စင်ကာပူမှာ
ငွေလွှဲလုပ်ငန်းလုပ်တဲ့ အသက် ၅၀ အရွယ်လောက် မိန်းမတစ်ဥိးက
ယုံကြည်မှုကိုအခွင့်ကောင်းယူပြီး ငွေလွှဲသူများရဲ့ငွေ အမေရိကန်ဒေါ်လာ ၎
သန်းလောက် ခရစ်စမတ်လက်ဆောင်အနေနဲ့ လက်ခံရယူပြီး ထွက်ပြေးသွားပါတယ်။
မြန်မာနိုင်ငံက လူကြီးတဦးရဲ့ငွေတွေလဲပါသွားတော့ မြန်မာသတင်းစာထဲမှာလဲ
ဟိုးလေးတကျော်ဖြစ်သွားပါတယ်။ လန်ဒန်ကိုထွက်ပြေးတယ်။ ဟိုမှ
ဖမ်းမိတယ်ပြောတယ်။ လူမိပြီးငွေတွေပျောက်အောင် လူလိမ်တွေ
အသာလေးလုပ်နိုင်ပါတယ်။
စင်ကာပူမှာလည်း ဆိုင်ခန်းနဲ့၊
ပြီးတော့ စင်ကာပူမှာ ကွန်ဒိုတွေလဲ ပိုင်ဆိုင်တယ်ဆိုပဲ။
လူတွေအထင်ကြီးအောင်လုပ်ပြီး စနစ်တကျ အချီကြီး ငွေလာလွှဲသူတွေများတဲ့အချိန်
ထွက်ပြေးမယ် ကြံထားပြီးသားပါ။ ငွေအများဆုံး လာလွှဲချိန်ကတော့ စင်ကာပူမှာ
အလုပ်သမားတွေ ငွေရွှင်တဲ့ ဒီဇင်ဘာလကုန်၊ ခရစ်စမတ်နဲ့နှစ်သစ်အတွက်
ဆယ်သုံးလစာ၊ ဘောနပ်စ်တွေ ရချိန်ကို စောင့်ပြီး၊ ကွန်ဒိုတွေရောင်းပြီး
မိချောင်းအပြုံးနဲ့ ပါစပ်ဟပြီးစောင့်နေတဲ့ မိန်းမပါ။
ဟိုးယခင်ကလည်း
ရွှေမန္တလေးဆိုပြီး ဆိုင်ဖွင့်၊ စင်ကာပူမှာ ရဲအမှုတွေဖြစ်ပြီး မြန်မာပြည်
ထွက်ပြေးရတဲ့အထိ ပြသနာဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာပြည်က
ဝိသမလောဘသားများကို စည်းရုံးပြီး ခပ်တည်တည်နဲ့ စင်ကာပူမှာ ဆိုင်ကြိးဖွင့်၊
ကွန်ဒိုဝယ် လုပ်ပြတော့ လူတွေက ယုံကြည်လာကြပြန်တယ်။ လူတွေကိုက ခက်ပါတယ်။
ပိုက်ဆံနဲနဲပိုပေးတော့ သူ့ဆီကို ငွေလွှဲကြသူတွေများတယ်။
ဆိုင်နာမည်က
ရွေရတနာ ဆိုပဲ။ ပင်နီစူလာပလာစာမှာ အတည်တကျဖွင့်ထားပြီး
သူ့ကိုအားကိုးမိတဲ့ လင်းလဲ့၊ လွိုင်ဟိန်း၊ သီရိမွန် စတဲ့ဆိုင်များလည်း
ငွေလာလွှဲသူများကို ဒီမိန်းမဆီ တဆင့်ပေးတော့ အခု လူယုံသတ်ခံရပြီး
အခက်အခဲဖြစ်သွားတယ်။ တခြားဆိုင်တွေအများကြိးလည်း ဒီမိန်းမကို
တဆင့်လွှဲအပ်မိလို့ ဒုက္ခရောက်ရတယ်။
ဒီမိန်းမပိုင်တဲ့
ကွန်ဒိုတွေ၊ ဆိုင်ခန်းတွေ သိမ်းမလားဆိုရင်လည်း ..
