Varyag
အမည်ရတဲ့ လေယာဉ်တင်စစ်သင်္ဘောကြီးကို ပင်လယ်နက်ဒေသရှိ Mykolaiv
လွန်းကျင်းမှာ တည်ဆောက်ခဲ့တာဖြစ်ပြီး ဆိုဗီယက်ပြည်ထောင်စုခေတ်က
နောက်ဆုံးတပ်တော်ဝင်လုပ်ခဲ့တဲ့ စစ်ရေယာဉ်တွေ ထဲမှာ တစ်စီးအပါအ၀င်ဖြစ်ပါတယ်။
ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးနောက်ပိုင်း ၁၉၉၂ မှာ အသုံးမပြုဘဲ
ချောင်ထိုးထားခဲ့ပါတယ်။ ၁၉၉၈ မှာ တရုတ်ရေတပ်မတော်နဲ့ ဆက်နွယ်မှုရှိတဲ့ Macau
အခြေစိုက် တရုတ်ကုမ္ပဏီ တစ်ခုက အဲဒီပြုပြင်ဆဲရေယာဉ်ကြီးကို
ယူကရိန်းအစိုးရထံမှ ၀ယ်ယူလိုက်ပါ တယ်။ သူတို့သတင်းလွှင့်ထားတာ ကတော့
အဲဒီရေယာဉ်ကြီးကို ပြန်လည်ပြုပြင်မွမ်းမံပြီး လောင်းကစားရုံတွေပါဝင်တဲ့
ရေပေါ်အပျော်စီး သင်္ဘောကြီးအဖြစ် အသုံးပြုဖို့ပါတဲ့။
တူရကီအာဏာပိုင်တွေက မီတာ ၃၀၀ ရှည်လျားပြီး သံချေးအထပ်ထပ်တက်နေတဲ့ စက်မပါ၊
လက်နက်ဗလာ၊ ရေကြောင်းပြကိရယာတွေလည်းမရှိ အဲဒီသင်္ဘောအိုအခွံကြီးကို
Bosphorus ရေလက်ကြား ကနေ ဖြတ်ဆွဲသွားရမှာကို စိုးရိမ်ကြောင့်ကြဖြစ်နေပါတယ်။
ဒါကြောင့်လည်း ခရီးစဉ်ကို ၃ နှစ်နောက် ဆုတ်လိုက်ကာ ၂၀၀၁ ခုနှစ် အတွင်း
ရေလက်ကြားမှာ ရေကြောင်းအသွားအလာပါးချိန်ကိုရွေးပြီး ဖြတ်ဆွဲဖို့
သဘောတူခဲ့ပါတယ်။
Macau မှာရှိတဲ့ဆိပ်ကမ်းက Varyag
ဆိုက်ကပ်နိုင်တဲ့ရေအနက်မရှိတာမို့ တရုတ်ဆိပ်ကမ်းမြို့တော် Dalian
အထိသယ်ဆောင်ခဲ့ရပါတယ်။ အဲဒီမှာပဲ အနာဂတ် ဆူပါပါဝါ တရုတ်ပြည်အတွက်
ပထမဦးဆုံး လေယာဉ်တင်စစ်သင်္ဘောအဖြစ် ဖြည်းဖြည်းချင်းအသွင်ပြောင်းပေးခဲ့တာပါ။
ခုတော့ တစ်ကျော့ပြန်ဝင်လာတဲ့ Varyag အတွက် ကမ္ဘာကြီးမှာသောကရတက်မအေး
ဖြစ်နေရပါပြီ။ လွန်ခဲ့တဲ့ သြဂုတ် ၁ ရက်နေ့က Varyag ရဲ့
ပင်လယ်ပြင်စမ်းသပ်မောင်းနှင်ခရီးကို Dalian ဆိပ်ကမ်းကနေစတင်ခဲ့ပါတယ်။
ဇိမ်ခံအပျော်စီးသင်္ဘောအဖြစ် အသံလွှင့်ထားပြီး အချိန်ယူပြင်ဆင်ခဲ့တဲ့
ရေယာဉ်ကြီးဟာ တရုတ်ရေတပ်စွမ်းအားအတွက် အဆင့်မြင့်ပါဝါနဲ့
အားဖြည့်ပေးတော့မှာ ဖြစ်ကြောင်းပေါ်လွင်ထင်ရှားနေပါပြီ။
တရုတ်ရေတပ်ခေတ်မီရေး
လုပ်ဆောင်နေချိန်၊ ၂၀၀၀ ပြည့်နှစ်ကပြီး ကာကွယ်ရေးအသုံးစရိတ်ကို နှစ်စဉ် ၁၅
