တောင်ဥက္ကလာပမှာ နေထိုင်သော သူငယ်ချင်းတစ်ဦးက ပြောပြဖူးပါသည်။
သူနေသောရပ်ကွက်မှာ
အဆိုတော် စည်သူလွင် နေထိုင်သောရပ်ကွက်နှင့် သိပ်မဝေးပါ တဲ့။ တစ်နေ့
စည်သူလွင် တို့ ရပ်ကွက်အတွင်းနေထိုင်သော သူ့မိတ်ဆွေတစ်ဦးထံ
အလည်ရောက်သွားရင်း အဲဒီလမ်းထိပ်က လဘက်ရည်ဆိုင်မှာ ထိုင်ဖြစ်ကြသည်။
ဆိုင်ထဲမှာ သူတို့နှစ်ဦး စကားကောင်းနေခိုက် တဘက်ဝိုင်းမှ “ဟိုမှာ
စည်သူလွင်တို့အဖေ လာနေတယ်ဟေ့” ခပ်ကျယ်ကျယ် ပြောလိုက်သော စကားသံကြောင့်
လဘက်ရည်ဆိုင် ဘေးက လူသွားလမ်းဆီ သတိထားကြည့်လိုက်ရာ လွယ်အိတ်ကြီး
ဘိုသီဘတ်သီ လွယ်ထားသော လူကြီးတစ်ဦး လမ်းထိပ်သို့ ခပ်သွက်သွက်လျှောက်နေတာ
တွေ့ရသည်။
အဖိုးကြီးက ဆိုင်ထဲမှာပြောလိုက်သံကို ကြားသွားပြီး
ရုတ်တရက် ခြေလှမ်းကို အရှိန်သတ်လိုက်ကာ ဆိုင်ဘက် သို့ မျက်နှာမူလိုက်သည်။
ပြီးတော့မှ လက်ထဲမှာပါလာသော ထီးကောက်ကြီးဖြင့် လမ်းပေါ်ကို အသာ ထောက်ကာ-
“ငါ့ကို
ဘယ်လိုပြောလိုက်တယ်ကွ.. စည်သူလွင်တို့အဖေ ဟုတ်လား..၊ ငွေကြည် ကွ
ငွေကြည်..ကာတွန်း ငွေကြည်... စည်သူလွင်ကိုအမှီပြုပြီး နာမည်ကြီးတဲ့ကောင်
မဟုတ်ဘူး။ စည်သူလွင် မမွေးခင်ကတည်းက... ကာတွန်းရေးပြီး နာမည်တစ်လုံးနဲ့
နေလာတာ.. မသိရင် မြဲမြဲ မှတ်ထားကြ” ဟု ပြောဆိုကာ ဒေါကြီးမောကြီးနှင့်
ဆက်လျှောက်သွားသည် ဟူသတတ်..။ (ကာတွန်းဆရာငွေကြည်၏ ပုံပန်းသဏ္ဌာန်ကို
စိတ်ကူးဖြင့်မှန်းဆ ဖော်ပြရခြင်း ဖြစ်ပါသဖြင့် လွဲချော်နေပါက မေတ္တာဖြင့်
ခွင့်လွှတ်ကြပါကုန်)
..............................................................................................................................
ကျနော်လက်ရှိနေထိုင်သော
ရပ်ကွက်ထဲမှာ ဆရာလွန်း ဟူသော စာပေသမားတစ်ဦးရှိပါသည်။ သူက ပြည်တွင်းမှာ
ကတည်းက စာပေလောကမှာ အတော်အတန်နေရာရထားသူ။ ကဗျာ၊ ဝတ္ထုတိုများ ရေးသားသည့်
အပြင် မဂ္ဂဇင်းတချို့မှာ အယ်ဒီတာ လုပ်ခဲ့ဖူးသည်။ ဒီကိုရောက်တော့လည်း
စာပေလှုပ်ရှားမှု၊ အထိမ်း အမှတ်နေ့ အခမ်းအနားကိစ္စ၊ ရာသီအလိုက် ပွဲတော်များ
ကျင်းပရေးကိစ္စတွေမှာ သူပါဝင်တတ်တာ များသဖြင့် သာမန်နေထိုင်သော
ကျနော်တို့ထက် လူသိများသူဖြစ်ပါသည်။
တစ်နေ့ခါ ရပ်ကွက်နားက
ဘုန်းကြီးကျောင်းပေါ်မှာ အခမ်းအနားတစ်ခု စီစဉ်ကျင်းပရေး ဆွေးနွေးဖြစ်ကြသည်။
မိမိတို့ရပ်ကွက်တွင်းက လူများသာမက အခြားရပ်ကွက်မှ လူတချို့လည်းပါဝင်သည်။
အခမ်းအနား ဖြစ်မြောက်ရေး အခြေတည်ဆွေးနွေးမှုကို တက်ရောက်လာသူအားလုံး
သဘောတူညီမှု ရရှိပြီးသကာလ ရှေ့ဆက်ဆွေးနွေး လုပ်ဆောင်ရန် လိုအပ်လာသည်။
သို့ဖြင့် ဆွေးနွေးပွဲအပြီး လူစုခွဲခါနီးတွင် အခြားရပ်ကွက်မှ လူတစ်ဦး
ဆရာလွန်း အနီးသို့ ကပ်လာကာ-
“ဒီနေ့ဆွေးနွေးချက်တွေအပေါ်မှာ
အားရတယ်ဆရာရေ့.. နောက်နေ့ဆက်ကြရအောင် ကျနော် ဆရာ့အိမ်ကို လာခဲ့မယ်..
