“အရင်တုန်းကဆို ကလေးတွေဟာ ဘုရားဖူးတွေဆီမှာ ပိုက်ဆံလိုက်တောင်းတယ်၊
ဘုရားဖူးတွေ ချွတ်ထားတဲ့ ဖိနပ်တွေ ခိုးယူသွားတယ်၊ ကျနော်တို့ရဲ့ (ရောင်ခြည်
အခမဲ့ပညာသင်ကျောင်း) ကို ဖွင့်ပြီးတဲ့ နောက်ပိုင်း ကလေးတွေ
ပိုက်ဆံတောင်းတာတို့၊ ဖိနပ်ခိုးတာတို့ ပျောက်သွားတယ်” ဟု “ ၀ံလက်
ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း” ဒါရိုက်တာအဖွဲ့ဝင် ခိုင်ကောင်းစံ
ပြောပြတာဖြစ်ပါတယ်။
ဂူဝ ကျေးရွာဟာ ကုလားတန်မြစ် အနောက်ဖက်ကမ်းနံဘေးပေါ်မှာတည်ရှိပြီး၊
ပုဏ္ဏားကျွန်းမြို့နဲ့ လမ်းလျှောက်ရင် ၄၅ မိနစ် ခရီးသာရှိတဲ့ အိမ်ခြေ (၆၅)
ဆောင်ရှိတဲ့ ရွာကလေးပါ။ ဂူဝဘုရားကို အမှီပြုပြီး ဂူဝကျေးရွာလို့
အမည်တွင်လာတာဖြစ်ပါတယ်။ ကျောက်တောင်ကို ထွင်းပြီး ပြုလုပ်ခဲ့တဲ့ ရှေးဟောင်း
ဂူဘုရားဖြစ်ပါတယ်။ ဆောင်း၊ နွေရာသီရောက်ပြီဆိုရင် ရခိုင်ပြည်နယ်အနှံ့က
ဘုရားဖူးတွေ ဂူဝဘုရားကို လာရောက် ဖူးမျှော် ကြပါတယ်။
ဒီရွာကလေးမှာ ၂၀၁၁ ခုနှစ်မတိုင်မှီထိ အစိုးရ စာသင်ကျောင်းဆိုတာ
မရှိပါဘူး။ တရွာလုံး ကလေးငယ် အရေအတွက်က (၁၃၀) လောက်ရှိပါတယ်၊ အသက်
(၅)နှစ်ကနေ (၁၂) ထိကတော့ (၉၀) ကျော်လောက် ရှိတဲ့ တံငါရွာကလေးတရွာဖြစ်ပါတယ်။
ရွာဆိုပေမဲ့အစိုးရအသိအမှတ်ပြု ကျေးရွာတော့မဟုတ်ပါဘူး။ မြို့ပေါ်မှာရှိတဲ့
ရွာဟောင်းရပ်ကွက်မှာ တွဲပြီးစာရင်းဝင်နေတဲ့ ရွာကလေးပါ။
“ မြို့နဲ့ ၄၅ မိနစ်ခရီးအကွာမှာရှိတဲ့ရွာမှာ စာသင်ကျောင်းမရှိဘူး၊
ကျနော် မြို့နယ် ပညာရေးမှူးနဲ့ တွေ့ဆုံပြီး ဒီရွာလေးရဲ့ စာသင်ကျောင်းကိစ္စ
ဆွေးနွေးဖြစ်တယ်။ မြို့နယ်ပညာရေးမှုးက ကျောင်းသား (၇၁) ယောက် ဆိုရင်
အစိုးရအသိအမှတ်ပြု ကျောင်းဖွင့်လို့မရဘူး လို့ပြောတယ်၊ ကျောင်းသား (၁၀၀)
ယောက်ပြည့် ရင်တော့ အသိအမှတ်ပြု ကျောင်းဖွင့်ဖို့ ပြည်နယ် ပညာရေးမှူးထံ
တင်ပြပေးလို့ ရတယ်လို့ပြန်ပြောတယ်။ ဒါကြောင့် ကျနော်တို့ ဒေသခံ
အလှူရှင်တွေကို ရှာဖွေပြီး ကျောင်းဆောက်လုပ်ရေးကို ကြိုးစားရတာပေါ့”
ဟုရောင်ခြည် မူလတန်း အခမဲ့ပညာသင်ကျောင်းကို ဖွင့်လှစ်တည်ထောင် ကူညီနေတဲ့