ရာခိုင်နှုန်း မှန်မှန်တိုးမြှင့် သုံးစွဲနေချိန်၊ အရှေ့အာရှနဲ့
အရှေ့တောင်အာရှ ရေပြင်အငြင်းပွားမှုမှာ ဆယ်စုနှစ် ၁ ခု ကြာ
တရုတ်တို့အသာစီးအနေအထား ရှိနေပြီးနောက် ပိုမိုရန်လိုတဲ့ သဘောထားနဲ့
ရပ်တည်လာချိန်၊ တရုတ်ရေတပ် အင်အားချဲ့ထွင်မှုနဲ့
ပင်လယ်ပြင်စစ်ရေးလေ့ကျင့်မှုတွေအပေါ် တကမ္ဘာလုံးက မျက်လုံးဒေါက် ထောက်
အာရုံစိုက်နေချိန်မှာ ဒီလေယာဉ်တင်စစ်သင်္ဘောကြီးကို စတင်အသုံးပြုလိုက်တာပါ။
အငြင်းပွားရေပိုင်နက်ကိစ္စမှာ အောင်မြင်မှုရရင် အဖိုးတန်စွမ်းအင်တွေ
ပိုင်ဆိုင်မှုရနိုင်တာရယ်၊ ဒေသ တွင်းမှာ အမေရိကန်သြဇာလွှမ်းလာတာကို
အန်တုချင်တာရယ်၊ တရုတ်တို့ရဲ့ ရှိနေမြဲ အမျိုးသားရေး မာန်မာန ကြောင့်ရယ်၊
နောင်နှစ်မှာပြုလုပ်တော့မယ့် တရုတ်ခေါင်းဆောင်မှု အပြောင်းအလဲအပေါ်
ရတက်မအေးတာရယ် စတာတွေက တရုတ်အစိုးရအနေနဲ့ ခပ်ကြမ်းကြမ်းနည်းဗျူဟာသုံးဖို့
တွန်းအားတွေဖြစ်ပါတယ်။
“တရုတ်တွေရဲ့သဘောထားဟာ
ကိုယ့်ကိုယ်ကိုယ်အလွန်အမင်း ယုံကြည်တဲ့ စရိုက်သဘာဝအရ အခြေတည်လာတာ
ဖြစ်ပုံရတယ်” လို့ Wollogong တက္ကသိုလ်ရဲ့ Australian National Centre for
Ocean Resources and Security လေ့လာရေးဌာန ညွှန်ကြားရေးမှူး Clive Schofieid
က ဆိုပါတယ်။
ရေပိုင်နက်အငြင်းပွားမှုနဲ့ပတ်သက်ပြီး
တရုတ်ရဲ့အိမ်နီးချင်း ဂျပန်၊ဗီယက်နမ်နဲ့ ဖိလစ်ပိုင်တို့က
သူတို့သဘောထားတွေကို ခပ်တင်းတင်းပဲ တုန့်ပြန်ထားပါတယ်။ လွန်ခဲ့တဲ့နှစ်က
အရှေ့တရုတ်ပင်လယ်အတွင်း ဂျပန်ပိုင် Senkaku ကျွန်းနဲ့ တရုတ်ပိုင် Diaoyu
ကျွန်းတွေနဲ့ပတ်သက်လို့ နှစ်နိုင်ငံသူပိုင်ငါပိုင် အခြေအတင်ဖြစ်ခဲ့ပြီး
အဲဒီကျွန်းတွေနားမှာ တရုတ်ငါးဖမ်းသင်္ဘောကပ္ပတိန်တစ်ဦးကို ဂျပန်အာဏာပိုင်တွေ
ဖမ်းလိုက်တော့ တရုတ်က လွှတ်ပေးဖို့အော်ကြီးဟစ်ကျယ် တောင်းဆိုပါတယ်။ ရက်သတ္တ ၂
ပတ်အကြာ အဲဒီကပ္ပတိန် ပြန်လွှတ်လာချိန်မှာ သူရဲကောင်း
တစ်ဦးပမာကြိုဆိုတာခံရပါတယ်။
အခုနှစ်စောစောပိုင်းမှာ
တရုတ်ရေတပ်သင်္ဘောတွေ နိုင်ငံတကာရေပိုင်နက်ထဲကနေ Okinawa ကျွန်းနားကပ်ပြီး
ဖြတ်မောင်းသွားတော့လည်း ဂျပန်တွေ မခံချိမခံသာ ဖြစ်ခဲ့ရပါတယ်။ ခုနောက်ဆုံး
