သည်စာလေးကို
ခုပဲ ချရေးချင်စိတ်ပေါက်မိပါသည်။ ကျမစိတ်ထဲတွင်
မွမ်းကျပ်နေသလိုခံစားရသည်မှာ မကြာခဏပင်ဖြစ်တော့သည်။ ကျမသည် လောဘကြီးသူပီပီ
လုပ်ချင်တာတွေ အင်မတန်ကိုများလွန်းသည်။ တကယ်တော့ စာရေးတယ်ဆိုတာ အင်မတန်
အာရုံစိုက်တည်ငြိမ်ရသည်။ ကျမကမဟုတ် တခါတလေ ဟိုဟာလုပ်ရမှာပါလား...
ဒီစာရေးရအုံးမယ်... ဟိုစာရေးရင် ကောင်းမလား..ဆိုတာမျိုးတွေပင် ရှိနေတတ်သည်။
ဒါကြောင့် ဌားထားသည့် စာအုပ်တွေမှာ ခုထိပင် တအုပ်မှ အဆုံးမသတ်ရသေးပါ။
ပြီးအောင်မဖတ်ရသေးဖြစ်နေသည်။
အခန်းတိုလေးတွေမို့သာ တော်သေးသည်။ ခုလည်း ကျမ
သူငယ်ချင်းဆီက ဌားထားသော စာအုပ်ထဲက စာတွေကိုဖတ်ရင်းဖြင့် တယောက်ယောက်ကို
ပြန်ပြောပြချင်မိသည်။ ကျမသိပ်သဘောကျသည့် အကြောင်းအရာဆို ကျမက အလွန်
ပြောပြချင်တတ်သည်။ ကျမ စာတွေရေးခြင်းမှာလည်း ဒါကြောင့်ပင်ဖြစ်သည်။ တခါတရံ
ပြောပြချင်သည့် အကြောင်းအရာတွေမှာ စိတ်ကူးထဲတွင်တပုံတပင်ရှိနေတတ်သည်။
လက်ကလိုက်ချမရေးနိုင်လောက်အောင်ပင်…များစွာရှိနေခဲ့ပါသည်။
တကယ်တော့
စာရေးရသည့်အလုပ်မှာ အတော်ကို မလွယ်ကူတာ ခုမှ လက်တွေ့သိလာရတော့သည်။
စာရေးခြင်းသည်လည်း အတတ်ပညာတခုဖြစ်သည်။ ပညာတတ်တိုင်းစာမရေးတတ်ပါ။ ကျမဆို
စာတွေသာသင်နေသည် စာရေးတဲ့ အတတ်ပညာကို သေခြာစွာ မတတ်ပါ။
ကျမသည်
စာဖတ်ပျင်းသလို စာရေးတာကလည်း အင်မတန်ကို ညံ့သည်။ အိမ်မှာ မေမေနှင့်ဖေဖေက
စာဖတ်သလောက် စာတွေ တကုပ်ကုပ်နှင့်ရေးသလောက် ကျမက သိချင်သည့်
အကြောင်းအရာနှင့် ကျောင်းစာလောက်သာ ကြိုးစားပမ်းစားဖတ်သည်။ အမှန်ပြောရရင်
ဒိုင်ယာရီပင် သေခြာမရေးပါ။
အစကတော့ စိတ်ဖိစီးမူလျော့ရန်
စာတွေရေးသည်။ ခုတော့ စာတွေရေးရင်းရေးရင်း စိတ်ဖိစီးမူပင်တခါတလေရှိလာသည်။
သို့သော် စာရေးခြင်းသည် ကျမအတွက် ခွန်အားတခုဖြစ်လာခဲ့သည်။
စာရေးတာ
လွယ်မယ်လို့ ထင်ပါသလား… လွယ်ပါတယ်လို့ ပြောမယ့်သူများရှိလေမလားပဲ။ ခုတလော
ဘလော့(Blog)စာမျက်နှာတွေ ဖေ့စ်ဘွတ်(Facebook)လိုနေရာတွေမှာ
လူတိုင်းရေးလို့ရနေတာကိုး..