ခိုင်ကောင်းစံမှ ပြောဆိုပါတယ်။
“၀ံလက် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း” ကိုမိတ်ဆက်ပေးချင်ပါတယ်။
ဒီဖောင်ဒေးရှင်းကို ရခိုင်ပြည်နယ်ဒေသ ဖွံ့ဖြိုးရေးကို စိတ်ဝင်စားကြတဲ့
ရန်ကုန်ရောက် ရခိုင်လူငယ်၊ လူလတ် တချို့နှင့်
ရခိုင်ပြည်နယ်ရှိမြို့နယ်အသီးသီးမှလူငယ်၊ လူလတ်များဖြင့် (၄၊၁၁၊၂၀၁၀)
နေ့စစ်တွေမြို့မှာ တရားဝင်ဖွဲ့စည်းခဲ့ပါတယ်။ ဒီမတိုင်ခင်ကတည်းက
ရခိုင်ပြည်အနှံ့မှာရှိတဲ့ ပညာရေးလုပ်ငန်း တွေမှာ ကူညီခဲ့သလို၊
အဖွဲ့ဝင်တချို့ဟာ နာဂစ်မုန်တိုင်းဒဏ်ခံ ပြည်သူများကိုလည်း
တခဲနက်ကူညီခဲ့ကြောင်း
ခိုင်ကောင်းစံမှ ပြောဆိုခဲ့ပါတယ်။ လက်ရှိမှာလည်း
ဖောင်ဒေးရှင်းစတင်တည်ထောင်ခဲ့ သူတွေဟာ စစ်တွေမြို့ပေါ်မှာ
လူသိများထင်ရှားတဲ့ (၉၊၁၀) တန်း ဘော်ဒါဆောင်တွေ ဖွင့်လှစ် တည်ထောင်ထားသူ
တွေ ဖြစ်ကြပါတယ်။
ဝံလက်ကျေးလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်းရဲ့
ဒါရိုက်တာအဖွဲ့ဝင်တဦးဖြစ်သူ ခိုင်ကောင်းစံဆိုတာ ရခိုင်ပြည်
လွတ်မြောက်ရေးပါတီမှ ရဲဘော်ဟောင်းတဦးဖြစ်ပါတယ်။ မာနယ်ပလော ဌာနချုပ် ကျဆုံး
ပြီးတဲ့နောက်ပိုင်းမှာ ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေတဲ့
မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို အလုပ် အကိုင် အခွင့်အလမ်း ရရှိရေး၊
လူမှုရေး ကျန်းမာရေး စောင့်ရှောက် ပညာပေးရေးနှင့် ပညာရေးဆိုင်ရာ တွေကို
ကူညီခဲ့သူ တဦးလည်း ဖြစ်ပါတယ်။ ဘန်ကောက်အခြေစိုက် “ရခိုင်ဝံသာနုစာပေအသင်း”
ဥက္ကဌ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ) မှာတာဝန်ထမ်းဆောင်ခဲ့
သူဖြစ်ပြီး၂၀၀၁ မှာ ထိုင်းရဲတပ်ဖွဲ့မှ ဖမ်းဆီးကာ မြန်မာနိုင်ငံသို့
ပြန်ပို့ခံရပြီး၊ စစ်အစိုးရမှ ထောင်ဒဏ် (၁၀) နှစ် ချမှတ်ခြင်းခံရသူလည်း
ဖြစ်ပါတယ်။
(၂၀၀၉) ထောင်က လွတ်လာပြီးတဲ့ နောက်ပိုင်း ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့
ဒေသ ဖွံ့ဖြိုးရေးနှင့် ပညာရေးလုပ်ငန်းတွေမှာ အားသွန်ခွန်စိုက်
