လူဟာ တဦးတည်းနေလို့မရ အစုအဝေး၊ အ၀န်းအ၀ိုင်း၊ အဖွဲ့အစည်းနဲ့နေမှရတယ်လို့
နိုင်ငံရေးသိပ္ပံပညာရှင် တွေက သုံးသပ်ကြပါတယ်။ ဒီမှာ မေးစရာ မေးခွန်းပေါ်လာပါတယ်။ ဘယ်လို
အသွင်လက္ခဏာတွေ၊ အနှစ်သာရတွေနဲ့ ပြည့်စုံတဲ့ အစုအဝေး၊ အ၀န်းအ၀ိုင်း၊ အဖွဲ့အစည်း၊ တိုင်းပြည်၊
နိုင်ငံမှာ ရပ်တည်၊ ရှင်သန်၊ ပျိုးထောင်ခွင့်ရမှ လူ့ဘ၀ရဲ့တန်ဘိုးကို ရှာဖွေတဲ့နေရာမှာ
ကြီးမားစွာ အထောက်အပံ့ရနိုင်ပါ့မလဲ။
လူတိုင်းလူတိုင်းဟာ အခြေခံ စားဝတ်နေရေးနဲ့တော့ အနည်းဆုံးပြည့်စုံ
ခြင်ကြတယ်။ ဖြစ်နိုင်ရင် ပိုပိုလျှံလျှံ ကလေးနဲ့ လှူခြင် တန်းခြင် ပေးခြင်ကမ်းခြင်ကြတယ်။
တချို့ကျတော့လဲ အကြီးအကျယ်ကို ချမ်းသာ ကြွယ်ဝခြင်ကြတာပါဘဲ။ ဘာဘဲဖြစ်ဖြစ် ရုပ်ဝတ္တုပစ္စည်းကြွယ်ဝမှုကို
ဘယ်သူမဆို အနည်းနဲ့အများ ခံစား သုံးဆောင်ခြင်ကြပါတယ်။ ဒါပေမယ့် လူဟာ စီးပွားရေးသတ္တ၀ါ သက်သက်မဟုတ်တာကတော့ သေချာ ပါတယ်။ လူ့ဘ၀ရဲ့ရည်မှန်းချက်ဟာ
ရုပ်ဝတ္တုပစ္စည်း ပြည့်စုံကုန်လုံ ရုံသက်သက်မဟုတ်ဘူး ဆိုတဲ့အပေါ်မှာလည်း များသောအားဖြင့်
အငြင်းမပွားကြပါ။ လူနဲ့တိရစ္ဆာန်ကွဲပြားနားချက်ကတော့ လူဟာ ရုပ်ဝတ္တုပစ္စည်း ပြည့်စုံကုန်လုံမှုထက်ကျော်လွန်တဲ့
တန်ဘိုးကို ရှာဖွေတတ်တဲ့ သတ္တ၀ါ၊ လူ့အဖွဲ့အစည်းကို ပို၍ပို၍ ကောင်းအောင် တည်ဆောက်တတ်တဲ့
သတ္တ၀ါဖြစ်ပါတယ်။
စိတ်ပိုင်းဆိုင်ရာအရ လူမှာ အပိုင်းသုံးပိုင်းရှိတယ်လို့ ဂရိတွေးခေါ်ပညာရှင်
ပလေတိုး က ပြောပါတယ်။ ဆန္ဒပိုင်း၊ ကျိုးကြောင်းဆင်ခြင်မှုအပိုင်းနဲ့
မြင့်မြတ်မျှတမှုကိုရှာဖွေတဲ့အပိုင်းတို့ဖြစ်သတဲ့။ ဆန္ဒပိုင်းကတော့ မိမိတို့ရဲ့ ပြင်ပမှာရှိတဲ့
အရာဝတ္တုတွေကို လိုခြင် ခံစားခြင်တာဖြစ်တယ်။ ကျိုးကြောင်းဆင်ခြင်မှု အပိုင်းကတော့ ဒီ
အရာဝတ္တုတွေကို ဘယ်လိုနားလည်ပြီး ရရှိခံစားနိုင်အောင် လုပ်မလဲဆိုတဲ့အပိုင်းဖြစ်တယ်။
မြင့်မြတ်မျှတမှုကိုရှာဖွေတဲ့အပိုင်းကတော့ လူ့ရဲ့ပင်ကိုယ်သဘောသဘာဝ အခြေခံပေါ်မှာ တရားမှု၊
