၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလ ၂၀ ရက်ထုတ် "The Washington Post" သတင်းစာမှာ
မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံမေးမြန်းခန်းကို ဖတ်လိုက်ရတယ်။
ထိုသတင်းစာနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံမှာ
ဆင်းရဲမွဲတေမှုနှုန်း ၂၆%၊
ပြည်တွင်းအလုပ်လက်မဲ့ဦးရေနှုန်းထားဆိုးရွားမှုနှင့် မြန်မာနိုင်ငံသူ
နိုင်ငံသား ၃ သန်းနီးပါး ပြည်ပထွက် အလုပ်လုပ်ကိုင်ကြရတာဟာ နှစ်ပေါင်း ၂၀
ကျော်ကြာ အနောက်နိုင်ငံမှ မြန်မာနိုင်ငံအပေါ်
စီးပွားရေးပိတ်ဆို့မှုကြောင့်လို့ ပြောဆိုသွားခဲ့ပါတယ်။ ယခုလို သမ္မတ၏
ပြောဆိုမှုနဲ့ ပတ်သက်ပြီး ကျနော့အတွေးထဲမှာ မေးခွန်းတချို့ထွက်ပေါ်လာပါတယ်။
၁၉၈၈ ခုနှစ် လူထုအုံကြွမှုနောက်ပိုင်း စစ်အုပ်စုအာဏာသိမ်းပြီးချိန်မှ
စတင်လျှင် ယနေ့အချိန်ထိ နှစ်ပေါင်း ၂၀ ကျော်ကာလအတွင်း မြန်မာနိုင်ငံဟာ
လက်ရှိအခြေအနေတိုင် ဆင်းရဲတွင်း နက်သထက် နက်ခဲ့ရပြီး
ချွတ်ခြုံကျခဲ့ရခြင်းဟာ လက်ရှိ မြန်မာနိုင်ငံ သမ္မတ
ဦးသိန်းစိန်သုံးသပ်သလိုပဲ Sanction နဲ့ တိုက်ရိုက်ပတ်သက်သလား။
ပတ်သက်ခဲ့ရင် ဘယ်အတိုင်းအတာအထိ ပတ်သက်မှုရှိသလဲ။ ဒါမှမဟုတ် တခြား
အကြောင်းအရာတွေ ရှိနိုင်သလား။ ဥပမာ - မြန်မာနိုင်ငံ ယနေ့အခြေအနေအထိ
ချွတ်ခြုံကျသွားခဲ့ရခြင်းဟာ အုပ်ချုပ်သူ စစ်အာဏာရှင်တစုရဲ့
တိုင်းပြည်စီမံခန့်ခွဲမှုစွမ်းရည် ညံ့ဖျင်းခြင်း၊
အာဏာအလွဲသုံးစားပြုခြင်းနှင့် အဂတိလိုက်စားခြင်းများကြောင့်ရော
မဖြစ်နိုင်ဘူးလား။
ပထမဆုံး ကျနော်လေ့လာမိတာက
မြန်မာနိုင်ငံရဲ့ အလုပ်လက်မဲ့ဦးရေနှုန်းထားပါ။
သမ္မတဦးသိန်းစိန်ရည်ညွန်းသလိုပဲ မြန်မာနိုင်ငံမှာ အလုပ်လုပ်မဲ့ဦးရေ အဆမတန်
များပြားနေသလားဆိုတာပါ။ International Monetary Fund ( 2011 World
Economic Outlook ) စာရင်းဇယားအရ မြန်မာနိုင်ငံမှာ အလုပ်လက်မဲ့ဦးရေ
ရာခိုင်နှုန်းဖြင့် ၄.၀၇% ( ၁၉၉၈)၊ ၄.၀၂% (၂၀၀၃)၊ ၄.၀၂% (၂၀၀၇)၊ ၄.၀၂%
(၂၀၁၀) ရှိပါတယ်။
CIA - The World Factbook
မှာတော့ (၁ ရာခိုင်နှုန်းသာသာပိုများပြီး) မြန်မာနိုင်ငံဟာ အလုပ်လက်မဲ့ဦးရေ