လုပ်ဆောင်နေသူ တဦးဖြစ်ပါတယ်။
“ကောင်းတဲ့အလုပ်မို့လို့လား မသိဘူးဗျ၊ ကျောင်းစတင်ဆောက်လုပ်တာနဲ့
ကူညီမယ့်လူတွေက ပေါ်လာတယ်။ စစ်တွေမြို့က အလှူရှင်တဦးက ကျောင်းမြေနေရာအတွက်
(၅၀၀၀၀) ကျပ်နဲ့ စောင် (၇၀) ထည်လာရောက် လှူဒါန်းတယ်။
ပုဏ္ဏားကျွန်းမြို့ပေါ်ကအလှူရှင်တွေကလည်း ကျောင်းသုံးစာအုပ်၊ ဗလာစာအုပ်နဲ့
ကျောပိုးအိပ် (၇၀) လုံး၊ စာရေးခုံ (၃) ခုံလာရောက် လှူဒါန်းကြတယ်။
တပြိုင်နက်ထဲမှာဘဲ ရန်ကုန်အခြေစိုက် ဦးရစ်မြေလူမှုရေးအသင်းကဗလာစာအုပ် (၅၄)
ဒါဇင်၊ နှင့် ငွေကျပ် (၂၆၀၀၀၀) နှစ်သိန်း ခြောက်သောင်းတန်ဖိုးရှိ
ကျောင်းဝတ်စုံ (၁၄၀) ထည်နဲ့ကျောင်းသုံးပစ္စည်းတွေ လှူတယ်၊
ဒါနဲ့တင် ကျနော်တို့ ဒီကျောင်းလေးကို တည်ထောင်ဖြစ်တာပေါ့” ဟုပြောပြခဲ့တယ်။
မြန်မာနိုင်ငံအတွင်းမှာ ရခိုင်ပြည်နယ်ဟာ သယံဇာတပေါကြွယ်ဝတဲ့
ပြည်နယ်ဖြစ်ပေမယ့် ၂၀၁၁ ခုနှစ် UNDP ရဲ့ ထုတ်ပြန်ချက်မှာ ဒုတိယ
အဆင်းရဲဆုံးပြည်နယ် အဖြစ်သတ်မှတ်ခြင်းခံခဲ့ရပြန်ပါတယ်။ ရခိုင်တို့ရဲ့
အတိတ်သမိုင်းကို ပြန်ကြည့်မယ်ဆိုရင် အရှေ့တောင်အာရှမှာ
ကိုယ့်ထီးကိုယ့်နန်းနဲ့ နေထိုင်ခဲ့တဲ့ လူမျိုး၊ ဘာသာ၊ သာဿနာရောင်ဝါ
ထွန်းပြောင်ခဲ့တဲ့ လူမျိုးဖြစ်ပါတယ်။
ကိုလိုနီလက်အောက်က လွတ်လပ်ရေး ရယူစဉ်ကလည်း ဗမာတကျပ်- ရခိုင်တကျပ်မူကို
လက်ခံခဲ့တဲ့ လူမျိုးဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ်နောက်ပိုင်း လက်နက်ကိုင်
ပဋိပက္ခအနည်းဆုံး ပြည်နယ် ဖြစ်ပါတယ်။ ဒါပေမမယ့် ဖွံ့ဖြိုးမှုအနည်းဆုံး
ဖြစ်သွားရတာက စဉ်းစားစရာတွေ ဖြစ်နေပါတယ်။
ဝံလက် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း အဖွဲ့ဟာ မြန်မာနိုင်ငံရှိ
အခြားအဖွဲ့အစည်းတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် အင်မတန်မှ သေးငယ်တဲ့၊ ရံပုံငွေ
ချို့တဲ့တဲ့ အဖွဲ့ဖြစ်ပါတယ် ။ မြန်မာနိုင်ငံရှိ NGO များနှင့်မတူဘဲ ၀ံလက်
အဖွဲ့ရဲ့ ဒါရိုက်တာ အဖွဲ့ဝင်တဦးနေဖြင့် ကျပ်ငွေ (၃၀၀၀) လစဉ်ထည့်ဝင်ရပါတယ်။
