်နိုင်ပါတယ်။
အဲဒီမိခင်ဟာ အသက်အရွယ် တစုံတရာကြီးရင့်နေပြီဖြစ်ပေမယ့် သားဇောနဲ့
သူမရောက်ဖူးတဲ့ အရပ်ဒေသတွေဆီကို မနားတမ်းလိုက်ရှာခဲ့ရှာပါတယ်။
လပေါင်းများစွာ ကြာမြင့်အောင် တပင်တပန်း ရှာဖွေပြီးတော့မှ သူ့သားကို
တွေ့သွားပါတယ်။ ဒါပေမယ့် သားဖြစ်သူက ခေတ်စနစ်မပြောင်းမချင်း မြန်မာပြည်ကို
ပြန်လို့မရတော့ပါဘူး။ ပြန်တာနဲ့ စစ်အစိုးရရဲ့ ဖမ်းဆီးခြင်းကို
ခံရမယ်ဆိုတော့ သူပါ သားဖြစ်သူနဲ့အတူ နေလိုက်ပါတော့တယ်။ ဒီဖြစ်ရပ်ကို
စဉ်းစားကြည့်ရင်း သားပျောက်ကို ရှာဖွေဖို့ ဘယ်လိုမှ မတတ်နိုင်တဲ့
မိခင်များဆိုရင် ဘယ်လောက်ခံစားနေကြလေမလဲ ဆိုတာ တွေးမိပါတယ်။
နှစ် ၂၀ ကျော်ကာလ စစ်အာဏာရှင်စနစ်အောက်က မြန်မာပြည်အတွင်းမှာ
မိခင်ပေါင်းများစွာဟာ သူတို့ရဲ့ သားသမီးများ၊ ခင်ပွန်းများအတွက်
ငိုကြွေးခဲ့ကြရပါတယ်။ ပူဆွေးသောကပေါင်းများစွာကို ခံစားကြရပါတယ်။ ပြီးတော့
သားသမီးတွေနဲ့ ဝေးကွာနေတုန်းမှာ ကွယ်လွန်ခဲ့ကြပါတယ်။ ဖြစ်ရပ်တွေ၊
အချိန်တွေ၊ နေရာတွေကတော့ အစုံပါပဲ။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကာလ
စစ်တပ်ရဲ့ ရက်ရက်စက်စက် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသူတွေ၊ နောက်
တော်လှန်ရေးနယ်မြေကို ထွက်ခွာရင်း သေဆုံးခဲ့ရသူတွေ၊ အသက်ရှင်လျက်
အဆက်အသွယ်မရသူတွေ၊ အကျဉ်းထောင်တွေထဲမှာ အကျဉ်းကျနေသူတွေ၊ အကျဉ်းကျခံနေရရင်း
သေဆုံးခဲ့ရသူတွေ .. အဲဒီလူတွေရဲ့ မိခင်တွေဟာ မြန်မာပြည် တနံတလျားမှာ
ရှိနေပါတယ်။ ဒါ့အပြင် ပြည်တွင်းစစ်ကြောင့် တိုင်းတပါးကို
ထွက်ပြေးခဲ့ရသူတွေ၊ အဓမ္မခိုင်းစေခံရပြီး လူမသိသူမသိ သေခဲ့ရသူတွေ၊
အာဏာပိုင်တွေ အနိုင်ကျင့်နှိပ်စက်လို့ ဘဝပျက်ခဲ့ရသူတွေရဲ့
မိခင်တွေဆိုရင်လည်း အလားတူ ပူဆွေးဝမ်းနည်းမှုတွေကို ခံစားကြရမှာ မလွဲပါဘူး။
ကွယ်လွန်ခဲ့သူတွေရဲ့ မိခင်များက လှူဒါန်းမှုတွေပြုလုပ်ရင်း
အမျှအတန်းပေးဝေနေခဲ့ကြချိန်မှာ သားသမီးတွေနဲ့ ဝေးကွာနေရတဲ့ မိခင်များက
သားသမီးတွေရှိလောက်မယ်ထင်ရတဲ့ နေရာတွေကို မှန်းဆရင်း မှန်းမျှော်စောင့်စား
နေကြရရှာပါတယ်။ ဒီဖြစ်ရပ်ဆိုးတွေက အချိန်ကြာမြင့်လာလေ