မျှတမှု၊ မြင့်မြတ်မှုကို ရှာဖွေတဲ့အပိုင်းဖြစ်တယ်လို့ ပလေးတိုးကဆိုတယ်။ လူတွေဟာ မိမိကိုယ်ကိုမိမိတန်ဘိုးရှိတယ်လို့
ယူဆကြတယ်။ အဲဒီတန်ဘိုးအောက် လျှော့နည်းပြီး အခြားသူတဦးဦးက ဆက်ဆံလိုက်ရင် စိတ်ခံစားမှုဒေါသ ဖြစ်လာတတ်ကြတယ်။ မိမိမှာရှိတဲ့တန်ဘိုးနဲ့ ညီမျှတဲ့အဆင့်အတန်းမျိုးနဲ့
လူ့လောကမှာ မရပ်တည်နိုင်ကြဘူး ဆိုရင် သိက္ခာထိခိုက်တယ်လို့ ခံစားတတ်ကြတယ်။ မိမိမှာရှိတဲ့
တန်ဘိုးအပေါ်မှာ တလေးတစားဆက်ဆံခံရရင် ဂုဏ်ယူတတ်ကြတယ်လို့ ပလေတိုးကပြောတယ်။ အသိအမှတ်ပြုခံလိုတဲ့စိတ်ရယ်၊
အဲဒီစိတ်နဲ့အတူယှဉ်တွဲပြီး ဖြစ်ပေါ်လာတဲ့ ဒေါသ၊ အရှက် နဲ့ ဂုဏ်ယူတတ်မှုတွေဟာ လူမှာရှိတဲ့
ကိုယ်ရည်ကိုယ်သွေးရဲ့ အစိတ်အပိုင်းတွေ ဖြစ်ပြီးတော့ အဲဒါတွေကဘဲ လူ့သမိုင်းကို တဆင့်ကနေ
နောက်တဆင့်ရောက်အောင် တက်လှမ်းသွားဘို့ မောင်းနှင်တဲ့အရာတွေဖြစ်တယ်လို့ အတွေးအခေါ်ပညာရှင်တဦးဖြစ်တဲ့
ဟေဂယ်ကပြောတယ်။
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်းကြီးရဲ့ အပုဒ်(၁) မှာ
လူတိုင်းသည် မွေးကထဲက လွတ်လပ်၍ အခွင့်အရေးနဲ့ ဂုဏ်သိက္ခာအရာတွင် တန်းတူရည်တူရှိကြသည်လို့
ပြဌာန်းထားတယ်။ ပလေတိုးနဲ့ ဟေဂယ်တို့ပြောတဲ့ လူတယောက်အနေနဲ့ မိမိရဲ့ကိုယ်ရည်ကိုယ်သွေးအပေါ်
အသိအမှတ်ပြုခံလိုတဲ့စိတ်ကို လူ့အခွင့်အရေးကြေငြာစာတမ်းကြီးက ဂုဏ်သိက္ခာအနေနဲ့ ပြဌာန်းထားခြင်းဖြစ်တယ်လို့နားလည်ရပါတယ်။
တခါဆက်ပြီးတော့စဉ်းစားစရာတွေ ပေါ်လာပါတယ်။
လူဟာ အသိအမှတ်ပြုမခံရတဲ့အခါမှာ ဂုဏ်သိက္ခာကင်းမဲ့တယ်လို့ ခံစားရလေ့ရှိတယ်။
မိမိရဲ့ဂုဏ်သိက္ခာ၊ မိမိအ၀န်းအ၀ိုင်း အစုအစည်း၊ မိမိအမျိုးသားထုရဲ့ ဂုဏ်သိက္ခာကို ထိပါးစော်ကားခံလိုက်ရပြီဆိုရင်
အသက်ရှင် နေရတာထက် သေရတာကမြတ်သေးတယ်လို့ ယူဆပြီးပေါက်ကွဲတတ်ကြတာမျိုးတွေလည်းရှိ လာတယ်။
အဲဒီအခါမှာ လူရဲ့ အတွင်းသဘောမှာရှိတဲ့ ငြိမ်းချမ်းမှု ပျက်စီးသွားတော့တာပါဘဲ။