ဂျပန်အစိုးရ ထုတ်ပြန်လိုက်တဲ့ အမျိုးသားကာကွယ်ရေးကြေငြာစာတမ်းမှာ
“တရုတ်စစ်တပ်ခေတ်မီရေးလုပ်ဆောင်နေတာ၊ အာရှရေပိုင်နက်အတွင်း
စစ်ရေးလှုပ်ရှားမှုတွေ တိုးတက်လုပ်ဆောင်လာတာတွေဟာ ဒေသတွင်းနိုင်ငံတွေနဲ့
ကမ္ဘာ့အသိုင်းအ၀ိုင်းကို စိုးရိမ်မှုတွေ ဖြစ်ပေါ်စေတယ်” လို့ ဖော်ပြထားပါတယ်။
တောင်တရုတ်ပင်လယ်ဟာ စတုရန်းကီလိုမီတာ ၃ သန်းရှိပြီး၊ ကျွန်းငယ်လေးတွေ
မှိုလိုပေါက် ယှက်နွယ်တည်ရှိနေတာပါ။ အဲဒီဒေသ ရေပြင်နေရာ အများစုမှာ
ရေနံနဲ့သဘာဝဓာတ်ငွေ့တွေ ရှိတယ်ဆိုတာ ကြောင့် ရေပြင်ဧရိယာအများစုကို
သူပိုင်တယ်လို့ ပြောတဲ့တရုတ်နိုင်ငံနဲ့ ရေပိုင်နက်အရအခိုင်အမာ သက်သေ
ထူနေတဲ့ အာရှနိုင်ငံအချို့အကြား ရေပြင်ပိုင်စိုးရေး အငြင်းပွားမှုတွေ
ပိုမိုများပြားလာတာပါ။
ပြီးခဲ့တဲ့ ဆောင်းဦးကာလမှစပြီး
တရုတ်ရေတပ်က ဖိလစ်ပိုင်ဆာဗေးရေယာဉ်တွေနဲ့ ငါးဖမ်း ရေယာဉ်တွေကို ၆ကြိမ်လောက်
အနှောက်အယှက်ပြုခဲ့တာကြောင့် ဖိလစ်ပိုင်က အဲဒီဒေသကို သူပိုင်အနောက်
ပိုင်းရေပိုင်နက်အဖြစ်မှတ်ရလိမ့်မယ်လို့ ကြေညာပြီး ဒုတိယကမ္ဘာစစ်ကျန်
ဖိလစ်ပိုင် ဖရီဂိတ်စစ်ရေယာဉ် Rajah Humabon ကို ကင်းလှည့်စေလွှတ်ထားပါတယ်။
ဗီယက်နမ်ကလည်း ဒီနှစ်နွေမှာ တရုတ်စစ်သင်္ဘောတွေက ဗီယက်နမ် ရေနံလုပ်ငန်းပိုင်
ဆာဗေးရေယာဉ်တွေရဲ့ ကေဘယ်ကြိုးတွေကို နှစ်ကြိမ်ဖြတ်တောက်ပစ်တယ်လို့
စွပ်စွဲကာ ဒီအတိုင်းဆိုရင် ဗီယက်နမ်နိုင်ငံရဲ့
စစ်မှုမထမ်းမနေရဥပဒေပြန်အသက်သွင်းပြီး ဇွန်လမှာ ပစ်ခတ်မှု
လေ့ကျင့်ခန်းတွေလုပ်ဆောင်ဖို့ရှိတယ်လို့ ပြောကြားလိုက်ပါတယ်။
တရုတ်တို့ဘက်ကတော့ သုံးရက်တာ စစ်ရေးလေ့ကျင့်မှုနဲ့ တုန့်ပြန်လိုက်ပါတယ်။
အာရှရေပြင်တင်းမာမှုမှာ အမေရိကန်လည်း တစ်နွယ်ငင်တစ်စင်ပါ ဖြစ်လာတယ်။ မနှစ်က
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကနေ
အမေရိကန်အမျိုးသားအကျိုးစီးပွားအတွက် တောင်တရုတ် ပင်လယ်ပြင်မှာ
ရေကြောင်းလွတ်လပ်မှုရှိဖို့လိုကြောင်း ပြောလိုက်ပြီး
ရေပြင်အငြင်းပွားမှုညှိနှိုင်းဖို့ အမေရိကန် စေ့စပ်ဖျန်ဖြေရေးအဖွဲ့