သာမန်အဖွဲ့ဝင်များက လစဉ်ငွေ (၁၀၀၀) တစ်ထောင်ကျပ် ထည့်ဝင်ပြီး ပညာရေးနှင့်
အခြားသော လူမှုရေးလုပ်ငန်းတွေကို ကူညီပေးနေတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။
သယံဇာတ ပေါများပြီး ၊ ကမ္ဘာကျော် ကုမ္ပဏီကြီးတွေ ဒေါ်လာဘီလီယံနဲ့ချီကာ
ရင်းနှီးမြှုပ်နှံထားတဲ့ ရခိုင်ပြည်နယ်မှာ မြို့နဲ့ ခြေကျင် (၄၅)
မိနစ်အကွာအဝေးက ကိုယ်ထူကိုယ်ထ ဓနိမိုး၊ ၀ါးထရံကာ ကျောင်းကိုတောင်
အနိုင်နိုင်ကြိုးစား တည်ဆောက် နေရတဲ့ ရခိုင်ပြည်သူတွေရဲ့ ဘ၀က ဖေါင်စီးရင်း
ရေငတ်သလိုပါဘဲ။ ရတနာ သိုက်တွေအပေါ် ထိုင်နေရပေမဲ့ သုံးစွဲခွင့် မရှိတဲ့
ဥစ္စာစောင့်ပမာ ဖြစ်နေတာ ရင်နာစရာ ကောင်းလွန်းပါတယ်။
ဂူဝ ကျေးရွာ
အခြေအနေကို တင်ပြရရင် “ဂူဝကျေးရွာသား အများစုက မိရိုးဖလာ ငါးဖမ်းတဲ့
အလုပ်နဲ့ အသက်မွေးကြတယ်။ တချို့ရွာသားတွေက ရန်ကုန်-စစ်တွေ
ကားလမ်းဖေါက်လုပ်ရေးမှာ မြေတူး၊ ကျောက်ထုတဲ့ အလုပ်လည်း လုပ်ကြတယ်။
အစိုးရကျောင်းက နံနက်(၁၀)နာရီဖွင့်တယ်။ ကလေး တွေရဲ့မိဘတွေ မြို့ပေါ်ဈေးက
ဆန်ဝယ်ပြီးပြန်လာတုန်းပဲ ရှိသေးတယ်။ အရင်တုန်းကဆို ငါးဖမ်းတဲ့ လုပ်ငန်းက
ရတဲ့ဝင်ငွေလေးနဲ့ရပ်တည် နိုင်ပေမယ့်၊ အခုတော့ ပင်လယ်ပြင်နဲ့၊
မြစ်ချောင်းတွေက
လည်း လေလံဆွဲပြီး ပိုင်ရှင်အသစ်တွေဆီမှာ ငွေပေးပြီး
ငါးဖမ်းကြရတယ်၊ ထမင်းနပ်မှန်ဖို့တောင် အခက်အခဲရှိတော့ သားသမီးတွေရဲ့
ပညာရေးကို ဘယ်စဉ်းစားနိုင်တော့မလဲ” ဆိုပြီး အင်တာနက် လိုင်းပေါ်ကနေ
ပြောသွားတဲ့ မိတ်ဆွေတဦးရဲ့ စကားက စာရေးသူရဲ့ ရင်ကိုနာကျင်စေခဲ့ပါတယ်။
“မြေအုတ်တို့ပြိုလေရာ ကျောက်အုတ်တို့ဖြင့် ပြည်တည်အံ့” ဆိုတဲ့စကားပုံက
ပညာရေး ပရိဟိတ လုပ်ငန်းတွေကို အားသွန် ခွန်စိုက်လုပ်နေတဲ့
“၀ံလက်ဖောင်ဒေးရှင်း” အတွက်ရေးထားခဲ့တဲ့ စကားပုံလို့ ထင်ရ ပါတယ်။
ပျက်စီးယိုယွင်းနေတဲ့ မြန်မာ့လူအဖွဲ့အစည်းကို တတ်နိုင်တဲ့ဘက်က၊
အတတ်နိုင်ဆုံး ကြိုးစားနေ ကြတာ ကိုတွေ့ ရတော့ ပညာရေးကိုစိတ်ဝင်စားတဲ့
စာရေးသူအနေဖြင့် စိတ်နဲ့ ကြည်နူးရ ပါတယ်။ ဘယ်လောက်ပဲ အခက်အခဲ ရှိပါစေ