အားလုံးပြန်ရောင်းပြီးသွားပြီဆိုပဲ။ ကွန်ဒိုတလုံးဆို
ငွေတသိန်းလက်ငင်းပေးလိုက်ရင် အရစ်ကျနဲ့ ၀ယ်လို့ရတာပဲ။ မြန်မာပြည်လို
ဒေါ်လာ၇သိန်းတန်တဲ့ အိမ်ကို လက်ငင်းပေးစရာမှမလိုတာ။ ဒီလိုပဲ အထင်ကြီးအောင်
အိမ်၊ ကားကြီးတွေ ၀ယ်စီးပြီး ဘီးစနက် လုပ်ကြတာ လုပ်ရုံးထုံးစံပါပဲ။
မန္တလေးနယ်က
မိန်းမဆိုတော့ နယ်ခံတွေ၊ တိုင်းရင်းသားတချို့တွေ၊ မန္တလေး၊
အထက်မြန်မာပြည်သားတွေ တော်တော်များများက ဒေသစွဲနဲ့ ဒီမိန်းမကို
ယုံကြည်ကြတယ်။ အရင်က ပြသနာဖြစ်ဖူးတာ သိရက်နဲ့ နောက်တ ရလောက်ပါပြီဆိုပြီး
အပြောကောင်းတဲ့ ဒိမိန်းမကို ယုံကြည်ကြတယ်။
တချို့များဆို
တနှစ်လုံး စုထားတဲ့ ငွေတွေ ပါသွားတယ်။ သူဌေး သင်္ဘောမှောက်တာ အရေးမကြီးဘူး၊
သူတောင်းစားခွက်ပျောက်တာ ပိုခံရတယ် ဆိုတဲ့အတိုင်း တလ ဒေါ်လာ ၃၀၀ ရတာကို
ခြစ်ချုတ်စုပြီး မိဘဆီကိုပို့ပေးတဲ့ အိမ်ဖေါ်မိန်းကလေးတဦးရဲ့ မျက်ရည်ကို
ဘယ်လိုသုတ်ပေးနိုင်မလဲ…။
အဲ .. ရွှေရတနာ ဆိုတဲ့ ဆိုင်ကတော့
ဖွင့်နေတုန်းပါပဲ။ လူတွေ လာရှာတော့ အဲဒီမိန်းမရဲ့ယောက်ျား
အသက်ကြီးကြီးလူကြီးက သူနဲ့မဆိုင်ကြောင်း၊ သူက ပါတနာလည်းမဟုတ်.. သူ့ဆိုင်မှာ
နေရာငှားရမ်းပြီး ငွေလွှဲလုပ်ငန်း လုပ်တယ်ဆိုပြီး သူကတောာင် ဒေါသထွက်တယ်
ရှိသေးတယ်။ ဒီမိန်းမနဲ့ သူနဲ့ ဘာမှမဆိုင်ဘူး၊ အရင်က လင်မယားဖြစ်ပေမဲ့ အခု
ကွာရှင်းထားပြီးသား .. ဆိုပြီး.. ကွာရှင်းစာချုပ်ကြီးကိုပါ
ထုတ်ပြလိုက်သေးတယ်။ ခပ်တည်တည်ပဲ။
ငွေလွှဲသူများစွာလည်း
ဘာလုပ်ရမှန်း မသိဘူး။ ရဲကို တိုင်တဲ့လူလည်း တိုင်ကြတာပေါ့။ စင်ကာပူရဲကလည်း
ပြောတယ်။ ငွေလွှဲလုပ်ငန်း ဟွန်ဒီလုပ်ခြင်းဟာ စင်ကာပူဥပဒေကို
ချိုးဖောက်ခြင်းဖြစ်လို့ လုပ်သူကို ဖမ်းဆီးနိုင်ပါတယ်။ လုပ်သူက စင်ကာပူမှာ
မရှိတော့ တိုင်ချက်ဖွင့်လိုရင် သက်သေနဲ့ဖွင့်ပါ။ ငွေလွှဲခြင်းကို တရားဝင်
ရီမစ်တင့်ဆားဗစ် Remittance Service ကုမ္ပဏီနဲ့လုပ်ဆောင်ရပါတယ်။ ဥပဒေအရဆို
ငွေလွှဲသူရော၊ ငွေလွှဲလက်ခံလုပ်ပေးသူရော တရားမ၀င်ပါဘူး ..