စေလွှတ်ပေးမယ်လို့ ကမ်းလှမ်းလိုက်ပါတယ်။ တရုတ်တို့ကတော့ ဒီကိစ္စဟာ
အိမ်နီးချင်း နိုင်ငံတွေ အကြားဖြေရှင်းရမှာသာဖြစ်ပြီး အမေရိကန်က
အမှတ်ဝင်ယူဖို့ကြိုးစားတယ်ဆိုပြီး ဒေါသတကြီး တုန့်ပြန်လိုက်ပါတယ်။
ဒေသတွင်းအငြင်းပွားမှုဟာ အမေရိကန်ပါဝင်ပတ်သက်မှု ကြီးထွားလာအောင် အားပေး
သလိုဖြစ် နေတယ်လို့သဘောပေါက်ထားတာကြောင့် တရုတ်ဘက်က ဒီပြဿနာမှာ
ရန်လိုမှုနည်းပါတဲ့နည်းကို သုံးလိမ့်မယ် လို့ သုတေသီအချို့က တွက်ပါတယ်။
စင်္ကာပူအခြေစိုက် အရှေ့တောင်အာရှလေ့လာရေးဌာန အကြီးအကဲ Ian Stoney ကတော့
“တရုတ်တို့ ယုံကြည်နေသလို မဟုတ်ပါဘူး။ အငြင်းပွားမှုတွေဟာ
စစ်အေးကာလနိဂုံးပိုင်းမှာ ရှိနေတဲ့အခြေအနေထက် စာရင် လွန်ခဲ့တဲ့ ၂ လ ၃လ
အတွင်းမှာမှ ပိုမိုပြင်းထန်လာတာပါ”လို့ ဆိုပါတယ်။
ဂျူလိုင် ၂၀ ရက်မှာ တောင်တရုတ်ပင်လယ်ရေပိုင်နက်အငြင်းပွားမှု ဖြေရှင်းရေး
အဖြစ်သဘော လမ်းညွှန်ချက်ကို တရုတ်နဲ့အာဆီယံတို့ပူးတွဲကြေညာခဲ့ပေမဲ့
အရာမထင်သလောက်ဖြစ်ခဲ့ပါတယ်။ အမေရိကန် နိုင်ငံဟာ ဒေသတွင်းအခြားနိုင်ငံတွေကို
ထိန်းချုပ်မထားခဲ့ရင်တော့ ဖြစ်ပေါ်လာမယ့် ပြဿနာအရှုပ်ထဲမှာ တ၀ဲလည်လည်
ရစ်ပတ်နေလိမ့်မယ်လို့ တရုတ်ဒုတိယနိုင်ငံခြားရေးဝန်ကြီး Cui Tiankai က
သတိပေးထားပါ တယ်။ ဂျုလိုင်လလယ်ပိုင်းမှာ တရုတ်ရေပိုင်နယ်နိမိတ်အနီး
အမေရိကန်တပ်ဖွဲ့တွေရဲ့ စစ်ရေးစောင့်ကြည့် လှုပ်ရှားမှုလုပ်ခဲ့တာ၊
အမေရိကန်၊ဗီယက်နမ်၊ဖိလစ်ပိုင်တပ်ဖွဲ့တို့ ချိန်ခါမဟုတ်
ပူးတွဲစစ်ရေးလေ့ကျင့်မှုလုပ်တာ တွေနဲ့ပတ်သက်ပြီး
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်ကြီး
Chen Bingde က အမေရိကန်ရေတပ်ဗိုလ်ချုပ်ကြီး Mike Mullen လူသိရှင်ကြား
တိုင်တန်းခဲ့ပါတယ်။
Mike Mullen ကတော့ သူ့ရဲ့၎ရက်ကြာ
တရုတ်နိုင်ငံအလည်အပတ်ခရီးစဉ် ပြီးတဲ့နောက်မှာ တရုတ်တို့ရဲ့
စစ်ရေးဖြစ်ထွန်းမှုတွေဟာ စိုးရိမ်စရာအတိဖြစ်တယ်လို့သူမယုံကြည်ကြောင်းနဲ့
တောင်တရုတ် ပင်လယ်ပြဿနာ တနည်းနည်းနဲ့အရှိန်မြင့်လာနိုင်တာ၊
ဒီအပေါ်မှာတွက်ကိန်းမှားနိုင်တာ၊ နားလည်မှုလွဲမှားတာ တွေကနေ
ယှဉ်ပြိုင်အနေအထားအထိ မြင့်မားလာမှာကိုသာ စိုးရိမ်ပူပန်မိကြောင်း
