သက္ကရာဇ် ၂ဝဝ၂ ခုနှစ် ဧပြီလ ၆ ရက်နဲ့ ၇ ရက်က ရန်ကုန်မြို့
အမျိုးသားပြတိုက်မှာ ‘ဂျာနယ်ကျော် ဦးချစ်မောင် နှစ် ၉ဝ မြောက် မွေးနှစ်၊
ဂျာနယ်ကျော်မမလေး နှစ် ၂ဝ မြောက် ကွယ်လွန်နေ့ နှင့် ဂျာနယ်ကျော် စီးဆင်းမှု
အထိမ်းအမှတ်ပြပွဲ’ ပြုလုပ်ခဲ့ပါတယ်။
ဧပြီလ ၆ ရက်နေ့မှာ
အခမ်းအနားသဘာပတိ ဆရာပါရဂူက ဂျာနယ်ကျော်မိသားစုနဲ့ပတ်သက်လို့ အမှာစကား
ပြောကြားခဲ့ပါတယ်။ ဂျာနယ်ကျော်ဦးချစ်မောင် ဆီမှာ ဆန့်ကျင်ဘက် ခြေလှမ်း ၂
ခု ပေါင်းဆုံနေတာ မြင်တွေ့ကြောင်း အထူးသဖြင့် ရိုးသားခြင်းနဲ့
ဆန်းပြားခြင်း၊ ရှေးဆန်ခြင်းနဲ့ ခေတ်မီခြင်းတို့ဖြစ်ကြောင်း ဆရာပါရဂူက
ရှင်းပြသွားပါတယ်။
အမှတ်ရစရာ အဖြစ်အပျက်များနဲ့ပတ်သက်လို့လည်း
စိတ်ဝင်စားစရာတချို့ကို ပြောပြပါတယ်။ တနေ့ ဦးချစ်မောင်က ရန်ကုန်ဘူတာကြီး
သွားပြီးတော့ လူတွေလှုပ်ရှားသွားလာနေတာကို ထိုင်ကြည့်နေတုန်း ရထားတစ်စီး
ဆိုက်လာပြီး အဖော်မပါဘဲ အထုပ်အပိုးတွေအများကြီးနဲ့ မနိုင်မနင်းဖြစ်နေတဲ့
မိန်းမကြီးတစ်ယောက်ကို တွေ့သတဲ့။ ဒါကြောင့် ဦးချစ်မောင်က မနေနိုင်တော့ဘဲ
အထုပ်အပိုးတွေ ကူသယ်ပေးတယ်၊ ပစ္စည်းတွေ သယ်ပေးရင်း မျက်မှန်တောင်
ကျွတ်ကျပြီး မှန်ကွဲသွားပါတယ်။ မိန်းမကြီးက ဦးချစ်မောင်ကို ကူလီလို့တောင်
ထင်သွားသတဲ့။ ဒါက ဦးချစ်မောင်ရဲ့ လူအထင်ကြီးအောင် မနေဘဲ သူတပါးကို
ကူညီတတ်ပုံဖြစ်ပါတယ်။
ဒီလိုစိတ်မျိုးရှိပေမယ့်
စာပေလွတ်လပ်ခွင့်နဲ့ ပတ်သက်ရင်တော့ အာဏာပိုင်တွေကို ရဲရဲဝံ့ဝံ့
အံတုသူဖြစ်ပါတယ်။ မြန်မာ့အလင်းသတင်းစာမှာ ဝေလမင်းသား နန်းစွန့်တဲ့သတင်း
ပါလာတော့ တာဝန်ခံအယ်ဒီတာဖြစ်တဲ့ ဦးချစ်မောင်ကို မြန်မာပြည်ဘုရင်ခံက
ဆင့်ခေါ်ပါတယ်။ ဦးချစ်မောင်က ဘုရင်ခံရုံးထဲကို ခုံဖိနပ်စီးပြီး
ဝင်သွားတဲ့အပြင် ထိုင်စရာ နေရာမပေးလို့ ကုလားထိုင်ကို
သူ့ဘာသာဆွဲထိုင်ပါတယ်။ ဘုရင်ခံက သူတို့တောင် မသိသေးတဲ့သတင်းကို သတင်းစာမှာ
ထည့်ရကောင်းလားဆိုပြီး ထောင်နဲ့ ခြိမ်းခြောက်တော့ ဦးချစ်မောင်က ဘုပြောပြီး
ပြန်ခဲ့တယ်။ ဦးချစ်မောင်ဟာ ကူလီထမ်းချင်ထမ်းပေမယ့် ဗြိတိသျှအစိုးရကိုတော့
