(၁)
မန်းသိရိဈေးမှဝယ်လာသော
ဝက်သားသုံးထပ်သား လေးဆယ်ကျပ် သားပြည့် မပြည့် ပြန်၍ ချိန်လိုက်သည်။ နဲနဲ မှ အပိုအလိုမရှိစွာပင်
ချိန်ခွင်ရှာမှာ ညီနေသည်။ ပြည့်တယ် ဖေဖေ ဟု အနားတွင် စောင့် ကြည့် နေသည့် ဖေဖေ့ ကို
ပြောလိုက်သည်။ ဖေဖေ က ဈေးမှပြန်လာလျှင်ဝယ်လာသမျှကို အမြဲ ပင်ပြန်၍ ချိန်စေသည်.။ မပြည့်လျှင်လည်း ဈေးသည်
ကိုပြန်ပြောရမှ ကျေနပ်တတ်သည်။ ယခုလည်း ကျမကိုယ်တိုင်ဈေးသွားဝယ်တာ ကို ပင် ပြန်ချိန်ဦးနော်
သမီး ဆို၍ ဘုရားတပြီး ချိန်ရသည်။ ပြည့်လို့ တော်ပါသေးရဲ့ ဟု စိတ်ထည်းမှ ရေရွတ်လိုက်ပါသည်။
မဟုတ်လျှင် ဖေဖေ့ အလိုကျ ဈေးသည် ကိုပြန်သွားပြောရဦးမည်၊ ထိုသို့ပြောရမည် ကို ကျမလွန်စွာ
ဝန်လေးမိပါသည်။ ထားလိုက်ပါ ဖေဖေရာ သူတို့ မရိုးသားကြ တာ ကို သူတို့ဖာသာခံ ကြပါစေဟု
ကျမ ကပြောတတ်သည် ကိုလည်းဖေဖေ ကမကြိုက်ပါ။
သူတို့ လုပ်တိုင်းခံ စရာမလိုဘူးသမီး။ ကိုယ်လည်း
ပိုက်ဆံ ကိုပြည့် အောင် ပေးတာ။ သူတို့ လည်း ပြည့်အောင်ပေးရမှာပေါ့ ဖေဖေတို့ အပိုလိုချင်တာမှ
မဟုတ်တာဟု ပြောတတ်သူဖြစ်သည်။ ဒါတောင် ဝက်သားသည်၏ ချိန်ခွင်မှ ဇောက်ထိုး ကြီးချိန်ပေးလိုက်တာဖြစ်ပါသည်။
ဖေဖေ က ဝက်သားသုံးထပ်သား ကို အိအိလေး နေအောင်ချက်ပေးပါ ဆို၍ ဝက်သားဝယ်လာတာဖြစ်သည်။
ပြီးလျှင် ဇီးဖြူစိမ်းကို အမွှာလေးတွေ ဖြစ်အောင် အစေ့ထွင်ပြီး ငြုပ်သီးစပ်စပ်လေး နဲ့
ထောင်းမည်၊ငပိဖုတ် နဲ့ ပုဇွန်ခြောက်မှုန့်လေးလည်းထည့် ဦးမည်၊ ပြီးတော့ နှမ်းဆီရွှဲရွှဲလေးလောင်းဦးမည်။
ဗူးရွက် ကိုဟင။်ချိုချက်မည် စသဖြင့် စိတ်ကူးနှင့် ဟင်းချက်စရာများပြင်ဆင်နေစဉ် “ အန်တီလေး…”
ဟု ခေါ်လိုက်သော ကြားနေကျ ခပ်စူးစူး အသံလေး ကိုကြားလိုက်ရသည၊်
“အိုး ကောင်းလိုက်တာ….”