ပြောကြားပါတယ်။
ဒီလိုအခြေအနေအောက်မှာ
လေယာဉ်တင်သင်္ဘောသစ်ကြီးကို စတင်အသုံးပြုလိုက်ခြင်းက ပူပူနွေးနွေး
စိုးရိမ်မှုတွေကို နှိုးဆွသလိုဖြစ်ရတာပါ။ အဲဒီရေယာဉ်ကြီးကို ယခုထိ
အမည်သစ်မပေးရသေးပါ။ သို့သော်လည်း တချို့ပြည်မတရုတ်ကြီးတွေက ၁၇ ရာစုမှာ
ထိုင်ဝမ်ကိုအောင်နိုင်ခဲ့သူ တရုတ်သူရဲကောင်းကြီးကိုအစွဲပြုပြီး Shi Lang
လို့ အမည်တပ်ခေါ်ဝေါ်နေပါတယ်။ တကယ်လို့ ဒီထက်ပိုပြီး နူးညံ့သိမ်မွေ့တဲ့
အမည်ကိုပေးတယ်ပဲ ထားပါဦး.. ဒေသတွင်းနိုင်ငံတွေအတွက်တော့ တရုတ်တို့ဟာ
ပိုင်နက်ရေပြင် စိုးမိုးရေးအတွက် ရေတပ်အင်အား ကို အသဲအသန်
ဖြည့်တင်းနေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သဘောပေါက်ပါတယ်။
စစ်ရေးသုတေသီတွေကတော့ လေယာဉ်တင်သင်္ဘောသစ်ကြီးဟာ တရုတ်ရေတပ်ကို
ထူးထူးခြားခြား ပြောင်းလဲသစ်လွင်စေမှာ မဟုတ်တာကို သတိပြုမိကြပါတယ်။
ပြောရရင် ၂၆ နှစ်တာတစ်စစီပျက်ယွင်းနေတဲ့ သင်္ဘောအိုကြီးကို
ပြန်လည်မွမ်းမံဖာထေးထားတာမို့ ဒီသင်္ဘောကြီးဟာ ရေပြင်မှာ အပြည့်အဝ
တိုက်ပွဲဝင်နိုင်ဖို့ ၅ နှစ်လောက် အချိန်ယူရနိုင်တယ် ဒါတောင်မှ
လေ့ကျင့်ရေးအတွက်သာ အသုံးတည့်နိုင်တာမျိုးဖြစ်နိုင်တယ် လို့ အမေရိကန်
စစ်ရေးကျွမ်းကျင်သူနဲ့ စင်္ကာပူရှိ S.Rajaratnam School of international
Studies အဆင့်မြင့် အရာရှိ Richart Bitzinger က ဆိုပါတယ်။
ရေယာဉ်စမ်းသပ်မောင်းနှင်တဲ့အခါ တရုတ် လေသူရဲတွေဟာ ရွေ့လျားနေတဲ့
သင်္ဘောကုန်းပတ်ပေါ် လေယာဉ်အတက်အဆင်း လေ့ကျင့်ရမှာဖြစ်ပြီး ရေတပ်သားတွေဟာလည်း
သူတို့မတွေ့ကြုံဘူးသေးသော ရှုပ်ထွေးဆန်းပြားတဲ့ ရေယာဉ်စနစ်တွေကို
ကိုင်တွယ်မောင်းနှင်ကြရတော့မှာပါ။ သို့သော်လည်း အမေရိကန်ရေတပ်ကောလိပ်
တွဲဘက်ပါမောက္ခ Andrew Erickson ပြောတာက “ကြင်စဦးဇနီးမောင်နှံအတွက်
အိမ်သစ်လေးတစ်လုံးလိုတယ်။ တက်သစ်စ အင်အားကြီး နိုင်ငံတစ်ခုအတွက်လည်း
လေယာဉ်တင်သင်္ဘောတစ်စီးတော့ ရှိဖို့လိုအပ်တယ်ဗျ။ ဆိုတော့ သူတို့ ဒီရေယာဉ်
ကြီးကို တနေရာရာမှ သုံးကိုသုံးရမှာပဲ။” လို့ပြောပါတယ်။
တရုတ်ရေတပ်က Varyag ကို ကိုင်တွယ်မောင်းနှင်ဖို့ လုပ်ဆောင်နေချိန်မှာပဲ