နည်းနည်းလေးမှ အလျှော့ပေးချင်တဲ့လူ မဟုတ်ဘူးလို့ ဆရာပါရဂူက ဆိုပါတယ်။
ဆရာပါရဂူက “မြန်မာပြည်မှာ စာပေနဲ့စာနယ်ဇင်းကို ပူးပေါင်းမထားဘဲ
သတင်းစာဆရာအသင်း သီးသန့် ရှိမယ်ဆိုရင် သတင်းစာဆရာအသင်းရဲ့
ကိုယ်ပိုင်အဆောက်အအုံက နေရာတစ်နေရာဟာ ဂျာနယ်ကျော်ဦးချစ်မောင် ရုပ်တုအတွက်
ဖြစ်လိမ့်မယ်လို့” ပြောရင်း သူ့ရဲ့ သဘာပတိမိန့်ခွန်းကို
နိဂုံးချုပ်ခဲ့ပါတယ်။ ဒါဟာ ဆရာပါရဂူ ပြောသွားတဲ့
ဂျာနယ်ကျော်ဦးချစ်မောင်ရဲ့ ပုံရိပ်တွေထဲက တချို့ဖြစ်ပါတယ်။
ကဗျာဆရာ မောင်စွမ်းရည်ကလည်း အခုလို ဆိုပါတယ်။
“ဦးချစ်မောင်ကတော့ ဗမာ့ခေတ်ထဲမှာ စံပြ သတင်းစာဆရာတစ်ယောက်အနေနဲ့
ဖြစ်ပြီးတော့ နောင်လာနောက်သား သတင်းစာဆရာတွေ ဥပမာ ဦးဝင်းတင် တို့လို၊
ကိုသာဘန်းတို့လို စသဖြင့် နောက်ပိုင်းသတင်းစာဆရာတွေ အားလုံးဟာ ‘သူလိုလူ’ကို
ဖတ်ပြီးတော့ ဂျာနယ်ကျော်ဦးချစ်မောင်ကို အားကျပြီးတော့ သတင်းစာဆရာ
ဖြစ်ချင်ကြတယ် ဆိုပြီးတော့ သတင်းစာဆရာ ဖြစ်လာတဲ့ လူငယ်တိုင်းက ပြောကြတယ်။
သူက သတင်းစာဆရာ။ သတင်းစာဆရာဟာ နိုင်ငံရေးကိုလည်း သိရတယ်ပေါ့လေ။
နိုင်ငံရေးကိုလည်း လေ့လာတယ်။ အရေးကြုံတဲ့အခါ သူက ဖဆပလ မှာ အခြေခံဥပဒေ
ရေးဆွဲရေးထိအောင် ပါဝင်လုပ်ဆောင်ခဲ့တယ်။ အခြေခံဥပဒေရေးဆွဲတာကို
ဦးဆောင်ပြီးတော့ကို လုပ်ခဲ့တာ။ သူက လေ့လာမှုက များတာကိုး။ အဲဒါက အဓိကပါပဲ။
သတင်းစာဆရာလုပ်ဖို့ တက်လာပြီးတော့ သတင်းစာအလုပ် စိုက်လိုက်မတ်တတ် လုပ်တာ။
အဲဒီခေတ်က စာပေသမား လူပေလူတေတွေ ရှိကြတယ်လေ၊ လူတော်တွေ လူပေလူတေတွေ။
သောက်ကြစားကြ ဆိုတဲ့ကြားထဲမှာ သူက မသောက်မစားဘဲ နိုင်ငံရေးနဲ့ စာပေပဲ
လိုက်စားတယ်”
ဆရာမောင်စွမ်းရည် ပြောသလိုပါပဲ။ ဇနီးဖြစ်သူ
ဂျာနယ်ကျော်မမလေး ရဲ့ ‘သူလိုလူ’ စာအုပ်ကို ဖတ်ပြီး ဦးချစ်မောင်ကို လေးစား
အားကျလို့ သတင်းစာသမားဖြစ်ချင်တဲ့အကြောင်း၊ ဒီအတွက်လည်း
ဖြစ်အောင်အားထုတ်ခဲ့ကြောင်း၊ သူ့လိုပဲ ‘သူလိုလူ’က လက်သည်လုပ်
မွေးဖွားပေးလိုက်တဲ့ လူငယ်သတင်းစာသမားပေါင်း များစွာရှိမှာဖြစ်ကြောင်း
သတင်းစာဆရာကြီး ဦးဝင်းတင် က ‘ကွိ’ စာအုပ် ‘ဘာသာပြန်သူ၏ မှတ်ချက်’ မှာ
ရေးသားခဲ့ပါတယ်။ ကွိ မူရင်းစာအုပ်က ဂျာနယ်ကျော်ဦးချစ်မောင်