တော်တော်များများ ရေးနေကြတာကိုလည်း တွေ့ရသည်။
ကျမလို
ငပျင်းမှာ ကျောင်းကစာတွေကိုပင် ရေးရတာ အတော်ငိုချင်မိသည်။ စာတမ်းရေးတော့
အတော်ကို ဒုက္ခရောက်ပါသည်။ အဆူသန်ကာ တိကျသော ကျမ၏ ပါမောက္ခနှင့် တကျက်ကျက်
…ငိုလိုက်ရေးလိုက်နှင့် ဆက်စပ် နိုင်ငံရေးကိုမှ ရေးမိသော ကျမမှာ
တလည်လည်ဖြစ်နေရပါသည်။ ခုလို စာတွေရေးဖြစ်တာ ဒါကြောင့်လည်းပါသည်။
သူများဘာသာမပြောနဲ့
မြန်မာစာကိုတောင် ငါရေးတတ်ရဲ့လားလို့ တွေးမိကာ ပြောပြချင်သော
အကြောင်းများကို အရင်ဆုံးစစီကာရေးချ ကြည့်မိသည်။ အတော်ကို
မလွယ်ပါလား….ဘယ်လိုပုံစံရေးရလဲ။ ဘာအကြောင်းအရာကိုရေးရမလဲ
စသည်ဖြင့်…ဒါတွေအပြင် စာလုံးပေါင်းသတ်ပုံတွေက မမှန်..စာအဖြတ်အတောက်က မှား
ဘယ်ကစလို့ ဘယ်လိုဆုံးရမလဲမသိ။ စာကြောင်းအဆက်အစပ်ကရော မှန်ပါရဲ့လား….
ကျမစာကို ကိုယ်တိုင်ပြန်ဖတ်ကြည့်ကာ အတော်ပင် စိတ်ဆင်းရဲကာ ငိုချင်မိပါသည်။
သို့သော်လည်း ကိစ္စမရှိပါပေါ့။ သူငယ်ချင်းတွေ သိပြီးရော အဆင်ပြေသလိုသာ
ပြင်ဖတ်ကြပေါ့လို့ ခပ်ပေါ့ပေါ့တွေးသေးသည်။ သို့သော် တင်ခါနီးသော်
အတော်ရှက်မိသည်။ စိတ်မြန်တော့ သေခြာမစစ်ပဲ အမှားတွေနှင့်တင်မိတတ်သေးသည်။
ခုတော့ ပြန်ဖတ်လေ ရှက်လေဖြစ်ပါသည်။ အမှန်ပြောရလျှင် မဆိုးပါဘူးဟု
မှတ်ချက်ချခံရလျှင် အတော်ပင် စိတ်ကသိကအောက်ဖြစ်မိသည်မှာ အကြိမ်ကြိမ်ပင်။
ကျမက အပေါင်းအသင်းလည်းမပေါပါ။ ကျမသူငယ်ချင်းတွေဆိုလျှင်
ကျမစာရေးတာကိုပင်မသိကြပါ။ ဖတ်ပြီးဝေဖန်ပါလို့တောင် မနည်းပြောယူရသည်။
ဒါဆို ဘာလို့စာကရေးရတာလည်းလို့ မေးစရာရှိပါသည်။ သိစေချင်လို့ပါလို့ပင် ဖြေရမည်။
အဓိက
ခုလို စာတွေရေးဖြစ်တာကတော့ ကျမရဲ့ ဖေဖေကြောင့်ဖြစ်သည်။ ဖေဖေက အမြဲပြောသည်
နိုင်ငံခြားမှာနေတယ်ဆိုတာ ကိုယ့်အတွေ့အကြုံတွေကို သူများကို
ပြန်လည်ဝေမျှဖို့၊ သည်လိုအချိန်တွေနောက်တခေါက် ပြန်မရနိုင်တော့ကြောင်း၊
ဒိုင်ယာရီရေးမှတ်ဖို့ မှတ်စုထားဖို့ စာရေးဖို့တိုက်တွန်းသည်။ ကျမက
ကျောင်းစာတွေနဲ့ ချာလည်ရိုက်နေတာဆိုကာ.. မရေးချင်တာ ကိုယ့်ဖာသာ