ဘယ်လိုလာရမလဲ တချက်လမ်းညွှန်ပေးပါအုံး” ဟု စကားဆိုလာသဖြင့် ဆရာလွန်းက
သူ့အိမ်ကလေး တည်ရှိသည့်နေရာကို အလွယ်ကူဆုံးဖြစ်အောင် လမ်းညွှန်ပေးရှာပါသည်။
သို့သော် တဘက်လူ မှာ ဆရာလွန်း ညွှန်ပြသောလမ်းကြောင်းကို ဘယ်လိုမှ
စက္ခုအာရုံထဲပေါ်မလာနိုင်ဖြစ်နေသည်။ ဆရာလွန်းက လမ်းကြောင်း တစ်ခုပြောပြလိုက်
သူတွေးတာနှင့် လွဲနေလိုက်၊ နောက်တစ်ကြောင်းချပြလိုက် ထပ်ပြီးဝေး သွားလိုက်
လမ်းညွှန်လို့ ခရီးမပေါက်နိုင်ဖြစ်နေသည်။
ပြောနေရင်း ဆိုနေရင်း သူစိမ်းမိတ်ဆွေ အကြံပေါ်သွားပုံရသည်။ ဆရာလွန်း၏ပုခုံးကို ဆတ်ခနဲပုတ်လိုက်ကာ-
“သြော် ကျနော်တစ်ခုတွေးမိပြီဆရာ..”
“ဘာတွေးမိတာလည်း ပြောပါအုံး..”
“ကျနော်အဲဒီရပ်ကွက်ထဲကို
ဖြတ်သွားဖြတ်လာလုပ်နေတာ ဆရာ့အိမ်ဘယ် နားမှာလဲလို့ သတိမထားမိဘူး။ ဒါပေမဲ့
ကျနော်ခင်တဲ့ ကလေးတစ်ယောက်ရှိတယ်။ ချစ်စရာလေးပဲ။ သူတို့အိမ်ကိုတော့
ကျနော်သိတယ် ဆရာ။ အဲဒါဆရာ့အိမ်နဲ့ သူတို့အိမ် ဘယ်လောက်ဝေးလဲ.. ကျနော်
သူတို့အိမ်မှာ စုံစမ်းရင် ရနိုင်မလားလို့..”
“နေပါအုံးဗျ..ခင်ဗျားပြောတာ ဘယ်ကလေးလဲ မသိဘူး။ ကျနော့်ရပ်ကွက်ထဲမှာ ကလေးတွေက အများကြီး..”
“ဟိုကလေး ဆရာရယ်..အသားဖြူဖြူလေးနဲ့ သူ့ရုပ်ကြည့်ရတာ ကရင်ကလေးပုံပဲ..ကျနော်သိထားတာတော့ သူ့နာမည်က အုပ်ကြီး တဲ့”
သည်တော့မှ
ဆရာလွန်း ကိုယ့်နဖူးကိုယ်ပြန်ထုလိုက်မိသည်။ စောစောက ပြောပါတော့လား
မိတ်ဆွေရယ်..။ “ဟာဗျာ... ခင်ဗျား တော်တော်နောက်တဲ့လူပဲ။ ကျနော့်အိမ်က
အုပ်ကြီးတို့အိမ်နဲ့ တစ်အိမ်ပဲကျော်တာ။ အုပ်ကြီး က ကျနော်တူလိုသားလို
အင်မတန်ချစ်ရတဲ့ ကလေးပေါ့ဗျာ..”