၅.၇% (၂၀၁၀) နဲ့ ကမ္ဘာအဆင့် ၅၁ မှာရှိပါတယ်။ ယင်း CIA - The World Factbook
၏ အလုပ်လက်မဲ့ဦးရေစာရင်းမှာ Malaysia က ၃.၄% (အဆင့် ၂၆)၊ Cambodia က ၃.၅%
(အဆင့် ၂၇)၊ Australia က ၅.၂% (အဆင့် ၄၈)၊ Myanmar က ၅.၇% (အဆင့် ၅၁)၊
Indonesia က ၇.၁% (အဆင့် ၇၃)၊ United Kingdoms က ၇.၈% (အဆင့် ၈၆)၊ Canada က
၈.၀% (အဆင့် ၉၂)၊ France က ၉.၃% (အဆင့် ၁၀၄)၊ U.S. က ၉.၆% (အဆင့် ၁၀၈)
အသီးသီးရှိပါတယ်။
ဒီစာရင်းဇယားတွေကိုကြည့်ရင် ကျနော်တို့ မြန်မာနိုင်ငံရဲ့
အလုပ်လက်မဲ့ဦးရေနှုန်းထားဟာ အင်ဒိုနီးရှား၊ ပြင်သစ်၊ ကနေဒါ၊
အမေရိကန်ပြည်ထောင်စုနဲ့ ဗြိတိန်နိုင်ငံများထက် လျော့နည်းပါတယ်။ ဆိုလိုတာက
ကျနော်တို့နိုင်ငံမှာ အလုပ်လက်မဲ့ဦးရေနှုန်းထားဟာ သမ္မတဦးသိန်းစိန်
ပြောသလောက် အခြေအနေ အရမ်းမဆိုးသေးပါဘူး။ တိုးတက်နေတဲ့
နိုင်ငံကြီးတွေမှာတောင် ကျနော်တို့ နိုင်ငံထက် အလုပ်လက်မဲ့ဦးရေ
ပိုများနေပါတယ်။ ဒါကြောင့် သမ္မတဦးသိန်းစိန် ပြောဆိုသွားတဲ့
မြန်မာနိုင်ငံတွင် ဆိုးရွားသောအလုပ်လက်မဲ့ဦးရေနှုန်းထားဟာ Sanction
ကြောင့် ဖြစ်တယ်လို့ တဖက်သတ် ပြောဆိုတာဟာ မမှန်ပါဘူး။
လွန်ခဲ့တဲ့ ၁၀ နှစ်တာ ကာလအတွင်း မြန်မာပြည်သူလူထု အယောက် ၁၀၀ မှာ ၉၅ ယောက်
အလုပ်လုပ်ကြတယ်။ ဒါပေမယ့် တနိုင်ငံလုံး အတိုင်းအတာအရ ပြည်သူတွေ
ဆင်းရဲမွဲတေခဲ့တယ်။ ဒါဆိုရင် တိုင်းပြည်ရဲ့ ၀င်ငွေ GDP က မဖွံ့ဖြိုးလို့ပဲ
ကျနော်တို့ တိုင်းပြည်မှ ပြည်သူတွေ ဆင်းရဲမွဲတေခဲ့တာလား။ ဒါကြောင့်
ဗိုလ်သန်းရွှေ မြန်မာ့နိုင်ငံရေးလောက၏ ကန့်လန့်ကာနောက်ကွယ်မ၀င်ခင် နောက်ဆုံး
၅ နှစ်တာကာလ မြန်မာနိုင်ငံရဲ့ GDP နဲ့ Budget Expense ကို
ပြန်လေ့လာကြည့်မိတယ်။
CIA - The World
Factbook စာရင်းအရ၂၀၁၀ ခုနှစ် မြန်မာနိုင်ငံမှာ GDP ( Purchasing Power
Parity ) အနေနဲ့ $76.47 billions ၀င်ခဲ့ပြီး
ကမ္ဘာ့ဝင်ငွေများသောနိုင်ငံအဆင့် ၈၀ ရှိခဲ့တယ်။ ၂၀၀၉ မှာ $72.65 bn နဲ့ ၂၀၀၈
မှာ $69.1 bn ၀င်ခဲ့တယ်။ နိုင်ငံပေါင်း ၂၂၇ နိုင်ငံစာရင်းမှာ လူဦးရေ ၅၅
သန်းသာရှိတဲ့ နိုင်ငံအနေနဲ့ ၀င်ငွေများသောတိုင်းပြည်အဆင့် ၈၀ ရှိတယ်ဆိုတော့
အခြေအနေ သိပ်မဆိုးဘူး။ GDP Real Growth Rate အနေနဲ့လည်း ၂၀၀၈ မှာ ၃.၆%၊