ပိုမိုဆိုးရွားလာလေပါပဲ။ အခြေအနေကောင်းတစ်ခု တစ်နည်းအားဖြင့် နိုင်ငံရေး
ပြုပြင်ပြောင်းလဲမှုတစ်ခု သိသာထင်ရှားအောင် မဖြစ်ပေါ်မချင်း မိခင်များရဲ့
ငိုကြွေးသံနဲ့ မျက်ရည်တွေက မြန်မာပြည်တစ်ခုလုံးကို
စွတ်စိုထိုင်းမှိုင်းအောင် လွှမ်းခြုံဖုံးအုပ်ထားဦးမှာ ဖြစ်ပါတယ်။
သမိုင်းထဲက မိခင်များဟာ ခေတ်ဆိုး စနစ်ဆိုးကြီးကို မှတ်တမ်းတင်
ကမ္ပည်းထိုးနေကြပါတယ်။ သူတို့ အက္ခရာတင်တဲ့ နေရာက
သူတို့ရဲ့နှလုံးသားပေါ်မှာဖြစ်ပြီး မျက်ရည်တွေ၊ ပူဆွေးသောကတွေနဲ့
ကမ္ပည်းတင်နေကြတာဖြစ်ပါတယ်။ အချိန်ကာလကတော့ စက္ကန့်နဲ့အမျှပါပဲ။
တကယ်တော့ ခေတ်စနစ်ဆိုးကြီးက ရိုက်ပုတ်လိုက်လို့ တကွဲတပြားဖြစ်သွားရတဲ့
မိသားစုတွေဟာ သမိုင်းတစ်ခုကို ရေးထိုးနေကြသူတွေလည်းဖြစ်ပါတယ်။ သူတို့အနေနဲ့
ကောင်းမွန်သာယာတဲ့ နေ့တစ်နေ့ ကို စောင့်စားရင်း လောကဓံဆိုးကို
အံကြိတ်ခံနေကြရတာလည်းဖြစ်ပါတယ်။ ဒီအဖြစ်တွေ ဘယ်တော့ ပြီးမှာလဲ။ ဘယ်သူကမှ
တိတိကျကျ မသိနိုင်ပါ။ ဒါပေမယ့် အားလုံးကတော့ ခေတ်ကောင်း စနစ်ကောင်းကို
လိုလားတောင့်တနေကြပါတယ်။
မြန်မာနိုင်ငံမှာ
လူ့အခွင့်အရေးကင်းမဲ့လို့၊ အာဏာရှင်စနစ် ကြီးစိုးလို့ မိခင်ပေါင်းများစွာဟာ
သူတို့ရင်တွင်းက သားတွေနဲ့ ကွဲကွာခဲ့ကြရပါတယ်။ အဲဒီလို အိပ်မက်ဆိုးတွေက
နိုးထဖို့၊ စိုနေတဲ့ မျက်ရည်တွေကို သုတ်ပေးဖို့ အကောင်းဆုံးနည်းလမ်းဟာ
မြန်မာပြည်မှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီထွန်းကားပြီး လူတိုင်း
ကိုယ့်ကြမ္မာကိုယ် လွတ်လပ်စွာ ဖန်တီးခွင့်ရရှိတဲ့ ခေတ်ကောင်းစနစ်ကောင်း
လွှမ်းမိုးနေဖို့က လွဲလို့ အခြားလမ်း မရှိပါ။ အဲဒီလို အခြေအနေကောင်းတွေ
ရရှိခဲ့ပါမှ ကျနော်တို့လည်း ကာလကြာမြင့်စွာ လစ်ဟာနေခဲ့တဲ့ ကျနော်တို့
မိခင်များရဲ့ ရင်ခွင်ထဲကို ပြန်လည်ခိုဝင်နိုင်ကြမှာဖြစ်ပါတယ်။
အဲဒီအချိန်ကျရင် ကျနော့်မိခင်က ကျနော့်ကို ဘယ်လိုကြိုနေမှာလဲ၊
ကျန်တဲ့သူတွေရဲ့ မိခင်တွေကရော သူတို့သားသမီးတွေကို ဘယ်လိုကြိုနေကြမှာလဲ။
ဒါဟာ အိပ်မက်တစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း တကယ်မဖြစ်ခင်မှာတော့
ကျနော်တို့တွေ အိပ်မက် မက်နေရဦးမှာပါ။ ။
ထိန်လင်း
No comments:
Post a Comment