Thursday, December 29, 2011

စိတ်ရုပ်ကြွင်း

by သစ္စာနီ on Wednesday, December 28, 2011 at 10:17pm


(က)
“အသံများ၊ အရောင်များ၊ ရနံ့များဟာ အချင်းချင်း ခေါ်ထူးနေကြတယ်” ဆိုသော ကဗျာကို ဘို့ဒလျဲား [?] ရေးခဲ့ပါသည်။ အင်မတန် နာမည်ကျော်သော သူ၏ “ဆက်သွယ်မှုများ” နာမည်ရှိသည့် ကဗျာထဲတွင် ဖြစ်ပါသည်။ အာရုံငါးပါးတို့၏ ကူးလူးယှက်နွယ်မှုကို ဖွင့်ဆိုထားသော ထိုကဗျာကို ပြင်သစ်နိုင်ငံ သင်္ကေတဝါဒ ကဗျာသင်ကျောင်းတွင် ရသဗေဒ အခြေခံသဘောတရား တစ်ရပ်အနေဖြင့် မသင်မနေ ပြဌာန်းကာ သင်ကြားပေးနေပါသည်။ ဘို့ဒလျဲား ပါရီမြို့တွင် ကွယ်လွန်ခဲ့သည်မှာ ၁၉၉၇ သြဂုတ် လတွင် တစ်နှစ်တိတိ ပြည့်ခဲ့ပြီ ဖြစ်ပါသည်။


(ခ)
ကျွန်တော် ပန်းချီရေးသည်။ ဟစ်တလာ ပန်းချီရေးသည်။ မျောက်တစ်ကောင် ပန်းချီရေးသည်။ (မကြာသေးခင်က ပန်းချီ မောင်ဒီပြောခဲ့သည်။) ဘုရားသခင် ပန်းချီရေးသည်။ (သူ့အကောင်းဆုံး ပန်းချီကားမှာ ဧဒင်ဥယျာဉ်ဖြစ်သည်) ဗဂျီအောင်စိုး ပန်းချီရေးသည်။ နွေဥတု ပန်းချီရေးသည်။ အိန္ဒြာကျော်ဇင် ပန်းချီရေးသည်။ (သူမ၏ ပန်းချီကားအမည်မှာ လမ်းလျှောက်ခြင်းဖြစ်သည်။) ဟိုပုဂ္ဂိုလ် ပန်းချီရေးသည်။ (သူ့ပန်းချီကားအမည်မှာ မစ္ဆိယစိတ် ဖြစ်သည်။) ပန်းနှင့် လိပ်ပြာ ပန်းချီရေးသည်။ ထိပ်ပြောင်ပြောင်နှင့်လူ ပန်းချီရေးသည်။ ခြေထောက်တစ်ဖက် မရှိသူ ပန်းချီရေးသည်။ ဆေးပြင်းလိပ်နှင့်လူ ပန်းချီရေးသည်။ မျက်စိမမြင်သူ ပန်းချီရေးသည်။ ဂေါ်ဂင်သည် (မျက်စိကွယ်လျက်ကပင် တဟီတီကျွန်းရှိ သူ့အိမ်နံရံများပေါ် တွင် သူ၏ နောက်ဆုံး ပန်းချီကားများကို ရေးဆွဲသွားခဲ့သည်။)
မှတ်ချက် - ဘေထိုဘင်သည် သူ့၏နာမည်ကို ဆင်ဖိုနီတေးဘွဲ့ တီးလုံးများကို ကွယ်လွန်ကာနီး နားမကြားသောကာလများတွင် ရေးဖွဲ့ခဲ့ပါသည်။

(ဂ)
အသံများတွင် အရောင်များ ရှိပါသည်။ လန့်ဖြတ်မသွားပါနှင့်။ ကျွန်တော် ပြောသော စကား မဟုတ်ပါ။ ချားလ်ဟင်နရီဝီလ်ကင်ဆင် ဆိုသော သိုးဆောင်း လူမျိုးတစ်ဦးက ၁၈၉၁(၁၉၉၁ ဟု မှားမဖတ်စေချင်ပါ။) က ရေးသားထုတ်ဝေလိုက်သည့် အရောင်နှင့် အသံ၏ ဆက်နွယ်မှုသဘော တရား The Theory of Colour and Sound Relationships စာအုပ်မှ ကိုးကားထုတ်ပြခြင်းဖြစ်ပါသည်။ သူက C, D, E, F, G, A, B တို့ကို မူလ အခြေခံ (၇) ရောင်အဖြစ် သတ်မှတ်ပြီး ရှပ် (#) နဲ့ ဖလက် (b) အတွက် ကြားရောင်တွေ ရှာဖွေပေးခဲ့ပါသည်။ တချို့ကို ဖော်ပြထားသော ပူးတွဲဇယားတွင် ကြည့်ပါ။ ခိုင်ခိုင်မာမာမှ သဘောကျသူများ၊ ကမ္ဘာတွင် အကောင်းဆုံးဖြစ်သည့် စွယ်စုံကျမ်းဖြစ်သော “အင်ဆိုက်ကလိုပီးဒီးယား ဘရစ်တန်နီးကား” စာအုပ် Colour-Music အခန်းတွင် လှန်လှော ကြည့်ရှုနိုင်ပါသည်။ အရောင် ရူပဗေဒ သဘောတရား The Physics of Colour ကို ရှင်းပြရလျှင် ရှုပ်ထွေး ကုန်ပါလိမ့်မည်။

Twelve Notes of the Tonal Scale

- Red                     B - Red-Violet
- Orange                C# or Db - Red-Orange
- Yellow                  D# or Eb - Yellow-Orange
- Yellow-Green        F# or Gb - Green
- Blue-Green           G# or Ab - Blue
- Blue-Violet           A# or Bb - Violet