ကျမမှာ ထခုန်မိမတတ် ပင်ဝမ်းသာသွားပါသည်။ အေးအေးပြန်လာတာဖြစ်သည်။
လွန်ခဲ့သည့် ၂ လ ကျော်ကျော်က ရွာပြန်သွားသော ကျမ၏ လက်စွဲတော် အိမ် အကူခလေးမ လေးဖြစ်သည်။
ကျမတို့ မိသားစု လည်း မိသားစုလိုက် ခရီးရက်ရှည် ထွက်ရန် စီစဉ်နေတုန်း အေးအေး၏ မိဘများကလည်း
သူတို့ သမီး ကိုခေတ္တ ပြန်လာစေချင်သည် ဆို၍ အန်တီလေး တို့ သွားတုန်းသမီးပြန်လိုက်ဦးမယ်လေ။
အန်တီလေးတို့ ပြန်ရောက်ရောက်ချင်းသမီးလာခဲ့ မှာပါ ဟုခွင့် တောင်းပြီးပြန်သွားပေမယ့်
ကျမတို့ ခရီးဝေး မှ ပြန်ရောက် ချိန်တွင် သတင်းကြားသည်မှာ သူ့ မိခင်ဖြစ်သူက မန္တလေးက
ဝေးလွန်းပါတယ် အဲဒီလောက် အဝေးကြီးမှာ သမီးကို မထားလို ဟု ပြောနေကြောင်း၊ သမီး ကို သူတို့ရဲ့ အနီးအနား မှာ ပင် အလုပ်လုပ်စေလိုသည်
ဟု ပြော၍ ပြန်မလွှတ်လိုကြောင်းသိရသည်။ ဒီလိုနဲ့ပင် ကျမလည်း တစ်ယောက်ထည်းပင် ပွဲရုံလုပ်ငန်းတစ်ဖက်
နဲ့ ပင် ဖေဖေ့ ဝေယျာဝစ္စ နဲ့ မီးဖိုချောင် ကို တစ်နေ့ တစ်နေ့ အလျဉ်မှီအောင် စခန်းသွားနေရတာ
ရက်ပေါင်း ၂၀ ခန့် ပင် ရှိတော့ မည် ဖြစ်ပါသည်။ လွန်ခဲ့ သည့် ၄ ရက်ခန့် ကတော့ အေးအေးက
သူတို့ ရွာမှ လှမ်း၍ ဖုန်းဆက်လာသည်။ သမီးလာမှာနော် အန်တီလေး၊ မေမေက တော့ မလွှတ်ချင်ဘူး။
ဒါပေမယ့် သမီး က အန်တီလေးတို့ အိမ်မှာ ပဲ နေချင်တာ ဟု ပြောပါသည်။
သို့နှင့်ပင်
သူမ၏မိခင်စိတ်ကျေနပ်အောင်ပြောဆိုစည်းရုံး ပြီး ပြန်လာတာဖြစ်သည်။ “.. သမီးရောက်လာပါပြီ
အန်တီလေး…” ဟု ရွှင်မြူးဝမ်းသာစွာ ပြောသော အေးအေးကို ကျမကလည်းဝမ်းမြောက်စွာပင် “…ဝမ်းသာလိုက်တာ
သမီးရယ် မျှော်လိုက်ရတာ၊ ခုမှမျှော်ရကျိုးနပ်တော့တယ်၊ လာလာ…” ဟု ခရီးဦး ကြိုဆိုရပါသည်။
“… နေဦး အန်တီလေး သမီး ဆိုင်ကယ် အငှားသမားကို ပိုက်ဆံပေးရဦးမယ်…” ဆို၍ “… နေနေ အန်တီလေးပေးမယ်
ဘယ်လောက်ကျသလဲ…” ဟု လိုက်ပို့ သူ ဆိုင်ကယ် အငှားလိုက်လာသော သူအားမေးရာ “..နှစ်ထောင့်ငါးရာ
ကျပ် ပါ အမ …” ဆို၍ ကျမလွန်စွာ အံ့ သြသွားပြီး
“… ယော်… ဘယ်ကနေငှားလာတာလဲ… ”ဟု မေးရာ “..