အကြောင်းပြသည်။ ကျောင်းပိတ်ရက်တွေမှာ အားသော်လည်း အင်တာနက်ထဲမှာသာ ဟိုဟို
သည်သည် ၀င်ကြည့်နေသည်။
တကယ်တော့ ကျမတို့တွေ မူလတန်းကထဲက
စာတွေသင်ခဲ့ကြသည်။ ရေးတတ်အောင်ဖတ်တတ်အောင် ခုထိရေးကြဖတ်ကြသည်။ သို့သော်
တတ်ပါသလား၊ တော်လာပါသလားလို့မေးရင် ....ဟုတ်ကဲ့..လို့ဖြေရအောင်
ဘာတွေရေးတတ်တာလည်း။ ဒါဆို ဟင့်အင်းပေါ့။ ကျမကတော့
နဝေတိန်တောင်ပင်ဖြစ်နေမည်။
စာရေးတိုင်း စာရေးဆရာမဟုတ်ပါ။
တချို့က အတော်ပင် ဆွဲဆောင်စွာရေးတတ်သည်။ စိတ်ဝင်စားစရာကောင်းအောင်
ရေးနိုင်သူသည် တော်သည်ဟု ကျမကထင်မိသည်။ တချို့စာတွေကတော့ ဗဟုသုတရသည်။
အကျိုးရှိသည့်စာမျိုးတွေ အများကြီးရှိပါသည်။ သို့သော် ကျမ
စာကိုပင်ရွေးမဖတ်တတ်သေးပါ။ ဒါကြောင့်ခုထိ ကျမ စာရေး
စာဖတ်မတတ်သေးဘူးလို့ထင်ပါသည်။
ကျမ အထက်တန်းလောက်ကထဲက
ဘာသာပြန်စာပေတွေ သိပ်ကြိုက်သည်။ ဖတ်ကောင်းလို့ သည်အတိုင်းဖတ်နေလိုက်ခဲ့သည်။
ခုချိန်မှာ ဘာသာပြန်စာတွေကိုကြည့်ရင်း ဘယ်လောက်တော်လိုက်သလဲ
ဘယ်လောက်ခက်လိုက်သလဲဆိုတာ သိလာရသည်။ တချို့စာမှာ မူရင်းမပျောက်ပဲ
ချောမွေ့စွာ ပြန်တတ်သည်။ တချို့မှာ တိုက်ရိုက်ပြန်ရေးကူးရေးသော်လည်း
မူရင်းဆိုလိုချက်က သိပ်မပေါ်တော့ပါ။ ဒါတွေကို သိတာ
လွန်ခဲ့တဲ့နှစ်အတန်းတုန်းက ပါမောက္ခကြောင့်ဖြစ်သည်။ စာအုပ်ကို အဂံလိပ်လို
မူရင်းတအုပ် ကိုရီးယားလိုဘာသာပြန်ပါ စာကြည့်တိုက်က ဌားကာဖတ်ကြည့်ရသည်။
ကျမမှာ အလုံးစုံနားမလည်သော်လည်း ဆရာက အဲဒါအမှိုက်တွေလို့ ပစ်ချရင်းပြောတော့
ကျမမှာ ကိုယ့်ဘာသာမဟုတ်တော့ သေခြာလည်း နားမလည်တော့ စိတ်တွေရှုပ်ခဲ့ရသည်။
သူက ဘာသာပြန်တွေအကြောင်းပြောပြသည်။
ယခုဆို ဆရာ
ကင်နန်းဒိုရဲ့ လူငယ်တွေအတွက် စာအုပ်ကို ပြန်ပြောပြချင်သည်။ ကျမမှာ
ဘာသာပြန်ရင်းဆရာကိုအတော် အားနာမိသည် ကျမရေးတာမကောင်းလို့
သာမန်လူတွေလောက်ပင် စိတ်မ၀င်စားကာ နားမလည်ဘူးဆိုလျှင်
ကျမကြောင့်စာကောင်းတပုဒ် ပျက်ရမည်လို့ တွေးမိတော့
အကြိမ်ကြိမ်သောကရောက်ရသည်။
