တနေ့တွင်
အသိအကျွမ်းဖြစ်သူ မူလတန်းကျောင်းဆရာတစ်ယောက်အား ဗဟန်းမြိုနယ်
ဦးချစ်မောင်လမ်းမတွင်တွေ့၍ “ဟေ့ နိုင်ကြီး ကျောင်းမှာအဆင်ပြေရဲ့လား”
ဟုမေးလိုက်သောအခါ သူက “အခုတော့အဆင်ပြေသွားပါပြီ ဆရာရေ၊
ကျောင်းသားမိဘတယောက်က ကျွန်တော့ကို တလ သုံးသောင်း ပေးတယ်ဆရာ၊ ဒါကြောင့်
သူ့သားကို လစဉ် ပထမ ပေးလိုက်တယ်၊ နောက်တယောက်က နှစ်သောင်း ပေးတော့
ဒုတိယပေးလိုက်တယ်၊ နောက်တစ်ယောက်က တစ်သောင်းပဲ ပေးနိင်တော့ တတိယ
ပေးလိုက်တယ်၊ မတတ်နိင်ဘူးဆရာရယ် ကျောင်းဆရာလစာနဲ့ မိသားစု
ဘယ်လိုစားလောက် မှာလဲ” ဟု သူအဆင်ပြေနေပုံအကြောင်းကြားရသည့်အခါ
ကျွန်တော့ရင်လဲ မွန်းကြပ်သွားရပါသည်။
...........................................................................................................................
တနေ့သ၌
“ဟော ဆရာပါလား မတွေ့တာတောင်ကြာဘီနော်” ဟု နှုတ်ဆက်စကားဆိုလာသည့်
မူလတန်းပြဆရာမတယောက်အား ပြုံး၍ ကျွန်တော်က “အေးဟာ ဆရာလဲ
နိင်ငံရေးသမားဆိုပြီး ဘယ်ကျူရှင်ကမှ သုံးလပြည့်အောင် မထားရဲဘူး၊
အိမ်လိုက်သင်နေရတဲ့ဘ၀ဆိုတော့ ဟိုမြို့နယ် ရောက်လိုက်၊
ဒီမြို့နယ်ရောက်လိုက်နဲ့ဒီဘက်တောင် သိပ်မရောက်ဖြစ်ဘူး
ကလေးတွေနဲ့အဆင်ပြေရဲ့လား” ဟုတုန့်ပြန်မေးခွန်းမေးလိုက်သည့်အခါ သူက “ဆရာရေ
ခေတ်ကလဲဆိုးလိုက်တာနော်၊ ကျမတို့က စာတတ် အောင်သင်ပေးပါတယ၊် ဒါပေမဲ့လည်း
မအောင်မရှိ ငါ့တပည့် ဆိုပြီး အတန်းတင်ပေးရမယ်ဆိုတာနဲ့ ကလေးတွေနဲ့ မိဘတွေပါ
အချိန်တန်ရင်အတန်းတက်မှာပဲ ဆိုပြီးဂရုမစိုက်ကြတော့ဘူး။ အတန်းထဲမှာ ပထမ၊
ဒုတိယ ရဖို့နဲ့ထူးချွန်ဖြေနိင်အောင်ပဲ အပြိုင်အဆိုင်ပေးကမ်းနေကြတယ်၊
အခုဆို တချို့ကလေးတွေ ၃တန်းရောက်တာတောင် ကိုယ်နာမည်ကိုယ်မရေးတတ်ကြတော့ဘူး။
တိုင်းပြည်အတွက် ရင်လေးတယ် ဆရာရယ်” ဟုဆိုလာသည့် ဦးသန့်အရေးအခင်းတွင်
ပါဝင်ခဲ့ဘူးသည့် နိုင်ငံရေးအသိရှိသူ ဆရာမ တယောက်၏ရင်ဖွင့်သံကို
နားနှင့်ဆတ်ဆတ်ကြားဖူးခဲ့ပါသည်။
...........................................................................................................................
တနေ့သောအခါ
တောင်ဥက္ကလာပမြို့နယ် သံသုမာလမ်းဂိတ်ဟောင်းမှတ်တိုင်တွင် ဘတ်စ်ကား
စောင့်နေစဉ် ပညာရေးတက္ကသိုလ်တက်ခွင့်ရသည့် တပည့်မဟောင်းတယောက်အားတွေ့၍
ကျွန်တော်က “၀မ်းသာတယ် သမီးရေ၊ ပညာရေးတက္ကသိုလ်တက်ခွင့်ရတယ်ဆိုလို့
သမီးမှာလဲ မပြည့်မစုံကြားထဲကနေ အောင်မြင်သွားလို့” ဟုဆိုလိုက်သည့်အခါ သူမက
“ဒါပေမဲ့ ဆရာရယ် ခရီးကြမ်းကြီးကိုနှင်ရအုံးမယ်၊ အကြွေးတွေလဲ
ထပ်တင်အုန်းမယ၊် နေပေ့စေ ကျောင်းပြီးမှ ကျူရှင်ကောင်းကောင်းပေးပြီး
ပိုက်ဆံရှာ ရမယ်” ဟုပြန်လည်ပြောဆိုသံကြားရသည့် အခါ လူမှာမောသွားရပါသည်။
.............................................................................................................................