လူဟာလွတ်လပ်မှုမရှိရင် ငြိမ်းချမ်းမှုမရှိနိုင်ဘူးလို့လည်း ပညာရှင်တွေက
သုံးသပ်ကြပါတယ်။ ဒါဖြင့်ရင် လွတ်လပ်မှုဆိုတာ ဘာပါလိမ့်။ ဘာသာရေးခေါင်းဆောင်တွေက လူမှာ
ပြင်ပအကြောင်းတရားတွေထက် အတွင်းပိုင်းစိတ်ပိုင်းဆိုင်ရာအရ လွတ်လပ်မှု၊ ငြိမ်းချမ်းမှုရဘို့က
အရေးကြီးတယ်လို့ ပြောကြတယ်။ အဲဒီအပေါ်မှာတခိျု့က စောဒကတက်ကြတယ်။ ကျေးပိုင်ကျွန်ပိုင်ခေတ်မှာ
ကျေးကျွန်တယောက်အဖြစ်နဲ့ ရပ်တည်ရှင်သန်နေရပြီး အချိန်မရွေး အနှိပ်စက်ခံ၊ အသတ်ခံရမှာကို
ကြောက်နေရတဲ့ လူတယောက်ဟာ အတွင်းပိုင်းစိတ်ပိုင်းဆိုင်ရာ လွတ်လပ်မှု ငြိမ်းချမ်းမှုကိုရအောင်
ထိထိရောက်ရောက် ရှာနိုင်ပါ့မလား။ ဆိုလိုတာက ခေတ်စံနစ်ကြီးကိုက လူကိုမလွတ်လပ်အောင် ဖန်တီးထားတဲ့အတွက်
လူတဦးခြင်းစီရဲ့ စိတ်ပိုင်းဆိုင်ရာလွတ်လပ်မှုကို ရှာဖွေတဲ့နေရာမှာ အခက်အခဲရှိနိုင်တယ်လို့
ထောက်ပြကြတာဖြစ်တယ်။
ဒီအခြေခံပေါ်ကနေ ခေတ်စနစ်ဘက်ကလှည့်ပြီး လူ့အဖွဲ့အစည်းတခုလုံးရဲ့
အပြောင်းအလဲကို စဉ်းစားကြည့် ပြန်တယ်။
၁၉၁၇ ခုနှစ်မှာ ရုရှနိုင်ငံမှာ ဗောလ်ရှီဗစ်တော်လှန်ရေးဖြစ်ပြီး
မြေရှင်ပဒေသရာဇ်စနစ်ကို တွန်းလှန်လိုက် တယ်။ ခေတ်စံနစ်ကြီး ပြောင်းလဲသွားပြီ။ လူတွေလွတ်လပ်သွားကြပြီဆိုပြီး
ဆိုရှယ်လစ်စနစ်ကို ကြေငြာ တည်ဆောက် လာခဲ့ကြတယ်။ နှစ်ပေါင်းခုနှစ်ဆယ်လောက်ကြာပြီးတဲ့အခါမှာ
၁၉၉၀ ခုနှစ်မှာ ဆိုဗီယက် ရုရှနိုင်ငံကြီးဟာ ၀ုန်းကနဲ ပြိုကျသွားခဲ့တယ်။ လူတွေ အခုမှ
တကယ်စပြီး လွတ်လပ်တဲ့ လမ်းကြောင်းရောက် လာတယ်လို့ ပြောလာကြပြန်တယ်။
၁၉၄၈ ခုနှစ်မှာ မြန်မာနိုင်ငံဟာ နယ်ချဲ့အင်္ဂလိပ်နဲ့ ၈ျပန်ကိုတော်လှန်ပြီး
လွတ်လပ်ရေးရလာခဲ့ကြောင်း တကမ္ဘာလုံးကို ကြေငြာခဲ့တယ်။ အဲဒီကထဲက တကယ်မလွတ်လပ်သေးဘူးဆိုပြီး
တိုက်ပွဲဝင်နေကြတဲ့ ပါတီ အဖွဲ့အစည်းတွေရှိသလို ၁၉၆၂ ခုနှစ်နောက်ပိုင်းမှာ ဒုတိယလွတ်လပ်ရေးတိုက်ပွဲစတင်တယ်လို့
သုံးသပ် ပြောဆိုသူတွေလည်း ရှိလာပြန်တယ်။ ၁၉၈၆ ခုနှစ်မှာ ဖိလစ်ပိုင်နိုင်ငံမှာ အာဏာရှင်
