by Khin Maung Nyo on Wednesday, January 25, 2012 at 7:38pm
၂ဝ၁၁ ဆန်ဈေးကွက်။
တစ်ချိန်က အာရှဒေသ၏ ဆန်အိုးကြီးဟု ပြောစမှတ်တွင်ခဲ့သော မြန်မာ့ဆန်စပါးလောကမှာ ယုံတမ်းစကားသဖွယ် ဖြစ်နေသည်။ အထူးသဖြင့် လူဦးရေချင်း စိုက်ဧကချင်း မကွာလှပါပဲနှင့် ထိုင်းနိုင်ငံက ထိပ်တန်းဆန်တင်ပို့သော နိုင်ငံဖြစ်ပြီး မြန်မာက အဘယ့်ကြောင့် နောက်ကောက်ကျသွားရသနည်းဟူသော မေးခွန်းကို အမျိုးမျိုးဖြေဆိုရန် ကြိုးစားနေကြသည့်အတွက် နုန်းနိမ့်ကျခြင်း၊ ရေမဝင်ထွက်ပေါက်များ ရှိနေခြင်းတို့၊ အပြင်ဆန်ကို အဓိကထား၍ စားသုံးသော ဖွံ့ဖြိုးဆဲနိုင်ငံတို့၏ စရိုက်လွှမ်းမိုးဆဲ၊ ဝင်ငွေမြင့် လူလတ်တန်းစားက ရှားပါးဆဲနိုင်ငံတစ်ခုအဖြစ် မြန်မာနိုင်ငံကို ဖော်ပြနေရဆဲဖြစ်သည်။
၂ဝ၁၂ခုနှစ်တွင် ကမ္ဘာ့ဆန်စပါး အထွက်နှုန်းတန်ချိန် ၇၂ဝ.၇ သန်း ရှိမည်ဟု တွက်ဆကြရာ မှတ်တမ်းတင်နိုင်သော ကာလများအတွင်း ၃ ရာခိုင်နှုန်း ပိုမိုမြင့်မားလာခြင်း ဖြစ်သည်။ တကယ်တော့ လပေါင်းများစွာ ရာသီဥတု မကောင်းသည့်ကြားမှ အထွက်တိုးလာခြင်းမှ သီးထပ်အဖြစ် စိုက်ပျိုးခြင်းများကြောင့်လည်း ဖြစ်သည်။ အထူးသဖြင့် လယ်သမားတွေ မနစ်နာစေသော ဆန်ဈေးနှုန်း ရပါစေမည်ဟု အာမခံသော အစီအစဉ်တွေကြောင့် စိုက်ဧကတိုးခဲ့ရာ ကမ္ဘာ့ဆန်စပါး စိုက်ဧက ၂.၂ ရာခိုင်နှုန်း တိုးမည်ဟု မျှော်လင့်ရသည်။
အာရှဒေသရှိ ဆန်စိုက်နိုင်ငံ အတော်များများတွင် ရေလွှမ်းမိုးမှုနှင့် ကြုံတွေ့နေရသော်လည်း တရုတ်နှင့် အိန္ဒိယတို့တွင် သိသိသာသာ အထွက်တိုးမည်ဟု မျှော်လင့်ရပြီး ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်နှင့် ဗီယက်နမ်တို့လည်း အထွက်တိုးမည်။ တရုတ်(တိုင်ပေ)၊ အီရန်၊ တောင်ကိုရီးယား၊ မလေးရှား၊ နီပေါနှင့် တူရကီတို့လည်း အထွက်တိုးမည်။ အာဖဂန်နစ္စတန်၊ အင်ဒိုနီးရှား၊ မြောက်ကိုရီးယားနှင့် ဂျပန်တို့တွင် အထွက်ကျမည်။
၂ဝ၁၁ ခုနှစ်တွင် နိုင်ငံတကာ ဆန်စပါးကုန်သွယ်မှု ၉ ရာခိုင်နှုန်း တိုးပွားခဲ့သည်။ အာရှနှင့် အာဖရိက နိုင်ငံများက အလုံးအရင်း လိုက်ဝယ်ယူမှုများကြောင့် ဆန်စပါးကုန်သွယ်မှု တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုနိုင်ငံက အမြောက်အမြား တင်ပို့မှု၊ အိန္ဒိယနိုင်ငံက ဘာစမာတီမျိုး မဟုတ်သော အခြားဆန်များကို တင်ပို့ရောင်းချနိုင်ခဲ့ခြင်းတို့ကလည်း ဆန်စပါးကုန်သွယ်မှုကို တိုးပွားစေသည်။
၂ဝ၁၂ ဆန်ဈေးကွက်အလားအလာ
ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က လက်ရှိအခြေအနေကိုကြည့်ကာ ယခင်ခန့်မှန်းချက်၏ ၁ ရာခိုင်နှုန်း လျော့ကျပြီး ကမ္ဘာ့ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်မည်ဟု ခန့်မှန်းသမျှ တစ်နည်းအားဖြင့် တန်ချိန် ၃၃.၈ သန်း လျော့ကျမည်။ ယခင်က ဆန်တင်သွင်းနေကျ နိုင်ငံများသည် ပြည်ပမှ တင်သွင်းမှုကို လျှော့ချကာ ပြည်တွင်း၌ ဆန်ဖူလုံရန် ကြိုးစားလာကြသဖြင့် ဝယ်လိုအား လျော့နည်းလာခဲ့သည်။ ပို့ကုန်ဘက်တွင် ပြည်တွင်း၌ ဆန်ဈေးမြှင့်ဝယ်ယူသော ထိုင်းနိုင်ငံသည် ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်း လျော့ကျကာ ပို့ကုန်တင်ပို့ရောင်းချမှု ထိခိုက်နိုင်သည်။ ဆန်တင်ပို့မှုကို ပိတ်ပင်ထားသော အိန္ဒိယနိုင်ငံက ထိုင်းပို့ကုန် လျော့ကျမှုကို အစားထိုးနိုင်သည်။ သြစတြေးလျ၊ တရုတ်၊ ပါကစ္စတန်နှင့် ဗီယက်နမ်တို့တွင် တင်ပို့နိုင်မည့် အလားအလာကောင်းသလောက၊် မြန်မာ အပါအဝင် အာဂျင်တီးနား၊ ဘရာဇီး၊ အမေရိကန်နှင့် ဥရုဂွေးတို့တွင် အရောင်းကျနိုင်သည်။
ယခင်နှစ်ကထက် ၃ ရာခိုင်နှုန်းလျှော့ပြီး တင်သွင်းမည်ဟု ခန့်မှန်းသော အာရှနိုင်ငံများထဲ၌ အများဆုံးလျှော့မှ ဝယ်ယူမည့်နိုင်ငံမှာ ဘင်္ဂလားဒေ့ရှ်ဖြစ်သည်။ ယခင်နှစ်က ဝယ်ယူထားသော လက်ကျန်များ ရှိနေခြင်း၊ ၂ဝ၁၁ ခုနှစ်တွင် သီးနှံအထွက်ကောင်းခဲ့ခြင်းတို့ကြောင့်၊ ဘင်္ဂလားဒေ့ရှ်တွင် ဆန်ဈေးနှုန်းများ ကျဆင်းခဲ့သည်။ အင်ဒိုနီးရှား၌ ကိုရီးယားက ဝယ်ယူမှု မြင့်မားနိုင်သည်။ ဖိလစ်ပိုင်က ယခင်နှစ်၏ ထက်ဝက်ခန့် ပိုမိုတင်သွင်းမည်။ သီရိလင်္ကာ၌ ရေလျှံခဲ့သော်လည်း လယ်မြေသစ်ဖော်ထုတ်မှုများ၊ ပြည်တွင်းဒေသအချို့တွင် အထွက်ကောင်းခြင်းများကြောင့် ပြည်တွင်း၌ ဖူလုံသော ဆန်လက်ကျန် ရှိနေသည်။ ဥရောပသမဂ္ဂက ၈ ရာခိုင်နှုန်း တိုးချဲ့ဝယ်ယူနိုင်သည်။
လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံ၏ တင်ပို့မှု ၁၄ ရာခိုင်နှုန်း ကျဆင်းမည်။ ကမ္ဘောဒီးယားက ပြည်တွင်းတွင် ကြိတ်ခွဲခြင်း မပြုနိုင်၍ အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့ခြင်း၊ ပြန်လည်တင်ပို့ရောင်းချခြင်းများ ပြုလုပ်မည်။ ထိုင်းနိုင်ငံတွင် ဆန်ဈေးတက်ခြင်းကြောင့် ကမ္ဘောဒီးယားနှင့် မြန်မာတို့ကဲ့သို့သော အိမ်နီးချင်းနိုင်ငံများမှ ဆန်များ ထိုင်းနိုင်ငံသို့ ဝင်ရောက်နိုင်သည်။
Rice Market Moniton Nov,2011
No comments:
Post a Comment