ဆရာလွန်းစကားကိုကြားသောအခါ ဟိုလူခမျာ အတော်ကို အားတုံ့အားနာ ဖြစ်သွားရလေသည်။
“ဟုတ်လား
ဆရာ၊ ဘယ်လိုမှ စိတ်မရှိပါနဲ့ဆရာရယ်...ကျနော်တကယ်ကို မသိတာပါ၊ မနက်ကျရင်
ကျနော် ဆက်ဆက်လာခဲ့ပါ့မယ် ဆရာ” ဟု ကသောကမျောနှုတ်ဆက်၍ သုတ်သီးသုတ်ပျာ
ထွက်သွား၏။
.......................................................................................................................................
ကျနော့်သူငယ်ချင်း
ကိုဝင်းကို ကွမ်းယာဆိုင်ဖွင့်တော့ သူ့သားလေး၏ နာမည်ကို ဆိုင်နာမည်အဖြစ်
သုံးသည်။ သူ့သားလေးကို ရပ်ကွက်ထဲကလူတွေ ချစ်ကြသည်မို့လား။ ကလေးကလည်း
ချက်ချက်ချာချာ၊ နေရာတကာ သူရောက်သည်။ အတူကစားကြသော ကလေးအုပ်စုထဲမှာ သူက
ဆရာကျသည်။ သူလုပ်တာကို ကျန်တဲ့ ကလေးတွေ လိုက်လုပ်လေ့ရှိသည်။
သူဓားကိုင်လျှင် ဓားကိုယ်စီ လိုက်ကိုင်သည်။ သူသေနတ်ဆိုလျှင်လည်း
သေနတ်တွေကိုယ်စီ။ သူတို့အိမ်နီးချင်း ကလေးမိဘတွေပင် သူ့ခြေရာလက်ရာကို
သတိထားကြည့်နေရသည်။ သူ့လက်ထဲမှာ ဘာရှိနေသလဲ။ မော်တော်ကားလား၊ လေယာဉ်ပျံလား။
ကြိုသိထားပါမှ သားသမီးတွေ ပူစာလာ လျှင် ချင့်ချိန်ပြင်ဆင်နိုင်မှာ
ဖြစ်သောကြောင့်ပင်။
.................................................................................................................................
ပြီးခဲ့သော
ရှစ်လေးလုံး အထိမ်းအမှတ်နေ့မှာ ကိုဝင်းကိုလည်း အမှတ်တရ စာတစ်ပုဒ်ရေးသည်။
၈၈ လှုပ်ရှားမှု မှာ သူက တာမွေ အထက(၂) ကျောင်းသားတစ်ဦးအနေဖြင့် ပါဝင်ခဲ့သည်။
သူကြုံတွေ့ဖြတ်သန်းခဲ့ရသော ၈၈ အရေးတော်ပုံကာလအတွင်းမှ ပုံရိပ်တချို့ကို
ပြန်ပြောင်း သရုပ်ဖော်တင်ပြခြင်း ဖြစ်သလို အဲဒီစာပုဒ်ကလေးမှာ သူ၏
ပထမဆုံးသော စာပေလက်ရာလည်း ဖြစ်ပါသည်။ စာပေခရီးအစမှာပင် သူ့လက်ရာလေး အတော်
ပေါက်သွားသည်။ ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာ comment တွေ ဝေဝေဆာဆာ
တွေ့ရသည့်အပြင် ဒီဘက်က အဖွဲ့အစည်းတွေထုတ်သော စာစောင်တချို့မှာပါ
ဖော်ပြခြင်းခံရ၏။ သူ့ခမျာ ပျော်လိုက်သည့် ဖြစ်ခြင်း။
ကိုဝင်းကိုတစ်ယောက်
သူရေးထားသော လက်ရေးစာမူလေးကိုကိုင်ကာ ကျနော့်အိမ်သို့ ရောက်လာ၏။
သူ့စာမူလေးကို ပေးဖတ်ကာ အကြံပြုဝေဖန်ချက်တောင်းသည်။ သို့သော်
သူလုပ်ပေးစေချင်သည်ကို မပြောဘဲနှင့် ကျနော်သိထားသည်။ သူ့စာမူကို
