Sunday, January 1, 2012

နှစ်သစ်၊ ဇစ်မြစ်

by Sai Naw on Sunday, January 1, 2012 at 3:45am
 
၂၀၁၂ နှစ်သစ်ကို ကြိုဆိုဖို့ ဆိုပြီး Rensselaer မှာရှိတဲ့ မိတ်ဆွေတွေနဲ့အတူ ဆိတ်တစ်ကောင် မနေ့က ပေါ်ခဲ့ကြတယ်။ (မျက်စိမှိတ်ထားကြနော်... :D) မွေးမြူရေးခြံထဲမှာ ရိုက်လာခဲ့တဲ့ ဓာတ်ပုံတွေကို ဒီအတိုင်း မတင်ဘဲ မှတ်စုလေးနဲ့ တင်ရင်ကောင်းမလားလို့...။


ကြက်ခြံ

ဘဲခြံနဲ့ သိုးစားကျက်

ငန်းခြံ


ပြန်ရောက်လာတော့ ကယားရိုးရာဟင်းတစ်ခွက်ဖြစ်တဲ့ ဆိတ်ချေးခါးဟင်း ချက်စားဖို့ ပြင်ကြပါတော့တယ်။ အဲ... ဆိတ်ချေးခါးဟင်းကို ကျနော် လုံးဝ မစားခဲ့ဘူး... ချေးခါးဟင်း မစားသူတွေအတွက်ဆိုပြီး ကလီစာစွပ်ပြုတ်တစ်ခွက် ချက်ပေးကြရှာပါတယ်။ ဆီမပါတဲ့ ဟင်းရည်တစ်ခွက်၊ ငရုပ်သီးစိမ်းများများ၊ စပါးလင်နဲ့ထောင်းပြီး ဟင်းအိုးထဲ ပစ်ထည့်လိုက်တယ်၊ ကျက်လာတော့လည်း ဘာအညှီနံ့မှမရှိတဲ့ ဆိတ်ကလီစာ ဟင်းကောင်းတစ်ခွက် ဖြစ်လာပါတော့တယ်။

စပါးလင်နဲ့ ငရုပ်သီးစိမ်းထောင်း

ဆိတ်ကလီစာဟင်း

ဆိတ်ကလီစာဟင်းကို ဆေးခါးလို့ခေါ်တဲ့ အမှုန့်လေးတွေ ထည့်စား၊ ပြီးတော့ သံပုရာရည်လေး နည်းနည်း ညှစ်ထည့်၊ ပြီးတာနဲ့ ကယားငါးပိထောင်းလေး နည်းနည်းထည့်၊ ခါးသက်သက်၊ ချဉ်ပြုံးပြုံး၊ ခပ်စပ်စပ်ကလေးနဲ့ အရမ်းအရသာရှိတယ်။
ဆေးခါးမှုန့်

ကယားငါးပိထောင်း

ကယားပြည်နယ်ဟာ ပါပါးရဲ့ ဇာတိပြည်နယ်၊ ကျနော် ငယ်စဉ်တုန်းကလည်း ဒီမော့ဆို၊ လွိုင်ကော်မြို့မှာ နေခဲ့ဖူးတယ်။ ဒါပေမဲ့ ကယားတိုင်းရင်းသားတွေရဲ့ တိုင်းရင်းသားစာ စစ်စစ်ကို မစားခဲ့ဖူးသလို၊ တိုင်းရင်းသား ရိုးရာဓလေ့တွေနဲ့လည်း မရင်းနှီးခဲ့ဘူး။ ကမ္ဘာကြီးဟာ ကျဉ်းကျဉ်းလေး ဆိုတာ မှန်တယ်။ NY Upstate, Rensselaer/Albany မှာမှ တိုင်းရင်းသားမျိုးစုံကို ပြန်လည် ထိတွေ့ခွင့်ရတော့တယ်။

ဆေးခါးဆိုတာ အထူးသဖြင့်တော့ အင်းသားစာပေါ့။ ကျနော် ချာတိတ်ဘဝတုန်းက "အောင်ငဲ... ဒီနေ့ ဘာဟိန်းချက်?" လို့ အင်းသားသံဝဲဝဲနဲ့ မေးတတ်တဲ့ အသိ ဘကြီးတစ်ယောက်ကို သတိရမိတယ်။ အဲ့ဒီလို အမေးခံရပြီဆိုရင် "ဆေးခါး၊ ပဲကြားဟင်းရည်၊ ငါးကြော်စားတယ် ဘကြီး" လို့ ပြန်ဖြေဖြစ်တဲ့ရက်တွေကဆိုရင် အိမ်မှာ ဆေးခါးနဲ့ ပဲကြားဟင်းရည် ချက်တဲ့နေ့တွေပေါ့။

