Monday, December 26, 2011

ဘဝ ဆိုတာ-

by Zay Ya on Monday, December 26, 2011 at 4:18pm
Osho မကွယ်လွန်ခင် နီးပါးက ရိုက်ယူထားတဲ့ Youtube ဖိုင်ဖြစ်မယ် ထင်တယ် ။ ဒီ ဖိုင်ရဲ့ အဆက်ကိုရော၊ သက်ဆိုင်တဲ့စာကိုရော ရှာမတွေ့ပါ။ ဒီအတိုင်း ဆီလျော်သလို ပြန်ဆို ပါတယ်။



What is Life?
ဘဝ၊ ရှင်သန်မှု ဆိုတာ ဘာလဲ။

ဒါမေးခွန်း မဟုတ်ဘူး။
“နှင်းဆီသည် နှင်းဆီ ဖြစ်သည်။ ထို့ကြောင့် ၎င်းသည် နှင်းဆီ ဖြစ်သည်။”
ကဲ.. ဘာလဲ ..နှင်းဆီဆိုတာက --

ခင်ဗျား အခု အသက်ရှင်နေတယ်။ ဒါတောင် မေးခွန်းထပ်မေးတယ်။ ရှင်သန်မှု ဆိုတာ ဘာလဲ။


ခင်ဗျား ရှင်နေသလား၊ သေပြီလား။

တကယ်လို့သာ ကျနော် အုတ်ဂူထဲမှာ ၊ သင်္ချိုင်းမှာ ဆိုပါတော့ ။အခြားသူတွေလည်း သင်္ချိုင်းက ထွက်လာပြီး မေးမယ် ဆိုပါတော့။- “ရှင်သန်မှု ဆိုတာ ဘာလဲ” ။ ဒါဆို အဲ့မေးခွန်း က သင့်လျော်ပါလိမ့်မယ်။

အခု ခင်ဗျား သင်္ချိုင်း ပြင်ပမှာ ရှိနေတယ်။ ဆိုလိုတာက ခင်ဗျား အခု အသက်ရှင်နေတယ်။ ဒါပေမယ့် ခင်ဗျား တစ်ခါမှ ခင်ဗျား သိစိတ် အတွင်းပိုင်းထဲ  ဝင်မကြည့်မိဘူး ထင်တယ်။ အဲ့ဒီ ဝင်ကြည့်ပြီး သိမြင်မှု သက်သက်ကနေ သာ ရှင်သန်နေမှု ဖြစ်ပေါ် ပါတယ်။

ခင်ဗျား အထဲဝင်သွားရုံလေးပါ။ ပြင်ပသဏ္ဍာန်တွေ အားလုံး အရှင်းသား ရှိနေပါတယ်။ တခဏတာလေး ဖြစ်ဖြစ် ဝင်ကြည့်ပါ။ ခင်ဗျား တစ်ကိုယ်တည်း ၊ အထီးတည်း တည်ရှိနေပါတယ်။ အခု၊ အခုခဏလေး အတွင်းထဲ ရယ်ပါ။ အခု ရှိနေတဲ့ တိတ်ဆိတ်ငြိမ်သက်နေမှု သက်သက်ပါ။ အဲ့အခါ ဘဝဆိုတာ ဘာလဲ ခင်ဗျား သိပါလိမ့်မယ်။

ဘဝဆိုတာ ဘယ်လိုပါ ညာလိုပါ ဆိုပြီး ခင်ဗျား အခြားတစ်ယောက်ယောက် ကို ဘယ်လိုမှ အတိအကျ ရှင်းပြ မပေးနိုင်ဘူး။ အကြောင်းက ဘဝရှင်သန်မှုဟာ နက်နဲနေလို့။ ထိတွေ့မှ သိရှိမယ့်အရာမို့လို့။ စကားလုံးတွေ စီကာပတ်ကုံး ရှင်းပြမပေးနိုင်တဲ့ အရာမို့လို့ ဖြစ်ပါတယ်။ “နှင်းဆီသည် နှင်းဆီ ဖြစ်သည်။ ထို့ကြောင့် ၎င်းသည် နှင်းဆီ ဖြစ်သည်။” လို့ပဲ ကျနော် ပြောနိုင်တာဟာလည်း ဒါ့ကြောင့်ပဲ ဖြစ်ပါတယ်။ ဒါ ဘာကိုမှ ရှင်းပြနေတာ မဟုတ်ဘူး ရယ် ။ ဒီနေရာမှာ ဘာမှ ရှင်းပြစရာ မရှိဘူး။ နို့ပေမယ့် ခင်ဗျား တွေ့ထိ သိရှိသွားနိုင်တယ်။ အဲ့ဒါပဲ ရှိတယ်။