(ဃ)
Eidetic  အိုင်ဒက်တစ် ဆိုသော စကားကို ကြားဖူးပါသလား။ ထားပါတော့။ Synesthesia ဆင်အက်စ်သီးစီးယား ဆိုသော စကားကိုရော ကြားဖူးပါသလား။ ကြားဖူးလိမ့်မည်ဟု ထင်ပါသည်။ လွန်ခဲ့သော အနှစ် နှစ်ဆယ်ကျော် လောက်က နိမိတ်ပုံ Image အကြောင်းကို ရှင်းလင်းဖော်ပြဖို့ ကြိုးစားသော ဆရာဇော်ဇော်အောင်၏ ရှုမဝ ဆောင်းပါးတစ်ပုဒ်တွင် ပြန်ရှာကြည့်လျှင် တွေ့နိုင်ပါလိမ့်မည်။ တစ်ခုသော အာရုံခံအင်္ဂါကို လှုံ့ဆော်ခြင်းကြောင့် ကွဲပြားသော တခြားအာရုံခံအင်္ဂါတွင် စိတ်တွင်းရုပ် ဖြစ်ပေါ်ခြင်းကို ဆင်အက်စ်သီးစီးယားဟု ခေါ်ပါသည်။ စိတ်တွင်းအာရုံရုပ် ဖြစ်ပေါ်ခြင်းကို စိတ်ပညာအရ ဤကဲ့သို့ခွဲခြားထားပါသည်။

 (၁) အမြင် (မျက်စိ) စိတ်တွင်းပေါ်ရုပ်သမားများ
 (၂) အကြား (နား) စိတ်တွင်းပေါ်ရုပ်သမားများ
 (၃) အနံ့ (နှာခေါင်း) စိတ်တွင်းပေါ်ရုပ်သမားများ

ဟူ၍ ဖြစ်ပါသည်။ ပြည့်စုံသွားအောင် အတွေ့နှင့် အရသာ(လျှာ) စိတ်တွင်းပေါ် ရုပ်သမားများဟူ၍ ထပ်မံထည့်သွင်းလျှင် အငြင်းပွားဖွယ်ရာ မရှိပါ။ လူ၏ အာရုံငါးပါးသည် ထွေးရောယှက်တင် ဖြစ်ပျက်နေသော သဘောရှိပါသည်။ ထို့ကြောင့် အရောင်အသွေးရှိသော အသံ၊ အရောင်အသွေး ရှိသော အနံ့၊ အရောင်အသွေးရှိသော အရသာ၊ အရောင်အသွေးရှိသော အတွေ့အထိစသဖြင့် ပေါ်လာပါသည်။

(င)
ပုံစံ (၁) မှာ ပတ္တမြား အမည်ရှိသော (၁၇) နှစ်သမီးတစ်ယောက် ရေးဆွဲထားသော ပန်းချီကားဖြစ်ပါသည်။ (၁၇) နှစ်သမီးဆိုသော်လည်း ကိုယ်အလေးချိန် ပေါင်ရှစ်ထောင် (၈ဝဝဝ) ကျော်ရှိသောသူ ဖြစ်ပါသည်။ ထိုသူငယ်မမှာ အာရီဇိုးနား ပြည်နယ် ဖီးနစ်မြို့ တိရစ္ဆာန်ဥယျာဉ်မှ ဆင်မလေးတစ်ကောင် ဖြစ်ပါသည်။ ထိုဆင်မလေး၏ တစ်ကိုယ်တော် ပန်းချီပြပွဲကို ပန်းချီကုန်သည် ဘီဘစ်ရှော့ပ်က သူပိုင် စကော့စ်ဒေး ပန်းချီ ဂလယ်ရီမှာ ၁၉၉ဝ ခုနှစ်က ဖွင့်လှစ်ပြသခဲ့ပါသည်။ ထိုပွဲတွင် တင်သွင်းသော ပန်းချီကား (၃၉) ကားလုံး နှစ်ရက်အတွင်း ကုန်အောင် ရောင်းချခဲ့သည်ဟု ဆိုပါသည်။

ပုံစံ (၂)  မှာ ဂျာမန်လူမျိုး ကမ္ဘာကျော် ဂီတဆရာကြီး ရစ်ချက်ဝဂ္ဂနာ ၏ ဆင်ဖိုနီတေးဘွဲ့ကို I.J Blemont က ပြန်လည်ခံစား ရေးဆွဲထား သည့် ပန်းချီကား ဖြစ်ပါသည်။ အရောင်အသွေးရှိသော အသံ၏ ထူးခြားသော ပြယုဂ်ဖြစ်ပါသည်။ [?]

ပုံစံ (၃) နှင်းဆီဖြူ၏ရနံ့အမည်ရှိသော ပန်းချီကားဖြစ်၍ ကျွန်တော်ကိုယ်တိုင် စက္ကူပေါ်တွင် ရေဆေးအနက်ရောင်ကို အသုံးပြု ရေးဆွဲ ထားခြင်းဖြစ်ပါသည်။ အရောင်အသွေးရှိသော အနံ့ကို ဖော်ထုတ်ဖို့ ကြိုးပမ်းမှုမျှသာ ဖြစ်ပါသည်။ သင်ပျင်းရိနေလျှင် ဤပန်းချီကားကို ကြည့်ရှု၍ တေးသွားတစ်ပုဒ် ခံစားရေးဖွဲ့ကြည့်စေလိုပါသည်။


သစ္စာနီ (ဗန္ဓတ်နှင့် အခြားဝတ္ထုတိုများ၊ ဇူလိုင်လ၊ ၂ဝဝ၁)

Read more...

No comments:

Post a Comment