ကျနော် ၆ တန်းကျောင်းသားဘဝတုန်းက ယောက်ဖဝမ်းကွဲတစ်ယောက် အလုပ်လုပ်နေတဲ့ ဆည်မြောင်းဌာန၊ ရေပေးဝေရေး စီမံကိန်း အလုပ်ခွင်တစ်ခုကို လိုက်သွားခဲ့ဖူးတယ်။ လွိုင်ကော်ကနေ ချိကယ်ရွာ ဘက်ကိုထွက်တဲ့လမ်း...၊ အဲ့ဒီကနေ နောက်ထပ် ၇-၈ မိုင်လောက် တောလမ်းလေးအတိုင်း ဆက်သွားရသေးတယ်။ ရွာလေးက သေးသေးလေး၊ ရှမ်းရွာလို့ ခေါ်တယ်။ အရမ်းသာယာတယ်။ ဘီလူးချောင်းကနေ ဖြာထွက်စီးဆင်းလာတဲ့ ချောင်းငယ်လေးတွေ၊ ချောင်းတက်ကလေးတွေ အများကြီး ရွာထဲမှာ ပတ်ပြီး စီးဆင်းနေတယ်။

ရှမ်းရွာလေးကို စက်ဘီးတစ်စီးနဲ့ တစ်ယောက်တည်း နင်းလာခဲ့တဲ့ ကျနော်၊ ယောက်ဖဆီလည်းရောက်ကော... ဗိုက်ဆာလိုက်တာ ဆိုတာ မပြောပါနဲ့တော့။ ယောက်ဖကလည်း ကျနော့်ကို အရမ်းအာနာနေတယ်၊ ဘာဖြစ်လို့ဆို သူ့အလုပ်ခွင်မှာ ဟင်းကောင်းမှ မချက်နိုင်ခဲ့ဘဲ...။ သူမျှားလို့ ရထားတဲ့ ငါးမြွေထိုးသေးသေးလေးတွေကို အကြွပ်ကြော်ထားတဲ့ ဟင်းတစ်ခွက်၊ ဆပ်ပြာသီးလို့ခေါ်တဲ့ အပင်က ဆပ်ပြာသီးရွက်တွေကို ဟင်းချိုချက်ထားတဲ့ ဟင်းရည်တစ်ခွက်...၊ နောက်... ကယားငါးပိထောင်း တစ်ခွက် ပဲရှိတယ်။ ထမင်းကလည်း ဆန်ကြမ်းကို ချက်ထားတော့ နီကြောင်ကြောင်နဲ့ မာဆတ်ဆတ်...။

ကျနော့်တစ်သက်မှာ မမေ့နိုင်ဆုံး ထမင်း၊ ဟင်းတွေပါပဲ။ မြိန်ရာဟင်းကောင်း ဆိုသလို စားလိုက်တာ ၃ ပန်းကန်...။ ဗိုက်ကားပြီး ရွာထိပ်က အပင်ကြီးတစ်ပင်အောက်၊ ချောင်းတက်လေးဘေးမှာ အိပ်ပျော်သွားလိုက်တာ ညနေစောင်းမှ ယောက်ဖက ဆည်မြောင်းက တီအီးကားကြီးနဲ့ ပြန်လိုက်ပို့ရတယ်။

ကယားငါးပိထောင်းမှာ ပါဝင်တာတွေကတော့ ငါးပိမီးဖုတ်၊ ငရုပ်သီးစိမ်းထောင်း (ပတောင်အော်လို့ ခေါ်တယ်)၊ မက်ခါသီးစိမ်းထောင်း (မကတ်သီးလို့လည်း ခေါ်သေးတယ်၊ တရုတ်လိုဆိုရင် ဟွှားကျောင်းဝ်)၊ ကြက်သွန်ဖြူထောင်း၊ သံပုရာသီးလေးညှစ်... အားပါးပါး... ရှလွတ် ရှလွတ်ပဲ...။

ကျနော် မမေ့နိုင်ခဲ့တဲ့ ဟင်းတွေဖြစ်တဲ့ ဆေးခါးဟင်း၊ ကယားငါးပိထောင်းကို ပြန်တွေ့လိုက်ရတော့ ကိုယ့်ဇစ်မြစ် စစ်စစ်ဆီ ပြန်ရောက်သွားသလိုပဲရော်...။ အထူးသဖြင့် အမေရိကန်လို နိုင်ငံမျိုး၊ နယူးယောက်ပြည်နယ်လို နေရာမျိုးမှာ ပြန်တွေ့ခွင့်ရလိုက်တာဟာ ကျနော့်အတွက်တော့ ဝမ်းအသာရဆုံး နှစ်သစ်လက်ဆောင်ပဲလို့သာ ပြောပါရစေတော့ဗျာ...။

No comments:

Post a Comment