သိရိမန္တလာ ကားကြီးကွင်းကလေ …” ဟုပြောတော့ “.. ဒါလောက်နီးနီးလေးကိုတောင် နှစ်ထောင့်ငါးရာ
ကြီး တောင်းရသလား ဆိုက္ကားစီးရင်တောင် ငါးရာ ပဲ ပေးရတာ…” ဟုကျမက ပြောရာ “… အမ သမီး က
မန်းမြို့ ဈေးလို့ ပြောလို့ ကျနော့်မှာ အဲဒီထိပို့ရတာ မဟုတ်တာနဲ့ ဒီကိုပြန်ခေါ်လာရတာဗျ…”
ဟု ဆိုရာ ထိုသူ၏ မရှိုးသားမှု ကို ကျမတွေ့ လိုက်ရပါသည်။ အေးအေးက သူရောက်ဖူးသွားဖူး သော
မန်းသိရီဈေး နဲ့ ဈေးချို မှ လွဲ၍ မန်းမြို့ ဈေး ဆိုတာ ကြားပင် ကြားဖူးသူ မဟုတ်၊
ထို သူက ထင်ယောင်ထင်မှား ဖြစ် စေရန် မေး၍ ယောင်ယမ်း ပြီး ပါသွားပုံရသည် ဟုကျမ သဘောပေါက်လိုက်သည်။
ဘာပဲဖြစ် ဖြစ် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာ သည်ကိုပင် ကျေနပ်ရဦးမည် “…ကောင်းပြီလေ
ရှင်လိုချင်တဲ့ နှစ်ထောင့်ငါးရာ ပေးရတာပေါ့ ဒါပေမယ့် ဒီနေ့ ဒီ နှစ်ထောင့်ငါးရာ နဲ့
ရှင့်ရဲ့ လာဒ် တွေ ပြီးဆုံးသွားပြီ…” ဟု မခံချင်စွာနဲ့ ပြောဖြစ်အောင် ကျမ ပြောလိုက်တော့
“… မပြီးဘူးဗျ…မပြီးဘူး…”ဟု ခပ်မာမာ စိတ်လှုပ်ရှားသံ
နဲ့ ကျမ ကို ပြန်အော်သွားပါသေးသည်။
(၂)
“…ဖိုးဖိုးကြီးရေ…သမီးရောက်ပြီ…”
ဟု စီစီညံညံ အသံလေးနဲ့ ဖေဖေ့ ကိုနှုတ်ဆက်နေသူ
အေးအေး ကို ကြည့် ရင်းကျမမှာ အင်မတန် ပီတိဖြစ်နေမိပါတော့သည်။ “…ကံကောင်းလို့ ပါလား
သမီးရယ်… ကားဂိတ်ကနေ အန်တီလေး ဆီ ဖုန်းဆက် လိုက် ရင် လာကြိုမှာ ပေါ့ …ခုတော့ တမင် အဝေး
ကိုခေါ်သွားပြီး ပိုက်ဆံ ပိုတောင်းကောင်းအောင် လုပ်တာ.. လူကိုအန္တရာယ် မပေးတာ တော်သေးတယ်…”
ဟုကျမ မှာ ရင်မအေးစွာ ပြောနေမိတော့ သည်။
“… သမီးလည်း မန်းသိရိဈေး အနောက်ဘက်…၂၅ လမ်း လို့…သေချာပြောတာ ကို မန်းမြို့
ဈေးလား လို့ ထပ်မေးတော့ သမီးလည်း တူတယ်ထင်နေတာပါ…အန်တီလေး ဆီ ဖုန်းဆက်ခေါ်ခိုင်းရင်လည်း
အန်တီလေး မော နေရမှာ စိုးလို့ သမီးလည်း အရဲစွန့် ပြီး ဆိုင်ကယ်ငှားစီးလာခဲ့တော့တာပါ
…” ဟု ပြန်လည် ဖြေရှင်းပြရှာသည်။ ကံ ကောင်းထောက်မ စွာပင် အိမ်သို့ ချောချောမောမော ရောက်လာသည်