၂၀၀၉ မှာ ၅.၁%၊ ၂၀၁၀ မှာ ၅.၃% (ကမ္ဘာ့အဆင့် ၆၅) နှုန်းနဲ့ နှစ်စဉ်
တိုင်းပြည်ဝင်ငွေ တိုးခဲ့တယ်။
"The
Economist" magazine ရဲ့ နှစ်စဉ်ထုတ် တကမ္ဘာလုံးဆိုင်ရာ စာရင်းဇယားအရလည်း
မြန်မာနိုင်ငံဟာ (၁၉၉၈-၂၀၀၈) ၁၀ နှစ်တာကာလအတွင်း တိုင်းပြည်ဝင်ငွေ
တိုးတက်မှုနှုန်း ( Increase in Real GDP ) ၁၁.၇% နဲ့ ကမ္ဘာ့အဆင့်
ဝင်ငွေတိုးနှုန်း နိုင်ငံ ၁၀ နိုင်ငံစာရင်းမှာ နံပါတ် ၄ နေရာနဲ့၊ China (
အဆင့် ၈ )၊ Cambodia ( အဆင့် ၉ )၊ Malaysia ( အဆင့် ၄၆)
နိုင်ငံအသီးသီးတို့ထက် ရှေ့ရောက်ခဲ့တယ်။
ဆန်စိုက်ပျိုးထုတ်လုပ်မှုမှာလည်း ၂၀၀၈-၂၀၀၉ စာရင်းဇယားများအရ
မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆင့် ၈ နေရာနဲ့ ကမ္ဘာ့ဆန်စိုက်ပျိုးထုတ်လုပ်မှု
အမြင့်ဆုံး ၁၀ နိုင်ငံစာရင်းဝင်ခဲ့တယ်။
ဒီစာရင်းဇယားတွေကို ကြည့်ရင် အနောက်နိုင်ငံများမှ မြန်မာနိုင်ငံအပေါ်
စီးပွားရေး ပိတ်ဆို့ခဲ့ပေမယ့် မြန်မာနိုင်ငံရဲ့ နှစ်စဉ် တိုင်းပြည်ဝင်ငွေဟာ
တိုးလို့သာ လာခဲ့တယ်။ ဒီနေရာမှာ စဉ်းစားစရာကောင်းတာက ကျနော်တို့
မြန်မာနိုင်ငံဟာ တတိုင်းပြည်လုံးအနေနဲ့ နှစ်စဉ်ဝင်ငွေတိုးခဲ့ပေမယ့်
ကျနော်တို့ ပြည်သူပြည်သားတွေ ဘာကြောင့် ဆင်းရဲတွင်းနက်သထက် နက်ခဲ့ကြရပြီး
မချောင်မလည်ဖြစ်နေရတာလဲ။
ဒီနေရာမှာ
ဗိုလ်သန်းရွှေလက်ထက် မြန်မာစစ်အစိုးရ၏ တိုင်းပြည်အတွက် အသုံးစရိတ်
လျာထားချက်ကို ကျနော် ထပ်လေ့လာကြည့်မိတယ်။ The Economist magazine ရဲ့
နှစ်စဉ်စာရင်းဇယားအရ ၂၀၀၆ ခုနှစ်မှာ ဗိုလ်သန်းရွှေလက်ထက် မြန်မာနိုင်ငံဟာ
တိုင်းပြည်ဝင်ငွေ GDP ရဲ့ ၁၈.၇ % ( $ 6.9 bn ) ကို စစ်တပ်အတွက် သုံးခဲ့တယ်။
ဒါကြောင့် ၂၀၀၆ ခုနှစ်မှာ ဗိုလ်သန်းရွှေဟာ တိုင်းပြည်ရဲ့ GDP ကို
စစ်တပ်အတွက် ပမာဏအများဆုံး သုံးတဲ့ အစိုးရအဖြစ်နဲ့ ကမ္ဘာမှာ နံပါတ် ၁ စာရင်း
ဝင်သွားခဲ့တယ်။
ဗိုလ်သန်းရွှေလက်ထက်
စစ်အုပ်စုဟာ တိုင်းပြည်ဝင်ငွေရဲ့ ၁၈.၇ % ကို စစ်တပ်အတွက် သုံးခဲ့လို့ ၂၀၀၆
ခုနှစ်မှာ တိုင်းပြည်ဝင်ငွေမှ စစ်အသုံးစရိတ်ရာခိုင်နှုန်းအရ အသုံးအများဆုံး
အစိုးရအဖြစ်နဲ့ ကမ္ဘာမှာ နံပါတ် ၁ ဖြစ်ခဲ့ပေမယ့်၊ ၂၀၀၇ ခုနှစ်မှာ