သူတို့ကိုယ်တိုင် လေယာဉ်တင်စစ်သင်္ဘော ၄ စီးလောက်ထုတ်လုပ်နိုင်ဖို့လည်း
ကြိုးစားနေတယ်လို့ သုံးသပ်သူတွေက ယုံကြည် ထားပါတယ်။ ခု Dalian လွန်းကျင်မှာ
ရေယာဉ်ဟောင်းတွေမွမ်းမံပြင်ဆင်နေတဲ့ ကိစ္စဟာ တရုတ်တို့အတွက်
ကြီးမားတဲ့အရေးပါမှုဖြစ်နေပါတယ်။ “ဒါဟာ တရုတ်တွေ ရှိရင်းစွဲအခြေအနေက
ရုန်းထွက်ဖို့ အာရုံပြင်းပြနေတဲ့ အညွှန်းသင်္ကေတပဲ ဖြစ်ပါတယ်” လို့ Bitzinger က
ဆိုပါတယ်။
အမေရိကန်စစ်ရေးအသုံးစရိတ်က တရုတ်တို့ထက်
၆ဆရှိတာမို့ အချိန်အတိုင်းအတာတစ်ခုထိတော့ အာရှမှာ အမေရိကန်
စစ်ရေးလွှမ်းမိုးမှုဆက်ရှိနေအုံးမှာပါ။ အမေရိကန်ရဲ့ ပထမဆုံး
လေယာဉ်တင်စစ်သင်္ဘော ကို ၁၉၃၄ မှာ တပ်တော်ဝင်လုပ်ခဲ့တာဖြစ်ပြီး ခုချိန်မှာ
နျူကလီးယား ပါဝါသုံး ထိပ်တန်း လေယာဉ်တင်သင်္ဘော ၁၁ စီးရှိထားပါပြီ။
အဲဒီရေယာဉ်တစ်စီးချင်းမှာ တိုက်လေယာဉ် ၈၀ ကျော်တင်ဆောင်နိုင်ပြီး
တစ်မိနစ်အတွင်း အကြိမ်များစွာ ဆင်းတက်ပျံသန်းနိုင်တဲ့
စွမ်းအားလည်းရှိပါတယ်။ ရေငုပ်သင်္ဘောတွေ၊ ဒုံးပျံတင်ဆောင် ခရူဇာ
ရေယာဉ်တွေ၊ဖျက်သင်္ဘောတွေ၊ ထောက်ပံ့ရေးရေယာဉ်တွေနဲ့စုဖွဲ့ ပူးပေါင်း
စစ်ဆင်နိုင်တဲ့ Nimitz ရေယာဉ် အုပ်ဟာ ကမ္ဘာ့ရှေ့ပြေးအကျဆုံး
တိုက်ခိုက်ရေးအင်အားဖြစ်ပြီး တရုတ်စစ်အင်အားကို ဆယ်စုနှစ်ချီ အကျောပေး
ထားနိုင်ပါသေးတယ်။
“အမေရိကန်နဲ့တရုတ်ကို တန်းတူအချိုးချ
နှိုင်းယှဉ်မှုမပြုလုပ်ထိုက်ပါဘူး၊ တရုတ်နဲ့အမေရိကန်ဟာ
ကမ္ဘာအနှံ့ထိပ်တိုက်ရင်ဆိုင်တွေ့တဲ့ အခြေအနေလည်းမရှိပါဘူး”လို့ Erickson
ကပြောပါတယ်။ တရုတ် စစ်အင်အားဖွံ့ဖြိုးမှုဟာ လုံးဝလွတ်လပ်ရေးရဖို့
ကြိုးပမ်းအားထုတ်နေတဲ့ ထိုင်ဝမ်အပေါ် ပိတ်ဆို့ဟန့်တား ဖို့နဲ့ ထိုင်ဝမ်နဲ့
ပြဿနာတက်ချိန်မှာ အမေရိကန်က ထိုင်ဝမ်ကို စစ်ရေးအကူအညီမပေးနိုင်အောင်
လမ်းကြောင်း ဖြတ်တောက်ထားနိုင်ရေးကို အာရုံထားပြင်ဆင်တာလို့
သုံးသပ်ရပါတယ်တဲ့။ ယခုလေယာဉ်တင်သင်္ဘော အပါအ၀င်
ရေပြင်တာဝေးပစ်ဒုံးလက်နက်စနစ်ထားရှိ ပြင်ဆင်မှုဟာ Mile Mullen ရဲ့
တရုတ်ပြည်ခရီးစဉ် အတွင်း ဗိုလ်ချုပ်ကြီး Chen ဖွင့်ဟပြောဆိုတဲ့အတိုင်း