ကိုသာ ဝမ်းသာရမည်ဖြစ်သည်။ ဒီထက် မသူတော် သူနဲ့ များတွေ့ ရင် ဆိုပြီး ဆက်မတွေးရဲ စရာ
ဖြစ်နေမိပါတော့ သည်။
အေးအေး မှာ
သူတော်ကောင်းစိတ်ဓါတ်လေးတွေ အမြဲလိုလို ကိန်းအောင်းနေသူလေးဖြစ်ပါသည်။ သူတဖက်သား အလိုကို
ဖြည့်စွမ်းရန် အမြဲ အဆင်သင့် ဖြစ်နေသူပင်။ သူတို့ မှာ မွေးချင်း ၆ယောက် အနက် အငယ်ဆုံး
သမီးဖြစ်ပြီး သူ့ ထက် အကြီးတွေ အားလုံး အိမ်ထောင် ကိုယ်စီ ကျသွားကြ သဖြင့် မိအို ဖအို
ကို သူကသာလျှင် ပေးကျွေး နေသူဖြစ်သည်။ အေးအေးကား ရှိလှမှ အသက် နှစ်ဆယ် ဝန်းကျင် သာ
ဖြစ်မည်။ ပြီးခဲ့ သည့် နှစ် ကျမတို့ အိမ် မှာ ဆယ်လ ကြာ နေထိုင်ပြီး စုစုပေါင်း ရသည့်
လခ သုံးသိန်း ကျပ် မှာ သူကိုင်သုံး ရသည် မရှိ၊ သူမန္တလေးမှ ပြန်စဉ် ကျမရှင်းပေး လိုက်သည့်
လခ များမှ သူ့မိဘ များ ယူသုံးထားသည် ဆိုသော အကြွေးများ ဆပ်လိုက်တော့ သူကိုယ် ပိုင်ငွေ
ဟူ၍ ငါးသောင်းခွဲသာ ကျန်သည် ဆိုပါသည်။ “.. ဒါတောင်မှ သမီးရဲ့ အပြန်ခရီး စရိတ် နဲ့ မေမေ
တို့ အတွက် စောင်ဖိုးတွေ အန်တီလေး ကပဲ ပေးလိုက် လို့ အဲလောက် ကျန်သေးတာပါ …” ဟု မျက်နှာလေး
ငယ်ငယ်နဲ့ ပြောလှာ ရှာသည်။ “… မိအို ဖအို ကို
ပေးရတာပဲ သမီးရယ် သမီး သိပ်ကို ကုသိုလ် ရပါတယ်။ ကျေကျေနပ်နပ် ပေးပါ။ သမီးတွက် အန်တီတို့
အိမ်မှာ အစစ တာဝန်ယူထားတာပဲလေ.. ကျမ္မာရေး ရော အဝတ် အစားရော .. သမီး ဘာမှ ပူစရာမရှိဘူး
မဟုတ်လား…အဆင်ပြေအောင် အန်တီလေး လုပ်ပေးတာပဲ
မဟုတ်လား…” ဟု ချော့ မော့ ပြောရပါသည်။ အေးအေး မှာ နုပျိုလှပသူ၊ ငယ်ရွယ်သူ မိန်းခလေး
ပီပီ လှလှပပ နေချင်သည်၊ သူ့ကိုယ်သူလည်း သပ်သပ် ယပ်ယပ် ဝတ်စားဆင်ယင် တတ်သည်၊ ချက်ပြုပ်
လုပ် ကိုင်နေစဉ်တွင်လည်း ကျမ၏အကြိုက် အတိုင်း အတတ်နိုင်ဆုံး သန့်ရှင်းသပ်ယပ်စွာပင်
လုပ်ကိုင်ပေးတတ်လေ့ ရှိသည်။ အိမ်၏ သန့် ရှင်းရေး ကိုမူ ပြောစရာပင်မလိုတော့၊ သူကိုယ်တိုင်လည်း
အသန့် ကြိုက်သူ ဖြစ်ရကား မနက် ကျမ အိပ်ယာ မနိုးမှီပင် လှဲကျင်းပြီးစီးပြီးဖြစ်သည်။
အေးအေး အပေါ်တွင်
ကျမ လွန်စွာ သဘောကျမိသည့် အချက်မှာ ဖေဖေ့ အပေါ် စိတ်ဝင်စားမှု အားကောင်းခြင်းပင် ဖြစ်သည်။ ဖိုးဖိုးကြီး ကို အရိပ်လို