တိုင်းသူပြည်သားများရဲ့ ကျန်းမာရေးအတွက် အသုံးစရိတ်တွင်တော့ ကမ္ဘာမှာ နံပါတ်
၁ အသုံးအနည်းဆုံး အစိုးရဖြစ်ခဲ့တယ်။ ၂၀၀၇ ခုနှစ်မှာ တိုင်းပြည်ကို စေတနာ
အရမ်းထားတယ်ဆိုတဲ့ ဗိုလ်သန်းရွှေဟာ ကျနော်တို့ ပြည်သူပြည်သားတွေရဲ့
ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍနှစ်ရပ်လုံးအတွက် သုံးတဲ့ အသုံးစရိတ်ဟာ
တိုင်းပြည်ဝင်ငွေရဲ့ ၅ % မကျော်ခဲ့ပါဘူး။ ဒီတော့ ဒီတိုင်းပြည်မှာ နေတဲ့
ပြည်သူတွေရဲ့ ကျန်းမာရေးနဲ့ ပညာရေး ဆုတ်ယုတ်သထက် ဆုတ်ယုတ်သွားခဲ့ရတယ်။
ဒီလို အစိုးရက ပြည်သူတွေရဲ့ ကျန်းမာရေးအတွက် အသုံးစရိတ်ကို စေတနာမထားခြင်၏
အကျိုးဆက်အဖြစ် ကျနော်တို့ မြန်မာနိုင်ငံမှာ မွေးကင်းစ ကလေး သေနှုန်းဟာ
(၂၀၁၀-၁၅) ကလေး ၁,၀၀၀ မှာ ၆၃.၄ ယောက်သေပြီး ကမ္ဘာ့အဆင့် ၃၁ ဖြစ်ခဲ့တယ်။
ကမ္ဘာမှာ Lowest Life Expectancy အနေနဲ့ လူတယောက်ဟာ ပျမ်းမျှ ၆၄.၅ နှစ်အထိပဲ
နေရပြီး ကမ္ဘာ့အဆင့် ၄၈ (၂၀၁၀) ဖြစ်ခဲ့တယ်။
ဗိုလ်သန်းရွှေလက်ထက် စစ်အစိုးရဟာ အဲဒီလို ကျနော်တို့ ပြည်သူတွေရဲ့
ကျန်းမာရေးအတွက် ကမ္ဘာမှာ အသုံးအနည်းဆုံး နံပါတ် ၁ အစိုးရ (၂၀၀၇)
ဖြစ်ခဲ့ပေမယ့်၊ တိုင်းပြည်ဝင်ငွေအတော်များများကို နေပြည်တော်ဆိုတဲ့
မြို့သစ် တည်ဆောက်ရေးအတွက်တွင်တော့ မလိုအပ်ဘဲ ဗုံးဘောလအောသုံးခဲ့တယ်။
ဒါကြောင့်လည်း ၂၀၀၅-၁၀ စာရင်းဇယားများအရ တိုးချဲ့မှုအမြန်ဆုံး ( Average
Annual Growth ) ကဏ္ဍမှာ ဗိုလ်သန်းရွှေ မလိုအပ်ဘဲ တည်ခဲ့တဲ့ နေပြည်တော်ဟာ
ကမ္ဘာမှာ နံပါတ် ၁ တိုးချဲ့မှုအမြန်ဆုံးမြို့အဖြစ်နဲ့ Dubai, UAE (အဆင့် ၃၇)
လို မြို့မျိုးရဲ့ အရှေ့ကို နေ့ချင်းညချင်း လျင်မြန်စွာ ရောက်ခဲ့တယ်။
ဗိုလ်သန်းရွှေလက်ထက် စစ်အစိုးရဟာ ပြည်သူ့ကျန်းမာရေးနဲ့ ပညာရေး
နှစ်ခုလုံးအတွက် တိုင်းပြည်ဝင်ငွေရဲ့ ၅ % ပြည့်အောင်မသုံးခဲ့ဘူး။ အဲဒီလို
တိုင်းပြည်အတွက် လိုအပ်တဲ့ ကဏ္ဍတွေမှာ မသုံးဘဲ နေပြည်တော်မြို့တည်ဖို့
စီမံကိန်းအတွက်တွင်တော့ ကမ္ဘာမှာ တိုးချဲ့မှုအမြန်ဆုံးမြို့အဖြစ်နဲ့
စံချိန်တင်နိုင်ခဲ့တယ်။
ဒီတော့ ကျနော်တို့
မြန်မာနိုင်ငံဟာ ဗိုလ်သန်းရွှေရဲ့ စစ်အာဏာရှင်စနစ်ဆိုးအောက်မှာ ရှိခဲ့စဉ်