ဒေသတွင်း ဟန်ပြခြိမ်းခြောက်ရေးအနေအထားသာ ရှိတာပါ။ ၂၀၀၈ အတွင်း ထိုင်ဝမ်မှာ
တရုတ်ပြည်မနဲ့အလွန်းသင့်သူ Ma Ying-jeou သမ္မတအဖြစ်အရွေးခံရတဲ့ နောက်ပိုင်း
ထိုင်ဝမ်ရေလက်ကြား စစ်ရေးတင်းမာမှု လျော့ကျနေတာကိုလည်း
သတိပြုကြည့်နိုင်ပါတယ်။
“လွန်ခဲ့တဲ့နှစ်တွေအတွင်း
မြောက်ပိုင်းနဲ့အရှေ့ပိုင်းတရုတ်ပင်လယ်မှာရှိတဲ့ ရေတပ်အင်အားနဲ့စာရင်
တောင်တရုတ်ပင်လယ်က ရေတပ်ကို အာရုံစိုက်ပံ့ပိုးပေးနေတဲ့အပြင် စစ်သည်အင်အား၊
ကင်းလှည့်ရေယာဉ် တွေနဲ့ ရေငုပ်သင်္ဘောတွေ ဖြည့်တင်းဖြန့်ကျက်ထားတာကို
တွေ့ရပါတယ်” လို့ နိုင်ငံတကာပဋိပက္ခဖြေရှင်းရေး အဖွဲ့ရဲ့
အရှေ့မြောက်အာရှဒေသသုတေသန ညွှန်ကြားရေးမှူး Kleine Ahlbrandt က ဆိုပါတယ်။
လေယာဉ် တင်သင်္ဘောသစ်ကြီးကိုလည်း အဲဒီနေရာကို စေလွှတ်တာဝန်ပေးလိမ့်မယ်လို့ သူက
မျှော်လင့်ပါတယ်။ အမေရိကန် စစ်တပ်အရာရှိတွေကတော့ လေယာဉ်တင်သင်္ဘော Varyag
ကို နည်းပညာဒိတ်အောက်နေတဲ့ သင်္ဘောအိုကြီး၊ ရေပြင်မှာ
ပစ်မလွဲပစ်မှတ်တစ်ခုအဖြစ် ခပ်နှိမ်နှိမ်လေး ပြက်ရယ်ပြုပါတယ်။ သို့ပေမယ့်
အာဆီယံနိုင်ငံတွေကတော့ အဲဒီလိုမတွက်နိုင်ပါဘူး။
သံတမန်ရေး
မျက်နှာစာမှာလည်း တရုတ်အစိုးရက အင်တိုက်အားတိုက် လုပ်ဆောင်နေပါတယ်။
ထိုင်ဝမ်ကို လက်နက်ရောင်းတဲ့ကိစ္စနဲ့ အမေရိကန်ကို
စစ်ရေးအဆက်အဆံဖြတ်တောက်ထားရာက သမ္မတ Hu Jintao ရဲ့ ၂၀၁၀ နှောင်းပိုင်း
အိမ်ဖြူတော် ခရီးစဉ်ပြင်ဆင်နေချိန်မှာ ဆက်ဆံရေးပြန်လည်စတင်ခဲ့ပါတယ်။
စစ်အေးကာလတုန်းက ရေပြင်အရေးကိစ္စတွေမှာ နျူကလီးယားစစ်လက်နက်မသုံးစွဲဖို့
ပင်လယ်ပြင်ကာကွယ် စောင့် ရှောက်ရေးစည်းမျဉ်းကို
အမေရိကန်-ဆိုဗီယက်ယူနီယံတို့ သဘောတူညီခဲ့ပါတယ်။ တရုတ်နဲ့အမေရိကန် အကြား
ဘာသဘောတူညီချက်မှ ရေရေရာရာ မရှိသေး။
သြစတေးလျ အခြေစိုက်
Lowy Institute for International Policy ရဲ့ မကြာသေးမီကထုတ်ပြန်ချက် ထဲမှာ
ပစိဖိတ်အနောက်ပိုင်းပင်လယ်တွင်းဖြစ်ပွားတဲ့ ရေတပ်ချင်းထိတွေ့မှုဖြစ်စဉ်
တစ်ဒါဇင်ကျော်ကို စာရင်း ပြုစုဖော်ပြ ထားပါတယ်။ အဲဒီဖြစ်စဉ်တွေမှာ
ပါဝင်တဲ့အင်အားစုများအကြား ထိရောက်တဲ့ပြောဆိုဆက်ဆံမှုတွေ၊ တစ်ဘက်နဲ့တစ်ဘက်