တကယ်တော့ နှင်းဆီ ဆိုတာဟာလည်း ခင်ဗျားရဲ့ ပြင်ပ အရာတစ်ခုပါ။
ဘဝ၊ ရှင်သန်မှု စင်စစ်ကတော့ ခင်ဗျားကိုယ်တိုင်ပဲ ဖြစ်ပါတယ်။

နှစ်ပေါင်း ထောင်ချီပြီး   ခင်ဗျားတို့ ကျနော်တို့ သန္တာန်မှာ ( to live ) ရှင်သန်နေထိုင်ဖို့  မရှိခဲ့ဘူး -( to survive ) ရှင်သန်ကျန်ရစ်ဖို့သာ အာရုံစိုက်နေကြတယ်။

ဘာသာတရား တွေ ကလည်း လက်ရှိဘဝ ၊ အရာရာတိုင်းဟာ မုန်းတီးစရာကြီး တစ်ခုလို စွန့်ပစ်စရာ ကြီး တစ်ခုလို သင်ကြား ပေးထားကြတယ်။ ဒါတွေကြောင့် ခင်ဗျားရဲ့ အခု ရှင်သန်နေမှု၊ ဘဝကို ခင်ဗျား မခံစားမိ၊ မသိရှိမိတော့တာ ဖြစ်နိုင်ပါတယ် ။ အဲ့လို ဘဝကို ငြင်းပယ်မယ့် ဘာသာတရား ဘယ်ဟာ ကို မဆို ကျနော် ဖယ်ချပစ် မှာပဲ။ ကျနော့် ရောင်းရင်းတွေ ကိုလည်း ဒီအကြောင်းကြောင့် ဘာသာတရား တစ်ခုအဖြစ် အမည်မတပ်တာပဲ ဖြစ်ပါတယ်။ ဒီအကြောင်းကြောင့် ဘဝကို ဖယ်ရှားတဲ့ ဘယ်တံဆိပ်၊ ဘယ် Trade-mark နဲ့မှ  ကျနော် အကျုံးမဝင်ဘူး။

အပြည့်အဝ ဘဝရှင်သန်မှုကိုသာ အမြတ်တနိုး ရှိတယ်။ ကျနော် ရှုမြင် ချဉ်းကပ် ထားတာက ဘဝ သက်သက် အပေါ်မှာသာ ဖြစ်ပါတယ်။ ကခုန်၊သီဆိုတာ ပဲ ဖြစ်ဖြစ်၊ ခင်ဗျား သန္တာန်မှာ မေတ္တာစိတ် ထုံမွှမ်းထားတာပဲ ဖြစ်ဖြစ်၊ ခင်ဗျား ဘာဝနာမှု ပြုတာပဲ ဖြစ်ဖြစ်၊ ဘဝ ဆီကိုသာ ရည်ညွှန်းမှု ပြုတယ်။ ဘဝကိုသာ ချဉ်းကပ် ခံစားမှု ရှိတယ်။ ခင်ဗျား ဘာလုပ်လုပ်၊ ဘယ်စိတ်တွေ နှစ်ပြီး ခွန်ပြည့်အားပြည့် ဘယ်လို စိုက်ထုတ်ထုတ်၊ ခင်ဗျား ဘဝရဲ့ ဆက်နွယ်ချက် အလုပ်တွေ လုပ်နေတာသာ ဖြစ်ပါတယ်။ အဲ့လိုနဲ့ ခင်ဗျား ဘဝကို ခံစားနိုင်တယ်။ သိရှိနိုင်တယ်။ ဒါပေမယ့် ဘဝဟာ ဘာလဲလို့ ဖွင့်ဆို ရှင်းမပြနိုင်ဘူး။ လိုလည်း မလိုအပ်ဘူး ရယ်။

ခင်ဗျားကို ဒီလို မေးခွန်းမျိုး လာမေးကြမယ့် ဘယ်သူ့ကိုမဆို လမ်းပြပေးရုံလေးသာ ခင်ဗျား အလွန်ဆုံး လုပ်နိုင်တယ် ။ ဘဝဆိုတာ ဘာလဲ ရှင်းလင်း မပြောနိုင်ဘူး။ ဘဝကို အပြည့်အဝ ဘယ်လို ချဉ်းကပ်မလဲ ခင်ဗျား ပြပေးလို့တော့ ရနိုင်တယ်။ ခင်ဗျား ဘယ်လို ဘဝကို ရှင်သန်ထိတွေ့ ထားသလဲ ရှင်းပြနိုင်တယ်။

တကယ်စင်စစ် ဘဝ ရှင်သန်မှုဟာ တခဏတာလေး ပေါ်က အရသာလေးပါ။ အင်မတန် ချိုမြိန်ပါတယ်။

.....................
Youtube Link - http://www.youtube.com/watch?v=5wEN7-sKjy0
...................
http://zayya.blog.com/
http://zayya.wordpress.com/
http://zayyablogger.blogspot.com/
...................

No comments:

Post a Comment