တိုင်းပြည်၏ စီးပွားရေးဝင်ငွေ တိုးခဲ့တယ်။ Sanction ကြောင့်
မြန်မာနိုင်ငံကို အနောက်နိုင်ငံများမှ လုပ်ငန်းရှင်များ တရားဝင် လာရောက်
ရင်းနှီးမြှုပ်နှံပိုင်ခွင့် မရှိလို့
မြန်မာနိုင်ငံ၏စီးပွားရေးမတိုးတက်ခဲ့ဘူးဆိုတာ ဗိုလ်သန်းရွှေလက်ထက်
စစ်အစိုးရ၏ မရိုးသားသော ၀ါဒဖြန့်သက်သက်ပါ။ အမှန်မှာ မြန်မာနိုင်ငံ၏
နောက်ဖေးပေါက်မှ လာရောက်ရင်းနှီးမြှုပ်နှံသော တိုင်းပြည်များစွာ
ရှိနေခဲ့ပါတယ်။ ဒါဆို မြန်မာနိုင်ငံမှာ တနိုင်ငံလုံးအနေနဲ့
စီးပွားရေးဝင်ငွေ နှစ်စဉ်တိုးနေရက်နဲ့ ဘာကြောင့် ပြည်သူလူထု ဆင်းရဲမွဲတေမှု
ဆက်လက် မြင့်မားနေသလဲ။
၂၀၀၉-၁၀ စာရင်းအရ
အစိုးရအလိုက် အဂတိလိုက်စားမှုစံညွှန်းများအရ မြန်မာနိုင်ငံဟာ
အဂတိအလိုက်စားဆုံး ကမ္ဘာ့ထိပ်ဆုံး နိုင်ငံ ၅ နိုင်ငံမှာ အဆင့် ၃ ရခဲ့ပါတယ်။
အဲဒီ စာရင်းမှာ Somalia (နံပါတ် ၁)၊ Afghanistan (နံပါတ် ၂)၊ Iraq
(နံပါတ် ၃) နိုင်ငံတို့နဲ့အတူ ဗိုလ်သန်းရွှေလက်ထက် စစ်အစိုးရဟာ
ကမ္ဘာ့အဆိုးရွားဆုံး အဂတိလိုက်စားသော နိုင်ငံအဖြစ် သတ်မှတ်ခံခဲ့ကြရပါတယ်။
ဗိုလ်သန်းရွှေလက်ထက် စစ်အာဏာရှင်စနစ်ဖြင့် တိုင်းပြည်ကို အုပ်ချုပ်ခဲ့တဲ့
အချိန်မှာ စစ်တပ် ကြောထောက်နောက်ခံ ဦးပိုင်လို ကုမ္ပဏီတွေ၊
ဗိုလ်ချုပ်ကြီးများနှင့် ပတ်သက်သူ နီးစပ်သူ စီးပွားရေးလုပ်ငန်းရှင်များသာ
နေရာရပြီး တိုင်းပြည်ရဲ့ အထင်ကရ စီးပွားရေးလုပ်ငန်းကြီးများကို လက်ဝါးကြီး
အုပ်ခဲ့ကြတယ်။ ဗိုလ်သန်းရွှေကို မှီပြီး ပြည်သူတွေကို ဂုတ်သွေးစုတ်၊
မြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်ပိုင်ခွင့်များကို ခိုးယူလုယက်
လက်ဝါးကြီးအုပ်ပြီးမှ ချမ်းသာလာတဲ့ တေဇလို ခေတ်ပျက်သူဌေးတွေ
မြန်မာနိုင်ငံမှာ အစီအရီ ပေါ်ပေါက်လာတယ်။
ဒီတော့ မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေမှု ဘာကြောင့်ကြီးမားပြီး ကျနော်တို့
ပြည်သူတွေ ဘာကြောင့် လူတန်းစေ့ မနေရသလဲဆိုတဲ့ အဖြေဟာ ဒီ စာရင်းဇယားတွေကို
ကြည့်ရင် သိသာပါတယ်။ ဗိုလ်သန်းရွှေလက်ထက် စစ်အစိုးရရဲ့
တိုင်းပြည်အုပ်ချုပ်မှုစွမ်းရည် ညံ့ဖျင်းခြင်း၊ တိုင်းပြည်ရဲ့ သယံဇာတတွေကို
မိမိ တဦးတည်း စစ်အုပ်စု အဖွဲ့အစည်းပိုင်အဖြစ် ခိုးဝှက်လုယူခဲ့ကြခြင်း၊