အနာဂါတ်ပျောက်နေတဲ့ ကလေးတွေရဲ့ဘ၀ကို တည့်မတ်
ပေးချင်တဲ့နှလုံးသားပိုင်ရှင်တွေကို လေးစားမိတယ်။
“ရောင်ခြည်” မူလတန်းကျောင်းကို ရွာဟောင်းရပ်ကွက်မှာရှိတဲ့
အစိုးရမူလတန်းကျောင်းမှာ တွဲကျောင်း အဖြစ် လျှောက်ထားဆဲ ဖြစ်ပါတယ်။
ဆရာမနှစ်ဦး လစာက (၄၀၀၀၀) လေးသောင်းကျပ်သာ ထောက်ပံ့နေရပါတယ်။
စေတနာ၊၀ါသနာ၊ဂရုဏာ၊အနစ်နာ(နာ)လေးနာကိုအခြေခံပြီးသင်ကြားပြသပေးနေတဲ့ဆရာမလေးတွေရဲ့
ကျေးဇူးတရားဟာလည်း
အင်မတန်မှကြီးမားလှပါတယ်။ ဒါပေမယ့် လာမယ့် ၂၀၁၂-၂၀၁၃ ပညာသင်နှစ် မှာ
ကျောင်းသား (၁၀၀)ခန့်ရှိလာမယ်လို့ထင်တယ်။ နောက်ထပ်ဆရာ၊ဆရာမ(၂)
ဦးခန့်ဖို့လိုအပ်မယ်။ ဆရာ၊ ဆရာမစုစုပေါင်း (၄) ဦးအတွက် အလှူရှင်တွေကို
ရှာဖွေနေရဆဲ လို့ ခိုင်ကောင်းစံက ပြောပြပါတယ်။
ဂူဝ ကျေးရွာက ကလေးတွေနည်းတူ မူလတန်းပညာ မသင်ရတဲ့ ကလေးငယ်ပေါင်း ဘယ်အထိ
ရှိမလဲမတွေး ၀ံ့စရာပါ။ အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားပါတယ်ဆိုတဲ့
ရခိုင်တို့ရဲ့ ဒေသမှာ မူလတန်းပညာကို မသင်ရတဲ့ ကလေးအရေအတွက်က (၄၀)
ရာခိုင်နှုန်း၊ အလယ်တန်းပညာကို မသင်နိုင်တဲ့ အရေအတွက်က (၇၀)
ရာခိုင်နှုန်းရှိပါတယ်။ “ပညာမြင့်မှ နိုင်ငံတင့်မည်” ဆိုတဲ့ ဆောင်ပုဒ်က
ရခိုင်တွေနဲ့ဘဲ မပတ်သတ်တာ များလား။
ဒီဇင်္ဘာလမှာ မြန်မာနိုင်ငံတ၀ှမ်းက ပညာရှင်တွေ တွေ့ဆုံပြီး ပညာရေးစနစ်ကို
နိုင်ငံတကာနှင့်ရင်ဘောင် တန်းနိုင်အောင် လုပ်ဖို့စဉ်းစားခဲ့ကြတယ်။
ဘယ်လိုစဉ်းစားကြမှန်းတော့ အတိအကျမသိရပါဘူး။ ပညာရေးစနစ်ကို နိုင်ငံတကာနဲ့
ရင်ဘောင်တန်းနိုင်ဖို့ မလုပ်မှီ၊ မြန်မာနိုင်ငံအတွင်း မူလတန်းပညာကို
မသင်ရတဲ့ ကလေး အရေအတွက် ဘယ်အထိရှိနေပြီလဲ ဆိုတာ စာရင်းကောက်ပြီး
မူလတန်းပညာကို သင်ပေးနိုင်အောင် ဆောင်ရွက် ပေးသင့်ပါတယ်။
“၀ံလက်ငှက်”ဆိုတာ ရခိုင်တွေရဲ့အမျိုးသားလက္ခဏာကို ဆောင်တဲ့ငှက်ဖြစ်ပါတယ်။
ငှက်တွေရဲ့ ဘုရင် အဖြစ် သမုတ်ခြင်း ခံရတဲ့ သိန်းငှက်မျိုးနွယ်ဝင်
ဖြစ်ပါတယ်။ ခွန်အားကြီးမားခြင်း၊ ရန်သူကို အကြောက်အရွံ့ မရှိ တိုက်ခိုက်