သမတမားကိုးစ်ကို လူထုကဆန့်ကျင်အုံကြွပြီး တော်လှန်လိုက်ကြတယ်။ ဒီမိုကရေစီသမတနိုင်ငံကို
တည်ထောင်ကြောင်း ကြေငြာခဲ့ကြတယ်။ အာဏာရှင် အုပ်ချုပ်မှုအောက်ကနေ လွတ်လပ်သွားကြပြီလို့
တကမ္ဘာလုံးက လက်ခံ ခဲ့ကြတယ်။ လူတဦးခြင်းစီအနေနဲ့ရော လူထုအနေနဲ့ရော တကယ်လွတ်လပ်သွားကြပြီလား။
သက္ကရာဇ် ၂၀၀၀ ခုနှစ် ဒီဇင်္ဘာလထဲမှာ ဖိလစ်ပိုင်မှာဘဲ ဒီမိုကရေစီနည်းကျရွေးချယ်တင်မြှောက်ထားတဲ့
သမတ ဂျိုးဇက်အက်စ ထရာဒါကို လာဘ်စားမှုစွဲချက်တွေနဲ့ လူထုကဖြုတ်ချ လိုက်ရပြန်တယ်။
တခါ ဆိုဗီယက်ရုရှကနေခွဲထွက်ပြီး လွတ်လပ်သွားပြီလို့ တည်ထောင်လိုက်တဲ့
ယူကရိန်းနိုင်ငံမှာ သက္ကရာဇ် ၂၀၀၁ ခုနှစ် ဖေဖေါ်ဝါရီလထဲမှာ ထောင်ပေါင်းများစွာရှိတဲ့လူထုဟာ
သူတို့ရွေးချယ်တင်မြှောက်ထားတဲ့ သမတကို အကြီးအကျယ်ဆန္ဒပြနေကြတယ်။ အဓိကကတော့ သတင်းစာဆရာတဦး
အသတ်ခံလိုက်ရတဲ့ ကိစ္စ ကြောင့်ဖြစ်တယ်။
ဒီဖြစ်ရပ်တွေအပေါ်မှာ ဘယ်လိုနားလည်ချည်းကပ်ပြီးတော့ လူ့အဖွဲ့အစည်းကို
ဒါမှမဟုတ် လူ့အဖွဲ့အစည်းရဲ့ အပြောင်းအလဲကို စဉ်းစားကြမလဲ။ တည်ဆောက်ကြမလဲ။ လူ့အဖွဲ့အစည်းက
လွတ်လပ်ပြီလို့ကြေငြာ လိုက်တဲ့ အချိန်မှာ လူတဦးခြင်းစီဟာ တကယ်လွတ်လပ်သွားကြပြီလား။
လူတဦးခြင်းစီရဲ့ လွတ်လပ်မှုကို ကာကွယ် ဖေါ်ဆောင်ပေးနိုင်မည့် တိုင်းပြည်ရဲ့ယန္တရားတွေ၊
ဖွဲ့စည်းတည်ဆောက်မှုတွေမရှိဘဲ လွတ်လပ်တဲ့ လူ့အဖွဲ့အစည်း တရပ် ဖြစ်နိုင်ပါ့မလား။ ဘယ်လိုအခါမျိုးမှာမှ
လူဟာ လွတ်လပ်တယ်လို့ ပြောလို့ရမလဲ။ လူရဲ့ လွတ်လပ်မှုကို
အတိုင်းအတာနဲ့အညီ အာမခံလို့ရအောင် လူ့အဖွဲ့အစည်းကို ဘယ်လိုတည်ဆောက်မလဲ။ လူ့အဖွဲ့အစည်းရဲ့
အပြောင်းအလဲကို ဘယ်လိုဖန်တီးမလဲ စတဲ့မေးခွန်းပေါင်း တသောင်းခြောက်ထောင် ပေါ်လာပါတယ်။
လူ့အဖွဲ့အစည်းတခုလုံးရဲ့ အပြောင်းအလဲကို မဖန်တီးရင် တဦးခြင်းတယောက်ခြင်းရဲ့
လွတ်လပ်မှုနဲ့ ငြိမ်းချမ်းမှု ကိုရှာဖွေတဲ့နေရာမှာ အခက်အခဲရှိမှာဖြစ်တယ်။ လူ့အဖွဲ့အစည်းမှာ