စီးပွားရေးနဲ့ နိုင်ငံရေးလုပ်ပိုင်ခွင့်ကို ပြည်သူ့အကျိုးအတွက် အသုံးမချဘဲ
ငါနဲ့ ငါ့မိသားစုအတွက်ဆိုတဲ့ အတ္တကြီးစွာ အာဏာအလွဲသုံးစား
လုပ်ခဲ့ကြခြင်းများကြောင့်သာ ကျနော်တို့ ပြည်သူတွေ ဆင်းရဲတွင်း နက်သထက်
နက်ခဲ့ကြရတယ်။ ခြုံပြောရရင် ကျနော်တို့ ပြည်သူတွေ စစ်ကျွန်ဖြစ်ခဲ့ရလို့
တိုင်းပြည်မနာသင့်ဘဲ နာခဲ့ရတယ်။
အမှန်တော့
မြန်မာနိုင်ငံအပေါ် အနောက်အုပ်စုရဲ့ စီးပွားရေး ပိတ်ဆို့မှုနဲ့ ပတ်သက်ပြီး
ကမ်းလှမ်းထားတဲ့ သဘောထားဟာ အင်မတန်ရှင်းပါတယ်။ ဗိုလ်သန်းရွှေ
စစ်အုပ်စုအနေနဲ့ မိမိအာဏာတည်မြဲရေးအတွက် ပြည်သူတွေကို မဖိနှပ် မရက်စက်ဖို့
တောင်းဆိုခဲ့တယ်။ ဒါပေမယ့် ဒီလို ရိုးရှင်းတဲ့ တောင်းဆိုချက်လေးကို
ဗိုလ်သန်းရွှေ လိုက်မလုပ်နိုင်ခဲ့ဘူး။
ဒါပေမယ့် ဒီအချိန်မှာ ဦးသိန်းစိန်အစိုးရဟာ ဘာလို့ အခုလို
ပြုပြင်ပြောင်းလဲရေးတွေ လုပ်ပြပြီး Sanction ကို ဖွင့်ပေးဖို့ အသည်းအသန်
ရုပ်ပျက်ဆင်းပျက် တောင်းဆိုနေသလဲ။ အဖြေက ရှင်းပါတယ်။ ဗိုလ်သန်းရွှေမိသားစု၊
သူနှင့် နီးစပ်ရာ ဗိုလ်ချုပ်ကြီးများ၊ ခေတ်ပျက်သူဌေးများဟာ
သူတို့ဆယ်သက်စားမကုန်တဲ့ စည်းစိမ်ချမ်းသာဟူသမျှကို မြန်မာနိုင်ငံမှ
စုပ်ယူစုဆောင်းပြီးပြီ။ အခုချိန်မှာ သူတို့ပိုင်ဆိုင်တဲ့
စည်းစိမ်ချမ်းသာဟူသမျှကို တပြားတချပ် တိုင်းပြည်ကို ပြန်မအပ်လိုဘဲ ဆက်လက်
သိမ်းထားချင်တယ်။ နောက် စီးပွားရေးလုပ်ပိုင်ခွင့်တွေကို
ဆက်လက်ထိန်းသိမ်းထားလိုကြတယ်။အဲဒီလို သူတို့ရဲ့ တိုင်းပြည်က မတရားယူထားတဲ့
ပိုင်ဆိုင်မှုတွေကို အနောက်နိုင်ငံမှာ ရှိတဲ့ ဘဏ်လုပ်ငန်းများနှင့်
အခြားလုပ်ငန်းများတွင် သွားရောက် ရင်းနှီးမြှုပ်နှံပြီး ငွေဖြူအဖြစ်
ပြောင်းလဲချင်တယ်။ ဒီလို ငွေမဲက ငွေဖြူအဖြစ် ပြောင်းလဲပြီးမှသာ သူတို့ရဲ့
တိုင်းပြည်က ခိုးဝှက်လုယူထားတဲ့ ငွေမဲတွေအတွက် တရားဝင် လုံခြုံမယ်။
ဒါပေမယ့် အခု မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုများကြောင့်
သူတို့အတွက် အင်မတန် အကျပ်ရိုက်နေတယ်။ ဒါကြောင့် သူတို့အကျိုးစီးပွားအတွက်
Sanction ကို အမြန်ဆုံး ပြန်ဖွင့်စေချင်တယ်။