အလွန်နှစ်သက်တဲ့ စာအုပ်ဖြစ်ပါတယ်။
သတင်းစာဆရာ၊ စာရေးဆရာ နဲ့
မျိုးချစ်ပုဂ္ဂိုလ်တစ်ဦး ဖြစ်တဲ့ ဂျာနယ်ကျော်ဦးချစ်မောင် ကို ခရစ်သက္ကရာဇ်
၁၉၁၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့က သာယာဝတီခရိုင် အုတ်ဖိုမြို့မှာ
မွေးဖွားခဲ့ပါတယ်။ အဖ ဦးမြ၊ အမိ ဒေါ်စောယု ဖြစ်ပြီး မိခင်က အင်္ဂလိပ်တွေ
မြန်မာပြည်ကိုသိမ်းစဉ် တော်လှန်တိုက်ခိုက်ရင်း ကျဆုံးခဲ့ရတဲ့
ရွှေကျင်ဝန်ကြီး ဦးကျင်ရဲ့ သမီးဖြစ်ပါတယ်။
လက်ပံတန်းမြို့
အစိုးရအထက်တန်းကျောင်းမှာ ပညာစတင်သင်ကြားခဲ့ပြီး ဆယ်တန်း
အောင်မြင်ပြီးတဲ့နောက် အဲဒီကျောင်းမှာ ကျောင်းဆရာအဖြစ်
ခေတ္တလုပ်ကိုင်ခဲ့ပါတယ်။ အဲဒီနောက် ရန်ကုန်ကို စာအုပ်ဝယ်ဖို့ သွားရောက်ရာက
မပြန်တော့ဘဲ ‘နော်ရထာ သတင်းစာတိုက်’မှာ ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။
‘ဈေးနှုန်းသတင်းစာ’၊ ‘မြန်မာ့အလင်းသတင်းစာ’တို့ကို ပြောင်းရွှေ့
လုပ်ကိုင်ခဲ့ပြီး မြန်မာ့အလင်း သတင်းစာရဲ့ အယ်ဒီတာချုပ်အထိ တာဝန်အဆင့်ဆင့်
တိုးမြှင့်ထမ်းဆောင်ခဲ့ရပါတယ်။
ဦးချစ်မောင်က
မြန်မာ့အလင်းသတင်းစာ အယ်ဒီတာချုပ်အဖြစ်နဲ့
မျိုးချစ်စိတ်အရင်းခံရှိတဲ့အတိုင်း တိုင်းပြည်အတွက် အကျိုးရှိမယ့်
အရေးကိစ္စတိုင်း ရဲရဲရင့်ရင့် ရေးသားဖော်ပြခဲ့ပါတယ်။ ဒီလိုရေးသားရင်း
လွတ်လပ်စွာ ရေးသားခွင့်အတွက် သတင်းစာတိုက်ရှင်နဲ့ စိတ်သဘောချင်း
မတိုက်ဆိုင်လို့ ၁၉၃၉ ခုနှစ်မှာ အယ်ဒီတာအဖြစ်ကနေ နုတ်ထွက်ခဲ့ပါတယ်။
အဲဒီနောက် ‘ဂျာနယ်ကျော်’ အမည်နဲ့ သတင်းဂျာနယ်တစ်စောင်ကို ကိုယ်တိုင်
ဦးစီးထုတ်ဝေပါတယ်။ ၁၉၃၉ ခုနှစ် မေလ ၂၇ ရက်နေ့က စပြီး စနေနေ့တိုင်း
ထုတ်ဝေတဲ့ ဂျာနယ်ကျော်ရဲ့ မျက်နှာဖုံးမှာ ‘မဟုတ်မခံ ပြည်သူ့ဟစ်တိုင်’ လို့
ရိုက်နှိပ်ထားပြီး နိုင်ငံရေး စစ်ရေးဆိုင်ရာ ဝေဖန်ချက်တွေ၊
အကြံပြုချက်တွေကို ပြတ်ပြတ်သားသား ရေးသားဖော်ပြခဲ့တဲ့အတွက် ဂျာနယ်ကျော်ဟာ
တမုဟုတ်ချင်း ကျော်ကြားလာသလို ဦးချစ်မောင်ကလည်း
ဂျာနယ်ကျော်ဦးချစ်မောင်အဖြစ် ထင်ရှားလာခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ်ကြီး မဖြစ်ခင်မှာ ‘ဂျာနယ်ကျော် သတင်းစဉ်’ကို ဦးစီးထုတ်ဝေရင်း