အပြောင်းအလဲဖြစ်သွားတယ် ဆိုပေမယ့်အဲဒီအပြောင်းအလဲဟာ လူတဦးခြင်းစီရဲ့ လွတ်လပ်မှု၊ ငြိမ်းချမ်းမှု၊ တရားမျှတမှုနဲ့ တိုးတက်ဖွံ့ဖြိုးမှု ကို
ဖေါ်ဆောင် မပေးနိုင်ရင် အဲဒီ လူ့အဖွဲ့အစည်းဟာ ရေရှည်တည်တန့်ခိုင်မြဲဘို့ မဖြစ်နိုင်ဘူးဆိုတာ
သုံးသပ် တွေ့ရှိရပါတယ်။ဒီမိုကရေစီရပြီးရင် အားလုံးအဆင်ပြေသွားလိမ့်မယ်လို့ ယေဘုယျပြောကြတာထက်
တစုံတရာ တဆင့်တက်ပြီးလူ့အဖွဲ့အစည်းရဲ့ ပြသနာတွေ၊ ဖြစ်ရပ်တွေ၊ အပြောင်းအလဲတွေကို လေ့လာဘို့
လိုအပ်လာပါတယ်။ တိုင်းပြည်နိုင်ငံတခု လူ့အဖွဲ့အစည်းတရပ်မှာ နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်
တရပ်ဖန်တည်းရေးကိုသာ အဓိက မကြည့်ဘဲ ရေရှည်မှာ လူတဦးခြင်းစီတိုင်းနဲ့ လူ့အဖွဲ့အစည်းတရပ်လုံးအတွက်
စနစ်ကျတဲ့ပြောင်းလဲမှု၊ တိုးတက်မှုကို တဆင့်ပြီးတဆင့် ဖန်တီးသွားနိုင်မယ့်အခြေခံမျိုးကို
တည်ဆောက်သင့်တဲ့ဘက်ကပါ စဉ်းစားပေးဘို့ လိုအပ်လာပါပြီ။
ရေရှည်လူ့အခွင့်အရေးကို အကာအကွယ်ပေးနိုင်ဘို့ဆိုရင် လူ့အဖွဲ့အစည်းအတွင်းမှာရှိတဲ့
လူတဦးနှင့်တဦး ကြားမှာ ဆက်ဆံမှု၊ အစိုးရနှင့်လူထုကြားမှာ ဆက်ဆံမှု၊ အစိုးရနဲ့လူတဦးကြားထဲမှာ
ဆက်ဆံမှုတွေပါဝင်တဲ့ လူ့အဖွဲ့အစည်းရဲ့ဖွဲ့စည်းမှု၊ လည်ပတ်မှု၊ တည်ဆောက်မှုတွေဟာ အရေးကြီးလှပါတယ်။
အထူးသဖြင့် လူ့အခွင့် အရေးကို လူ့အဖွဲ့အစည်းတည်ရှိမှု ဖြစ်ပေါ်တိုးတက်မှုနဲ့ ဆက်စပ်လေ့လာနိုင်ဘို့
လိုအပ်ပါတယ်။ လူတဦးခြင်းစီရဲ့ အခွင့်အရေး၊ လူ့အခွင့်အရေးအခြေခံကနေ ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းတရပ်
တည်ဆောက်ပုံကို ချည်းကပ်တင်ပြသွားမှာ ဖြစ်တဲ့အတွက် ဒီတင်ပြချက်များကို လူထုအဓိကလူ့အဖွဲ့အစည်း
(Civil Society) ဆိုင်ရာ တင်ပြချက်များလို့
အမည်တပ်ရခြင်းဖြစ်ပါတယ်။
အောင်ထူး
အထွေထွေ အတွင်းရေးမှူး
မြန်မာနိုင်ငံ ရှေ့ နေများကောင်စီ
RFA တွင်ဖေါ်ပြချက်မှ .....
No comments:
Post a Comment