ဒါတွေကို ကျနော် ပြောနေတာ အခုလက်ရှိ ဦးသိန်းစိန်အစိုးရလုပ်နေတဲ့
ပြုပြင်ပြောင်းလဲရေးတွေကို မလိုလားလို့ မဟုတ်ဘူး။ အခု ဦးသိန်းစိန်
အစိုးရလုပ်နေတဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို ကျနော်တို့ ပြည်သူတွေ
ကြိုဆိုတယ်။ ၀မ်းသာတယ်။ ဒါပေမယ့် ဦးသိန်းစိန်အစိုးရအနေနဲ့
အခုလက်ရှိလုပ်နေတဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီဖေါ်ဆောင်ရေးအတွက်
ပြုပြင်ပြောင်းလဲရေးတွေကို ကျနော်တို့ ပြည်သူတွေ အကြွင်းမဲ့
ယုံကြည်စေချင်တယ်ဆိုရင် အတိတ်မှာ အရင်အစိုးရမှားခဲ့တဲ့ အမှားတွေ၊
မသမာမှုတွေနဲ့ ပတ်သက်လို့ ပြန်ပြောင်းပြောတဲ့အခါ တရားလက်လွတ်
မဖြစ်စေချင်ဘူး။ စစ်မှန်သော ဒီမိုကရေစီစနစ်မှာ
လက်ရှိအစိုးရရဲ့သမ္မတဖြစ်တဲ့သူဟာ အရင်သမ္မတနဲ့ အုပ်ချုပ်သူလက်ထက်က
ယိုယွင်းပျက်စီးခဲ့တဲ့ အမှားတွေကို လူသိရှင်ကြား ဝေဖန်ပိုင်ခွင့်ရှိပါတယ်။
ဝေဖန်ရဲရမယ်။ မျက်နှာထောက်စရာရှိနေလို့ မဝေဖန်ရဲဘူးဆိုရင်တောင်
သမိုင်းအမှားတွေကိုတော့ ပြည်သူတွေ အမှန်ထင်အောင် မပြောသင့်ဘူး။ ကျနော်တို့
အတိတ်ကို မေ့ထားလို့ မရဘူး။ အတိတ်မှာ လွဲမှားခဲ့တဲ့ အမှားတွေကို ကျနော်တို့
အသိအမှတ်ပြုဆင်ခြင်မှသာ အနာဂတ်မှာ အဲဒီလို အမှားတွေ ထပ်မမှားအောင်
ကျနော်တို့ ပြင်ဆင်နိုင်မယ်။
ဒီနေရာမှာ
တပ်မတော်မှာ ရှိတဲ့ ကျနော်တို့ ပြည်သူတွေက ပေါက်ဖွားလာတဲ့ ကျနော့
ညီအစ်ကိုတွေကို ပြောချင်တာက ကျနော်တို့ တိုင်းပြည်ဟာ လွဲမှားတဲ့
စနစ်ဆိုးကြောင့် နှစ်ပေါင်း ၄၀ ကျော် နာခဲ့ပြီးပါပြီ။ ကျနော်တို့
ပြည်သူတွေဟာလည်း အဲဒီ စနစ်ဆိုးကြောင့် ခါးစည်းပြီး ခံခဲ့ကြရပြီးပြီ။
ကျနော်တို့ အတိတ်မှာ မှားယွင်းခဲ့တဲ့ ဒဏ်ရာဒဏ်ချက်တွေကို
ပြန်ပြောင်းပြောနေတာဟာ အနာဟောင်းတွေကို ဆွနေတာ မဟုတ်ဘူး။ ကျနော်တို့ အတိတ်က
အမှားတွေကို ဆင်ခြင်နိုင်အောင် သတိပေးနေတာပါ။ ဒါမှသာ အဲဒီလို အမှားတွေကို
ကျနော်တို့ နောက်ထပ်မလုပ်နိုင်မှာပါ။
ကျနော်တို့ မြန်မာ ပြည်သူတွေဟာ အင်မတန် ဖြူစင်ပြီး ချစ်စရာကောင်းပါတယ်။
အတိတ်မှာ ဘယ်လိုပဲ မျိုးတူခြင်း စစ်ကျွန်ဘ၀ ရောက်ခဲ့ရပေမယ့် ကျနော်တို့
နားလည်မှုနဲ့ သဘောထားကြီးနိုင်ကြပါတယ်။ စစ်အုပ်စုကသာ