နှစ်လုံးထီမပေါက်သောနေ့တွင်
ဒုတ်တစ်ချောင်းကိုင်ကာ တကျောင်းလုံးကိုပတ်၍ တွေ့သမျှ ကျောင်း
သူကျောင်းသားများကို အကြောင်းမရှိ အကြောင်းရှာလိုက်ရိုက်နေသော
စစ်တပ်အရာရှိကြီးကတော် ကျောင်းအုပ်ဆရာမကြီး တစ်ယောက်အား
ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်တွင် တွေ့ဖူးခဲ့ပါသည်။
...........................................................................................................................
“ဟဲ့
ရွှေမျက်နှာတော်က ဘာလို့ညိုနေတာလဲ” ဟု တပည့်ဖြစ်ခဲ့ဖူးသူ ဆရာမတစ်ယောက်အား
မေးမိ သည့်အခါ “ဆရာ..သမီးကျောင်းပြီးတာ သင်္ချာအဓိကနဲ့၊ သင်္ချာကို
သမီးကျွမ်းကျင်တာ ဆရာသိပါတယ်၊ အခု ကျောင်းအုပ်ဆရာမကြီးက သမီးကို
နှစ်တန်းမှာ မြန်မာစာသင်ခိုင်းနေတယ် ဆရာ၊ စိတ်ညစ်လိုက်တာ”
ဆိုသည့်အသံကိုလည်း ယခုတိုင် နားထဲကမထွက်။
.................................................................................................................................
ယနေ့မြန်မာပြည်ကြီးသည်အနာဂတ်သစ်သို့
တလှမ်းချင်းတက်နေပေပြီ။ ဟိုယခင် သွားလေသူ
ပညာရေးကော်မတီဥက္ကဌကြီးဗိုလ်ချုပ်ခင်ညွန့်၏ ညွန်ကြားချက်ဖြင့်
ကျောင်းတိုင်းကျောင်းတိုင်း ရှေ့ မျက်နှာစာတွင် စိုက်ထူထားသော
ပညာရေးဖြင့်ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိင်ငံတော်သစ်ကြီး တည်ဆောက်အံ့
ဟူသော ဆိုင်းဘုတ်ကြီးသည် ဘွဲ့ရကွမ်းယာဆိုင်ပိုင်ရှင်များ၊
ဘွဲ့ရဆိုက်ကားဆရာများ၊ ဘွဲ့ရလမ်းဘေး ဈေးသည်များ၊ ဘွဲ့ရအလုပ်သမများအား
လှောင်ပြောင်ရီမောနေခြင်းအား ရပ်တန့်နိုင် တော့မည် ဟုယုံ ကြည်ပါသည်။
မြန်မာပြည်တွင်
တက္ကသိုလ်(၁၃၇)ကျောင်းရှိပါပြီ။ အခုပုဂ္ဂလိကတက္ကသိုလ်ပညာရေးဥပဒေပြဌာန်းပြီး
ပုဂ္ဂလိကတက္ကသိုလ်များလည်းပေါ်ထွက်လာတော့မည်။တနိင်တပိုင်ပညာဒါနစာသင်ကျောင်းများလည်းပေါ်ထွက်နေပါသည်။ဝမ်းမြောက်ရပါသည်။ကျေနပ်ရပါသည်။
ကလေးဗဟိုပြုချဉ်းကပ်သင်ကြားနည်းကို
မူလတန်းဆရာ ဆရာမအားလုံးအား သင်တန်းပေးရန် စီစဉ်နေပါသည်ဟု ပညာရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြအေးက ပြောကြောင်း ပြည်သူ့ခေတ်ဂျာနယ် အတွဲ(၂)၊
အမှတ် (၆၆) တွင် ဖတ်လိုက်ရပါသည်။ မြန်မာပြည်အနာဂတ်အတွက် လှပသော
ပန်းကလေးများ ဖူးပွင့်ချေတော့မည်။ သို့သော်…………..