‘ရွှေလင်းယုန်’ ဆိုတဲ့ ကလောင်အမည်နဲ့ ‘ရှာရှာဖွေဖွေ’၊ ‘ကမ္ဘာကြီး
ပျက်စီးလုနီးပြီလော’၊ ‘နိုင်ငံတော်သစ်သို့’၊ ‘သူ’၊ ‘မှိုင်းမှုန်မှုန်’ စတဲ့
ဝတ္ထုတွေ စာတမ်းတွေ ရေးသားခဲ့ပါတယ်။ စစ်ဖြစ်ပြီး ဂျပန်တွေ
ဝင်ရောက်လာတဲ့အချိန်မှာ ဦးချစ်မောင်က ဘိုကလေးမြို့မှာ
ခေတ္တတိမ်းရှောင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ရန်ကုန်ကို ပြန်လာပြီး
တော်လှန်ရေးလုပ်ငန်းတွေ စတင်လုပ်ဆောင်ခဲ့ပါတယ်။ စစ်ပြီးလို့
ဗြိတိသျှစစ်တပ်တွေ ပြန်ဝင်လာတဲ့အခါ ဦးချစ်မောင် အဖမ်းခံခဲ့ရပါသေးတယ်။
အဲဒီနောက် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ဖဆပလ ဗဟိုဦးစီးအဖွဲ့မှာ
ပါဝင်ပြီး လွတ်လပ်ရေးအတွက် အရေးဆိုတဲ့အခါ ထိရောက်စွာ
ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ တဖက်မှာလည်း ‘မြန်မာနိုင်ငံ စာရေးဆရာအသင်း’
ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပါတယ်။
ဂျာနယ်ကျော်ဦးချစ်မောင်ဟာ
၁၉၃၈ ခုနှစ်မှာ ဒေါ်တင်လှိုင် (ဂျာနယ်ကျော် မမလေး) နဲ့ လက်ထပ်ခဲ့ပြီး သားသမီး
၃ ဦး ထွန်းကားခဲ့ပါတယ်။ မြန်မာပြည် လွတ်လပ်ရေးအတွက် စွမ်းစွမ်းတမံ
ဆောင်ရွက်နေစဉ်မှာပဲ ဂျာနယ်ကျော်ဦးချစ်မောင် ဆီးရောဂါနဲ့
ကွယ်လွန်ခဲ့ပါတယ်။ ဦးချစ်မောင် ကွယ်လွန်တဲ့အတွက် ဗိုလ်ချုပ်အောင်ဆန်း က
ကျုပ်တို့တော့ လက်ရုံးတစ်ဖက် ပြုတ်သွားပြီ လို့ အစချီရင်း
ဦးချစ်မောင်အကြောင်းများ ပြောဆိုခဲ့ပါတယ်။ ပြီးတော့ “ဦးချစ်မောင်လို
လူမျိုးကိုတော့ ခြေကျင်ပို့သင့်ပါတယ်” ပြောသတဲ့။ ဈာပနနေ့မှာ
ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် ဖဆပလ ခေါင်းဆောင်တွေ၊ သတင်းစာဆရာတွေ၊
စာရေးဆရာတွေ၊ နိုင်ငံရေးသမားတွေ၊ အနုပညာရှင်တွေနဲ့ ပြည်သူလူထုကြီးက
ဦးချစ်မောင်ရဲ့ နိုင်ငံတော်ဈာပနကို လမ်းလျှောက်ပို့ဆောင်ခဲ့ကြပါတယ်။ ဒါဟာ
တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့်သူတစ်ဦးကို ပြန်လည်ဂုဏ်ပြုကြတာလည်း
ဖြစ်ပါတယ်။ ။
ထိန်လင်း
၁၊ ၆၊ ၂ဝ၁ဝ
No comments:
Post a Comment