ပိုက်ဆံရလို့ရေးခြင်း မဟုတ်သော်လည်း
ကျမတို့လို ပညာတတ် တယောက်အနေနှင့် ကိုယ်တတ်သလောက်သော အသိပညာကို
မျှဝေသင့်သည်လို့ စဉ်းစားမိခဲ့သည်။ ဒါကြောင့် စာတွေရေးခဲ့ပါသည်။ တကယ်တော့
ကျမမှာ မအားပါ။ လုပ်စရာတွေမှာ အများကြီးပင် ရှိပါသည်။ အချိန်ယူကာ
ရေးရသည်ကို ခုတော့ ကျေနပ်မိသလိုဖြစ်ပါသည်။ ကျမကိုယ်တိုင်ရေးရင်း
စာရေးခြင်းအတတ်ပညာကို သင်ယူနေသည်ဆိုလျှင်မမှားပါ။
ကျမက
စာထိုင်ရေးနေလျှင် အိမ်သာပင် မသွားဖြစ်တော့ပါ။ သည်လောက်တောင်
ထိုင်ရေးနေတာပင် ကောင်းသလားလို့ မေးလျှင် တစက်မှ မကောင်းပါ။ သို့သော်
ရေးနေပါသည်။ သိစေချင်လို့ ရေးပါသည်။ ခုထိစာကို ကောင်းစွာ
မရေးနိုင်သေးသော်လည်း နဲနဲလေးဖြစ်ဖြစ် တခုခုရစေချင်ပါသည်။ မကောင်းတဲ့အတွက်
ဖတ်တဲ့သူတွေကို အလွန်အားနာမိသော်လည်း ကြိုးစားရေးမိပါသည်။
စာရေးဆရာဖြစ်ချင်စိတ်မှာ ယခုထိမရှိပါ။ စာရေးဆရာဖြစ်ချင်လို့
ရေးခြင်းမဟုတ်ပါ။ ဆရာတွေပြောသလို စာများများရေးပါ ဆိုတာကို ပြန်သတိရရင်း
ရေးနေပါသည်။
စာကောင်းတပုဒ်ဖြစ်ဖို့ လုံလစိုက်ရသည်တဲ့။ ဆရာ
ကင်နန်းဒို စာထဲမှာ စာဆိုတာ ဒီအတိုင်း ရေးတိုင်းမကောင်းပါ။
ပုံမှန်ဖြည်းဖြည်းချင်း စိတ်ဝင်စားမူနဲ့ လေ့ကျင်မူကတဆင့်
စွမ်းရည်ကိုရယူပါတဲ့။ သင်လည်း စာကိုဖတ်ပြီး စာကို
ကောင်းစွာရေးတတ်ချင်တယ်ဆိုတဲ့ စိတ်ကူးရှိရင် တခါတရံမှာ အချိန်ကို ပေးပြီး
လေ့လာပါ၊ လေ့ကျင့်ပါ၊ မှတ်သားပါ၊ ကျက်မှတ်ပါ၊ ကူးယူ ရေးချလိုက်ပါတဲ့… စာကို
ကောင်းစွာရေးမည်ဆိုလျှင် တွေးခေါ်ခြင်း နက်နက်နဲနဲရှိရမယ်၊
ကျိုးကြောင်းဆီလျှော်ရမယ်၊ စာစီခိုင်မာရမယ်လို့ဆိုပါတယ်။ စာရေးခြင်းသည်
လူ့အဖွဲ့အစည်းအတွင်းမှာ အလွန်အရေးကြီးတဲ့
လုံလစိုက်ထုတ်မူတခုဆိုလျှင်မမှားပေ။ စာဆိုတာ အမြဲတမ်း
ခွန်အားတခုဖြစ်ပါသည်တဲ့…..
ကျမအတွက်လည်း စာဖတ်ဖြင်း၊ စာရေးခြင်းသည် မရှိမဖြစ်သော သူငယ်ချင်းတယောက်ကို အဖော်လုပ်နေရခြင်းနှင့်တူပါသည်။
အင်ကြင်း
1:10 am
27 July 2011
No comments:
Post a Comment