ယုံကြည်လောက်တဲ့ပြုမူဆောင်ရွက်ချက်တွေ မရှိရင်တော့
တိုးပွားလာတဲ့ရေတပ်လှုပ်ရှား မှုတွေဟာ ရန်စောင်တဲ့အနေအထားကို
ရောက်သွားလိမ့်မယ်လို့ သုံးသပ်ထားပါတယ်။ အထူးသဖြင့် ပဲ့ကိုင်
အင်အားစုတွေဖြစ်တဲ့ တရုတ်နဲ့အမေရိကန်၊ဂျပန်၊အိန္ဒိယ
တပ်ဖွဲ့တွေအကြားထိတွေ့မှုဟာ စိုးရိမ်စရာဖြစ်လာနိုင် တယ်လို့ ဆိုပါတယ်။
အရေးအခင်းမှာ ပါဝင်တဲ့နိုင်ငံတွေ များလာတာနဲ့အမျှ တင်းမာမှုအခြေအနေဟာ
လက်နက်ကိုင်ထိပ်တိုက်တွေ့မှု၊သံတမန်ရေးအကျပ်အတည်း(သို့)
လက်နက်ကိုင်ပဋိပက္ခအထိ ဖြစ်လာမယ့် အလားအလာရှိနေတာပါ။
ခုထိတော့ Varyag နားနေပြင်ဆင်ရာ Dalian လွန်းကျင်းတ၀ိုက်
မြင်ကွင်းအခြေအနေကြည့်ရတာ စစ်ရိပ်စစ်ငွေ့ မတွေ့ရသေးပါ။ စတိုးဆိုင်လေးရယ်၊
ကလပ်လေးတစ်ခုရယ် ပုံမှန်ဖောက်သည်တွေနဲ့ အေးဆေး တည်ငြိမ်လျက်ပါပဲ။
လွန်းကျင်းလုပ်သားတွေရဲ့ စိတ်ကူးထဲမှာ ကမ္ဘာ့လူဦးရေးအများဆုံး
တိုင်းပြည်တစ်ခု အနေနဲ့ ပင်လယ်ပြင်စိုးမိုးရေးမှာ
သူနဲ့ထိုက်တန်တဲ့ကဏ္ဍတစ်ခုရရှိဖို့ အချိန်တန်ပါပြီဆိုတဲ့ အတွေးလောက်ပဲ
ရှိနေမှာပါ။
အဲဒီဒေသခံတွေကတော့ လွန်ခဲ့တဲ့ ၁၀
နှစ်လောက်က သံချေးအထပ်ထပ်နဲ့ သင်္ဘောအိုကြီးတစ်စီး သူတို့ဒေသဆီ
ဆွဲယူလာတဲ့မြင်ကွင်းကို အမှတ်ရနေမိလေရဲ့။ “ဒီသင်္ဘောကြီးက ယူကရိန်းတွေ
မလိုချင်လို့ ပစ်ထားတဲ့ အမှိုက်တုံးကြီး၊ လူဦးရေ သန်း ၁၃၀၀
ရှိတဲ့တရုတ်ပြည်ကာကွယ်ရေးကို ဒါလောက်နဲ့ ဘယ်လို ထိရောက်မတုန်း၊ ဒါမျိုးတွေ
အများကြီး အများကြီး လိုအပ်နေသေးတာဗျ” လွန်းကျင်းအနီးအနားမှာရှိတဲ့
လုပ်သားတစ်ဦးက ခပ်ထေ့ထေ့ ပြောလိုက်ပါတယ်။ ခုချိန်မှာ အဲဒီသင်္ဘောကြီးနဲ့
တခြားနိုင်ငံတွေကို ခြောက်လှန့် ပစ်ဖို့ စိတ်ကူးကို သူကပြက်ရယ်ပြုတာပါ။
တရုတ်ပြည်ကို
ကမ္ဘာကမော့ကြည့်စေလိုတဲ့ မဟာဗျူဟာမြောက် တွေးခေါ်ချက်အရတော့ အလံတင် ရေယာဉ်
Varyag လောက်နဲ့ ချင်ခြင်းပြေနိုင်စရာ မရှိသေးပါ။
မူရင်း- Time, August 22,2011 ပါ Troubled Waters by Austin Ramzy/Dalian ကို ဆီလျှော်အောင် ပြန်ဆိုပါသည်။
နေမင်းသူ
၂၇ ဒီဇင်ဘာ ၂၀၁၁
No comments:
Post a Comment