ယနေ့ မြန်မာနိုင်ငံ
ပညာရေးစနစ်အကြောင်း ပြောဆိုကြရာတွင် အခြေခံပညာ အထက်တန်းအဆင့် နှင့်
တက္ကသိုလ်အဆင့်ကိုသာ ဦးတည်ပြောဆိုနေခြင်းက အများဆုံးဖြစ်ပါသည်။ မူလတန်းပြ
ဆရာ ဆရာမများ၏ ဘဝသည် လစာနှင့် အခွင့်အရေး လွန်စွာနည်းပါးပါသည်။ ထို့ကြောင့်
အခြားအလုပ် တစ်ခုခုကို လုပ်လိုသော်လည်း မရနိုင်၍ နောက်ဆုံး၌ ဆရာပဲ
လုပ်ပါတော့မည်ဟု စိတ်ထားသောသူများ၊ အိမ်က အမျိုးသားသည် အစိုးရဝန်ထမ်း
တစ်ယောက်ဖြစ်သောကြောင့် လည်းကောင်း၊ အရာရှိ တစ်ယောက်ဖြစ်သောကြောင့်
လည်းကောင်း၊ ဂုဏ်သိက္ခာအရ ဆရာမအဖြစ် ဝင်ရောက် လုပ်ကိုင်သူများက များပါသည်။
ထိုအခြေအနေသည် ကလေးတို့၏ အခြေခံပညာအတွက် ရင်လေးစရာပင်။ ဆရာအလုပ်ကို
နှစ်နှစ်ခြိုက်ခြိုက် ဝင်ရောက် လုပ်ကိုင်ပြန်သော်လည်း လုပ်အားပေးပွဲ၊
အခမ်းအနား ဖွင့်ပွဲ၊ ဆိုင်းဘုတ်တင်ပွဲ၊ မဲရုံ အစောင့် စသည့် စသည့်
အလုပ်ပိုများကို ငွေအား၊ လူအား စိုက်ထုတ်လုပ်ကိုင်ရပါ များသောအခါ
စိတ်ပျက် လက်ပျက် နှင့် စာသင်ခန်းကို စွန့်ခွာသွားသော ဆရာများလည်း
မနည်းလှတော့ချေ။
မူလတန်းပြဆရာ ဆရာမများသည် အရည်အချင်း အပြည့်ဝဆုံး
လူတော်များ ဖြစ်ရန် လိုအပ်ပါသည်။ ထိုသို့ဖြစ်ရန်လည်း မြန်မာနိုင်ငံ
ကျောင်းဆရာများ၏ လစာနှုန်း အမြန်ဆုံး ပြင်ဆင်ပေးရမည်။ လစာ ကောင်းကောင်းရမှသာ
ဆရာကောင်များလည်း ဖြစ်လာပေမည်။ အခမဲ့ ဆေးဝါးကုသခွင့်ကိုလည်း စီစဉ်
ပေးနိုင်ရပေမည်။ သင်ထောက်ကူ ပစ္စည်းများ၊ ရည်ညွှန်းကိုးကား စရာ
စာအုပ်စာတန်းများ လုံလောက် အောင်လည်း ဖန်တီး ထားရပေမည်။ ထို့ပြင် ဆရာ၊
ဆရာမများအပေါ် တာဝန်အပိုများ မပေးကြရန်လည်း အထူး လိုအပ်လှပါသည်။
ဗမာတို့၏
အမျိုးသား ဝတ်စုံဖြစ်စေ၊ တိုင်းရင်းသားတို့၏ ဝတ်စုံဖြစ်စေ
ခန္ဓာကိုယ်အပေါ်ပိုင်းတွင် ခေါင်းပေါင်း၊ တိုက်ပုံ၊ ဝတ်ရုံများကို အပြည့်အစုံ
ဝတ်ဆင်ထားသော်လည်း ခန္ဓာကိုယ် အောက်ပိုင်းတွင်မူ ဘောင်းဘီတိုသာ
ဝတ်ဆင်ထားပါက မည်သို့မျှ အမြင်တင့်မည် မဟုတ်ပါချေ။ ကျနော်တို့ ဖြတ်သန်း
ခဲ့ရသည့် ခေတ်တလျှောက် ဘောင်းဘီတိုကြိုက်သူ ပညာရေး ဌာနမှတာဝန်ရှိ
လူကြီးမင်းများကိုသာ တွေ့ခဲ့ ရပါသည်။
ယနေ့မြန်မာနိုင်ငံတွင် သမ္မတ
အသစ်ဦးဆောင်သော အစိုးရ အဖွဲ့အသစ် အနေနှင့် မြန်မာနိုင်ငံ၏ ပညာရေးစနစ်ကို
ပြန်လည် စဉ်းစားပြီး လက်တွေ့လုပ်ကိုင် ပြုပြင်ဆောင်ရွက်ရာ၌ ဘောင်းဘီတို
ကြိုက်သူများ စာရင်း မဝင်ရန် လွန်စွာ အရေးကြီးလှပါကြောင်း ရေးသား
တင်ပြအပ်ပါသည်။
သန့်စင်အောင်(ရန်ကင်း)
၁-၁-၂၀၁၂
No comments:
Post a Comment