အချောဖြစ်အောင် ကျနော်စာရိုက်ပေးရပါမည်။ သူဖတ်ပြတာကို ကျနော်က ရိုက်ပေးသည်။
တချို့အသုံးအနှုံးတွေမှာ နှစ်ယောက်သား ကောင်းနိုးရာရာ ဆွေးနွေး ညှိနှုင်း
ကြသည်။ သို့နှင့် စာပိုဒ်လေး အဆုံးသတ်သွားသည်။ သူရွေးချယ်ထားသည့်
ခေါင်းစဉ်က “အတိတ်မှသည် ပစ္စုပ္ပန်ဆီသို့” ။
“ကလောင်နာမည်ကရော
ဘယ်လိုသုံးမလဲ” ဟု ကျနော်သူ့ကိုမေးသောအခါ ချက်ချင်း သူမဖြေနိုင်။
သူ့စိတ်ထဲမှာ အဆင်သင့် စဉ်းစားထားပုံမရ။ ခပ်တွေတွေလေး သူစဉ်းစားသည်။
ပြီးတော့ ကျနော့်မျက်နှာကို မော့ကြည့်ပြန်သည်။ ကျနော် မတတ်နိုင်ပါ။
သူမွေးသောကလေး သူကိုယ်တိုင် နာမည်ပေးဖို့ တာဝန်ရှိသည်။
သူအကြံအိုက်နေပုံရသည်။ အိမ်ပေါ်မှ သုတ်ခနဲဆင်းသွားကာ ကွမ်းယာဆိုင်မှ
ကွမ်းတစ်ထုပ် ဝယ်လာသည်။ ကျနော်က ကွမ်းတစ်ယာ ကောက်ဝါးလိုက်ပေမဲ့
သူလိုချင်တဲ့စကား မဟဖြစ်သေး။ နောက်ဆုံး..သူ့စိတ်ထဲမှာ
ဆုံးဖြတ်လိုက်ဟန်ရှိသည်။
“မင်းအုပ်ပိုင် နာမည်သုံးရင် ကောင်းမလား..”
“ခင်ဗျားသဘောပဲလေ...ကြိုက်တာသုံးပေါ့”
ကျနော်က ‘မင်း’ ဟု အစပြုလိုက်ရာ သူက ‘နေအုံး’ ဆိုကာ တားမြစ်ပြန်သည်။
“အဲလိုတော့ မလုပ်နဲ့လေ၊ ရပ်ကွက်ထဲခေါ်တဲ့အတိုင်း ‘အုပ်ကြီး’ လို့သာရေးလိုက်” တဲ့။ သူပြောသည့်အတိုင်း ကျနော်ရေးပေးလိုက်သည်။
အဲဒီအချိန်မှာ ကိုလူဗိုလ် ဆိုက်ဆိုက်မြိုက်မြိုက် ပေါက်ချလာ၏။
“ဟေ့လူတွေ ဘာလုပ်နေတာလဲ”
“ဒီမှာ ကိုဝင်းကို ရေးတဲ့စာလေး ရိုက်ပေးနေတာ.. ပြီးတော့သွားပြီ၊ ဖတ်ကြည့်ပါအုံး”
ကိုလူဗိုလ်က
စာတစ်ပုဒ်လုံး အစမှအဆုံးတိုင် စေ့စေ့စပ်စပ်ဖတ်သည်။ သူ့ထုံးစံအတိုင်း
တချို့ စာကြောင်း၊ စာပိုဒ် အထားအသိုလေးတွေ ပြင်ပေးနေ၏။ စိတ်တိုင်းကျ
ဖတ်ပြီးသောအခါ ကိုဝင်းကို ဘက်လှည့်ပြီး-
“တခြားတော့
ပြောစရာမရှိပါဘူးဗျာ.. ကလောင်နာမည်က ‘အုပ်ကြီး’ ဆိုတာကို ကျနော်
သိပ်ပြီးဘဝင်မကျဘူး ဖြစ်နေတယ်။ ခင်ဗျားက အုပ်ကြီးရဲ့ အဖေဆိုတော့
‘အုပ်ကြီးဖေ’ ဒါမှမဟုတ် ‘အုပ်ကြီးပါ’ လို့ရေးရင် ပိုလှမယ် ထင်တယ်ဗျ”
ကိုဝင်းကို
ခေါင်းတအားရှုပ်သွားပြီ။ နဖူးပြင်ပေါ်စီးကျလာသော ချွေးတွေကို
လက်ဖြင့်သပ်ချလိုက်ပြီး ပါးစပ် ထဲမှာ မြုံ့နေသော ကွမ်းတံတွေးကို “ဖွီ” ခနဲ
ထွေးထုတ်လိုက်ရင်း-
“ရှုပ်ပါတယ်ဗျာ.. ‘အုပ်ကြီးဖေ’ ပဲ လုပ်လိုက်တော့”
ဤသို့နှယ် ယနေ့တိုင် သူရေးသော စာတွေမှာ ကလောင်ရှင် “အုပ်ကြီးဖေ” နာမည်တွင်နေပါတော့သည်။
ဝေမော်
၂၃ ဇန်နဝါရီ ၂၀၁၂
No comments:
Post a Comment