အောင်နိုင်ခြင်း၊ သစ္စာတရားရှိခြင်း သက်သေအဖြစ် မိမိမွေးဖွားရာ ဒေသကနေ
ဝေးကွာတဲ့ ဘယ်နေရာကို ရောက်ရှိနေပစေ မိမိရဲ့ဌာနေမြေကို တနှစ်တကြိမ် ပြန်လေ့
ရှိတဲ့ ငှက်ဖြစ်ပါတယ်။
ဝံလက်” ငှက်တွေလိုဘဲ ရခိုင်တွေအနေနဲ့ ဒီလိုမျိုး မြန်မာနိုင်ငံအ၀ှမ်း
ကပ်ဘေးဆိုက်နေတဲ့ အချိန်မှာ နေရပ်ဌာနီမှာ ကျန်ခဲ့တဲ့အနာဂါတ်ပျောက်နေတဲ့
ကလေးတွေရဲ့ ဘ၀ပြန်လည်ထူထောင်ရေးမှာ ပါဝင်ကူညီကြဖို့ ခိုင်ကောင်းစံမှ
ပြောဆိုခဲ့ပါတယ်။
ခိုင်ကောင်းစံပြောတဲ့ အချက်တွေထဲမှာ မှတ်သားစရာ ကောင်းတဲ့အချက်ကတော့ “
ကျနော်တို့က ရွှေကိုအရောင်တင်တဲ့ အလုပ်မလုပ်ချင်ဘူး၊အမှိုက်ကို ရွှေဖြစ်အောင်
လုပ်ပေးချင်ပါတာ၊ အချို့သော ပညာသင် ဆုတွေပေးတဲ့ ရခိုင်အဖွဲ့အစည်းတွေ
ရှိပါတယ်၊ တော်တဲ့ကျောင်းသားတွေကိုဘဲပေးတယ်၊ ဆယ်တန်းအောင်လို့ ဆရာဝန်၊
အင်ဂျင်နီယာဖြစ်မယ့် ကျောင်းသားတွေကိုပဲ ထောက်ပံ့ပေး နေကြတယ်။
ဒါလိုအပ်လို့ပေးတယ် ဆိုတာ လက်ခံပါတယ်။ မကောင်းဘူးလို့ မပြောပါဘူး။
ဒီအထောက်အပံ့
တွေနဲ့ ပညာသင်ကြားခွင့် ရခဲ့တဲ့ ပညာ တတ်တွေကရော အဖရခိုင်ပြည်အတွက် ဘယ်လောက် အလုပ်အကျွေး ပြုခဲ့ ကြပြီလဲ။
ဒါကို အဓိကထားပြီး စဉ်းစားဖို့ လိုအပ်တယ်လို့ထင်တယ်။
အနာဂတ်ဘ၀ခရီးလမ်းကို လျှောက်လှမ်းဖို့ လူသားတိုင်းအတွက် မူလတန်း
ပညာရပ်ကိုတော့ မဖြစ်မနေသင်ယူသင့် တယ်လို့ ယုံကြည်မိတယ်၊
ကျနော်တို့စဉ်းစားတာက နွံထဲ နစ်နေတဲ့
ကလေးတွေကို ဆွဲတင်ပေးချင်တာ၊
လဲနေတဲ့ ကလေးတွေကို ထူပေးတဲ့သဘောပါ” လို့ပြောခဲ့ပါတယ်။ ခိုင်ကောင်းစံ
ပြောသလို နွံထဲနစ်နေရရှာတဲ့ ၀ံလက် ငှက်ငယ်လေးတွေကို လက်ဆွဲပြီး
ထူပေးနိုင်အောင် ပြည်တွင်း ပြည်ပက မြန်မာတိုင်းရင်းသားတွေ၊
ရခိုင်လူမျိုးတွေ လုပ်ဆောင်နိုင်ကြပါစေလို့ ဆုတောင်းမိပါတယ်။
စောပြည့်ညို
မှတ်ချက်။ ။ “၀ံလက်ကျေးလက်ဒေသဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း”၊ ဒါရိုက်တာ ခိုင်ကောင်းစံအား ဖုန်းဖြင့်
ဆက်သွယ် မေးမြန်းချက်များကို အခြေခံကာ ရေးသားထားခြင်းဖြစ်သည်။
No comments:
Post a Comment