ပြည်သူ့အကျိုးစီးပွားအတွက် စေတနာအမှန်နဲ့ ပြုပြင်ပြောင်းလဲမယ်ဆို
ကျနော်တို့ ပြည်သူတွေမှာ အာဃာတတွေနဲ့ ကလဲ့စားချေလိုစိတ်တွေ မရှိဘူး။
သို့သော် အတိတ်မှာ ဖြစ်ခဲ့တဲ့ အရှိတရား၊ အမှန်တရားတွေကိုတော့ ရိုးသားတဲ့
ကျနော်တို့ ပြည်သူတွေကို သင်ပုန်းချေခိုင်းလို့ မရဘူး။ တပ်မတော်မှာ
ပြည်သူတွေရဲ့ အကျိုးကို စေတနာမှန်နဲ့ ဦးထိပ်ပန်ဆင်ချင်တဲ့ စစ်သည်၊
စစ်သား၊ ရဲဘော်နဲ့ အရာရှိတွေ ရှိနေသေးတယ်ဆိုတာကို ကျနော်တို့ ပြည်သူတွေ
ယုံကြည်တယ်။
ကျနော်တို့ တိုင်းပြည်
ဖွံ့ဖြိုးတိုးတက်ဖို့အတွက် တပ်မတော်ရဲ့ အခန်းကဏ္ဍဟာ အင်မတန် အရေးကြီးပါတယ်။
သို့သော် အဲဒီ အခန်းကဏ္ဍဟာ တပ်မတော်သည် နိုင်ငံတော် စီမံအုပ်ချုပ်ရေး၌
နေရာတိုင်း ရှေ့ဆုံးမှ ဦးဆောင်ရမည်တော့ မဟုတ်ပါ။ အဲဒီ အခန်းကဏ္ဍဟာ
ဘာလဲဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းချမှတ်ခဲ့တဲ့ စည်းမျဉ်း စည်းကမ်းတွေကို
လိုက်နာကျင့်သုံးတဲ့ တပ်မတော်တရပ်ဖြစ်ဖို့ပါပဲ။ ပြည်သူက မကြောက်မရွံ့
နွေးထွေးစွာ ယုံကြည်အားကိုးနိုင်တဲ့ တပ်မတော်ဖြစ်ဖို့ပါပဲ။ တပ်မတော်ဟာ
အုပ်ချုပ်သူလူတန်းစား လူတစု၊ အုပ်စုတစုရဲ့ အကျိုးစီးပွားကိုမကြည့်ဘဲ
ပြည်သူတွေရဲ့ အကျိုးကို ဦးထိပ်ပန်ဆင်တဲ့ ပြည်သူချစ်တဲ့ တပ်မတော်တရပ်
ပြန်ဖြစ်ဖို့ လိုပါတယ်။ "အရာရာမှာ ငါမပါရင် မပြီးဘူး၊ ငါတို့ တပ်မတော်သာ
ဒီနိုင်ငံကို ရှေ့ဆောင်နိုင်တယ်၊ ရှေ့ဆောင်ရမယ်။ တခြားသူအားလုံးဟာ
ငါတို့ဦးဆောင်တဲ့နောက်ကို လိုက်ကိုလိုက်ရမယ်။" ဆိုတဲ့ "ငါ" စွဲကြီးတဲ့
လက်ရှိတပ်မတော်ရဲ့ သဘောထားကို ပြန်ဆင်ခြင်ဖို့ လိုအပ်နေပါပြီ။
တို်င်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်၊ ပြည်သူလူထုရဲ့ အကျိုးစီးပွားအတွက်
လိုအပ်တဲ့ အခန်းကဏ္ဍမှာ လိုအပ်သလောက်ကိုပဲ ငါတို့ ဖြည့်ဆည်းကြမယ်ဆိုတဲ့
ပိုမိုပျော့ပြောင်းတဲ့ သဘောထားကို ပြည်သူထဲက ပေါက်ဖွားလာတဲ့ ကျနော်တို့
မြန်မာ့တပ်မတော်သားတွေ ရင်ဝယ်ပိုက်ပြီး တရားမျှတပြီး လွတ်လပ်ငြိမ်းချမ်းတဲ့
မြန်မာနိုင်ငံတော်သစ်ဆီကို ကျနော်တို့ ကျောင်းသား၊ အလုပ်သမား၊ ရဟန်း၊
ပြည်သူတွေနဲ့ အတူ လက်တွဲလျှောက်လှမ်းလှည့်ပါ။
No comments:
Post a Comment