စသဖြင့်ပြောဆိုတော့ တိုင်ချက်ဖွင့်တယ် လို့လည်း မကြားသေးပါဘူး။
မြန်မာပြည်မှာတော့ တိုင်ချက်ဖွင့်ထားပုံရပါတယ်။
ဘာလုပ်ကြမလဲ …။
ခံလိုက်ရသူများထဲက
လူသိရှင် ကြားခံရဲသူတစ်ဦးက ဦးဆောင်ပြီး၊ ခံလိုက်ရသူများအားလုံးကို
စာရင်းကောက်၊ ငွေလက်ခံဖြတ်ပိုင်းများကို စုစည်းပြီး
စာရင်းလုပ်ဆောင်ရပါမယ်။ ပြီးတော့ တရားဥပဒေအရ ဘယ်လိုပြန်လည်ရယူရမလဲဆိုတာ
နားလည်တဲ့ အစိုးရရှေ့နေ သို့မဟုတ် အဖွဲ့အစည်းတခုခုနဲ့ ဆက်သွယ်ရပါမယ်။
စင်ကာပူမှာ
ဒါမျိုး ဒေါ်လာ၎သန်းလောက် လိမ်လည်မှုကတော့ မကြာခဏပေါ်နေတာပါပဲ။
မြန်မာများမှာတော့ သံရုံးအခွန်ဆောင်မဲ့ငွေ တသိန်းကျော်ကို ကာစီနိုကစားပြီး
ထွက်ပြေးသွားတဲ့ ကိုစံဦး (၂၆နှစ်) အမှုတခု ဒီနှစ်ထဲမှာပဲ ဖြစ်ခဲ့ပါတယ်။
တစ်ယောက်ကို ဒေါ်လာ ထောင်ဂဏန်းလောက်ပဲ ဆုံးတော့ သိပ်အထိမနာလှပါဘူး။
အခုကိစ္စကတော့ တစ်ယေက်ကို ဒေါ်လာ ၄၊ ၅ရာကနေ ထောင်၊ သောင်း၊ သိန်းဂဏန်းထိ ခံလိုက်ရသူများစွာ ရှိပါတယ်။
မြန်မာနိုင်ငံရဲ့
ဝိသမလောဘသမားများဟာ (တောမီးလောင်၊ တောကြောင် လက်ခမောင်းခတ်) ကြသူတွေ
ဖြစ်ပါတယ်။ ပြည်ပက သာမန်လက်လုပ်လက်စားအလုပ်သမားတွေရဲ့
စုဆောင်းငွေတွေကို အမဲဖမ်းကြတာတွေလည်း ရှိပါတယ်။
တချို့ဆို
၁၀ နှစ် လောက် စင်ကာပူမှာ ရှာဖွေထားတဲ့ ချွေးနှီးစာ ဒေါ်လာ သိန်းဂဏန်းကို
ပိုက်ပြီး မြန်မာပြည်ပြန်၊ စီးပွားရေး လုပ်တယ်။ မြန်မာပြည်က
ဝိသမလောဘသမားများနဲ့ ၀ိသမမိတ်ဆွေများက ဒီဒေါ်လာသိန်းဂဏန်းကို
နည်းတောင်နည်းသေးဆိုပြီး ငွေတွေကို ခုတ်ထစ် စားသောက်ပစ်ကြပါတယ်။
ဒီတော့ အဲဒီမြန်မာပြည်ပြန်သွားတဲ့လူ ဘာတတ်နိုင်မှာလဲ။ ဥပဒေစိုးမိုးမှု မရှိသေးတဲ့ နိုင်ငံမှာ ဘီးစနက်သွားလုပ်သူ ရွှေဗမာရဲ့ အမှားပါပဲ။
ဗမာပြည်ဟာ
ပြည်ပရောက်မြန်မာများအတွက် ဘီးစနက်လုပ်သင့်တဲ့ အခြေအနေ
မရှိသေးပါဘူး။ပြည်ပမှာ လုပ်ကိုင်ရရှိတဲ့ငွေကို ပြည်ပမှာပဲ သိမ်းထား၊
ရင်းနှီးထားပြီး မြန်မာပြည်ပြောင်းလဲမှုကို စောင့်ကြည့်၊ အလည်သွား၊
အပမ်းဖြေ၊ တတ်နိုင်သလောက် ကူညီ လှူဒါန်းဖို့ပဲ သင့်ပါတယ်။
ကျွန်တော့်ရဲ့
ကိုယ်ပိုင်အမြင်ပါ။မိမိကိုယ်တိုင်နဲ့၊ မိမိမိဆွေရင်းများ အဲဒီလိုမခံရဖို့
ယုံကြည်ရတဲ့ လမ်းပြကြယ်လို အသိုင်းအ၀ိုင်းတခု မကြာခင်ပေါ်လာမယ် လို့
မျှော်လင့်မိပါတယ်။ Independent Consumer Watch လုပ်ပေးသူတွေ၊ အဖွဲ့တွေ
ပေါ်လာမယ်။ မြန်မာမီဒီယာတွေကလည်း အာမခံပြီး သတင်းထုတ်ပြန်ပေးမယ်ဆိုရင်
ပိုကောင်းပါတယ်။
ဝတ်မှုံ၊ ဒီဇင်ဘာ ၂၅၊ ၂၀၁၁
(၂၄-ဒီဇင်ဘာ-၂၀၁၁)
(Photo – http://placesbuildings-in-singapore.blogspot.com/ )
No comments:
Post a Comment