ကြည့် နေလိုသူ၊ ခြေလှုပ် လက်လှုပ် ကစ စောင့်ကြည့်နေသူ ဖြစ်သည်။ မိုးလင်းမှ မိုချုပ်ထိ
ပင် အစားချိန်တန် အစား အသောက်၊ ရေမိုးချိုးချိန်တန်လျှင် ရေပူ ရေအေး လိုသလိုစပ်ပေးခြင်း၊
ဆေးဝါး ချိန်တန်လျှင်ဆေးဝါးစသဖြင့် ဖိုးဖိုးကြီးလိုအပ်သမျှ သူ့ တာဝန်ဟု သူ့ ကိုယ်သူသတ်မှတ်သူဖြစ်ရကား
ကျမမှာ အေးအေး အား လွန်စွာ ကျေးဇူးသာ တင်နေမိတော့သည်။ သူကလေးရှိနေတော့ ကျမ၏ ပွဲရုံလုပ်ငန်းမှ
စာရင်းအင်း များကို ဖြောင့် ဖြောင့် ပင် စီမံ ဆောင်ရွက်နိုင်ရုံမက ကျမ ဝါသနာပါသော အင်တာနက်
ကြည့် ခြင်း၊ ကျမလွန်စွာ စိတ်ဝင်စားသော ဖေ့စ်ဘွတ် စာမျက်နှာ ကိုလည်း မပျက်မကွက် ကြည့်နိုင်ပေသည်။
အသက် အတိုင်းနေရလို့ ဖိုးဖိုးကြီး မရှိတော့ ရင်တောင် မှ သမီး က အန်တီလေးနဲ့ပဲနေချင်တာ
ဟု တီတီ တာတာ ဆိုလာသူဖြစ်ရာ သားသမီး မထွန်းကားသူကျမ အဖို့ မှာတော့ ဒါလည်း သမီးပါပဲလေ
ဟုစိတ်တွင်းမှ သတ်မှတ်နေမိရပြန်သည်။
(၃)
ဖေဖေက နံနက် စောစော သူ့ ဝေယျာဝစ္စ ကိစ္စများပြီး၍ ဈေးသွား
ရန်သူကိုင်နေကျ ဒုတ်ကောက်ဆွဲ လိုက်ချိန်တွင် အေးအေးကလည်း ဈေးခြင်တောင်းကို အဆင်သင်
ဆွဲ ကာ ဖိုးဖိုးကြီး ရဲ့ လက်ကိုတွဲပြီး ဈေးဝယ်ထွက်ကြတော့သည်။ ဖေဖေ က ဟင်းချက်စရာ
ဝယ်ရသည် ကို သဘောကျသူဖြစ်သည်။ ဈေးသည် များက မမှန်မကန်လုပ်သည် ကိုလည်း လုံးဝ လက်မခံ
ဘဲ တလက်စ ထည်း ဖြေရှင်းတတ်သူဖြစ်သည်။ သူ့လို ပင်ကျမ ကိုလည်း လုပ်တတ်စေချင်သည်။ ကျမ
ကတော့ ဖေဖေ့ လိုသတ္တိ မကောင်းသူပါ။
ဒီနေ့ နံနက်ထိတော့
အေးအေးမရောက်သေး၍ ဖေဖေ ဈေးဝယ် မသွားနိုင်ပါ။ ကျမ က ဖေဖေ့ ကို တစ်ယောက်ထည်း ဈေးဝယ်ထွက်မည်
ကို စိတ်မချနိုင်။ မန္တလေးတွင် ကျမ တို့ နေထိုင်ရာ ပါတ်ဝန်းကျင် မှာ လွန်စွာ စည်ကားလွန်းလှသည်ဖြစ်ရာ
ယာဉ်ပေါင်းစုံ၊ လူမျိုးစုံ အပြင် တွန်းလှည်း ဆိုက္ကား စသဖြင့် အနှေးယာဉ်များ နှင့် ရှုပ်ထွေးလွန်း
သဖြင့် ဖေဖေ့ ကို တိုးတိုက်မိမှာ ကို စိုးရိမ်သောကြောင့် ဖေဖေ ဈေးသွားတိုင်း ကျမ အတူတူ
လိုက်ပါ သော အခါ အိမ် အလုပ်များမှာ လစ်ဟင်းပြီး အလျဉ်မမှီတော့၊ အခြား အရေးကြီး လုပ်ငန်းများကိုပါ
ထိခိုက် လာနိုင်သည်ဖြစ်၍ ဖေဖေ ကဈေးကို သမီးပဲ သွားပါတော့ ဆိုလာပါသည်။
အခုတော့ အေးအေးရောက်လာပြီ
ဖြစ်၍ ဖေဖေ ဆန္ဒရှိသလို ဈေးဝယ်ထွက်ခြင်းကို စတင်နိုင်ပါတော့မည်။ “….အန်တီလေး…ရေချိုးမှာ
ဆိုရင် ချိုးလို့ ရပြီနော်..” ဟု အေးအေးက ဆီးဖြူ သီးထောင်းအပြီးမှာ ပြောလာသံ ကြားမှ
အေးအေး ၏ အဖိုးတန်ပုံ ကိုတွေးမိနေသော အတွေးများ ရပ်သွားပါသည်။ အေးပါ သမီး ချိုးမယ်…
ချိုးမယ် ဆိုပြီး သင်ပြီးသားဗူးရွက်တွေ ကို ပလပ်စတစ် ခြင်းငယ်ထဲ ထည့် လိုက်သည်။ “…ဗူးရွက်
ကိုစားခါနီးမှ ခတ် မယ်နော် သမီး..” ဟုပြောရင်း ရေချိုးရန်ပြင်ဆင်ပါသည်။
ရေမိုးချိုးပြီး
အဝတ်စားများလဲ အပြီး သနပ်ခါး လူးနေစဉ်တွင် “… အန်တီလေး ဖိုးဖိုးကြီး ကနေ့လည်စာ ကို
တစ်ချက်ထိုးမှ စားမှာတဲ့ …. အန်တီလေး စားဖို့ ပြင်လိုက်ရတော့ မလား…” ဟုမေးသဖြင့်
“.. ပြင်လိုက် ပြင်လိုက် မနက်တုန်းက ဆီးဖြူသီးထောင်းထဲ ထည့်ဖို့ နံနံ ပင်ဝယ်ဖို့ မေ့လာလို့
ဈေးကို ခဏပြေးလိုက်ဦးမယ်နော်…” ဟုဆိုကာ ခပ်သုတ်သုတ် ဈေးသို့ သွားလိုက်ပါသည်။ ဈေးမှနံနံပင်ဝယ်ပြီး
အပြန် ပါးပြင်ထက်မှ မခြောက်တခြောက် သနပ်ခါးအားလေတိုးသဖြင့် အေးခနဲဖြစ်သွားသော အေးမြမြ
အရသာကိုကျေနပ်စွာ သတိထားလိုက်မိပါသည်။
ငယ်စဉ်က ဖတ်ဖူးသောစာတစ်ပုဒ်တွင်
မှတ်မိနေခဲ့ဖူးသော
လူဆိုတာ အဖော်လေးတော့
ရှိနေမှ ဖြစ်မှာ
ချစ်ဖော်ပဲ
ဖြစ်ဖြစ်… ရဲဘော်ပဲ ဖြစ်ဖြစ်
သီချင်းလေး
တစ်ပုဒ်ပဲ ဖြစ်ဖြစ် …ပန်းတစ်ဆုတ်ပဲ ဖြစ်ဖြစ်
စီးကရက် တစ်လိပ်
ပဲဖြစ်ဖြစ် … ပေါ့
ဆိုသည့် စာပိုဒ်လေးကိုတွေးရင်း
ဘယ် အဖော်မှ ကျမရဲ့ အေးအေးလောက် ကျမရဲ့ ဘဝင် ကိုလက်တွေ့ကျကျ ကျေနပ်မှု မပေးနိုင်ကြပါဘူး
ကွယ် ဟု စိတ်တွင်းမှ ရေရွတ်မိပါသည်။
ပါးပြင်ထက်မှ
အေးမြသည့် သနပ်ခါးထံ တိုးသည့်လေအေးသည်လည်း ကျမ၏ရင်တွင်းသို့ ဖြတ်သန်းတိုးဝင်သွားပါတော့သည်။
(ခံစား နားလည်နိုင်ကြပါစေ။)
နှောင်းနှောင်းစံ
၂၈၊၀၁၊၂၀၁၂
No comments:
Post a Comment