ပြည်တွင်းစစ် အစ
၁၉၄၈
ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့မှာ ဗမာပြည် လွတ်လပ်ရေးရခဲ့တာ အားလုံးအသိပင်။
ဗမာပြည်သူတွေရဲ့ ဘဝသမိုင်းကလည်း အဆိုးဇာ တာ ပါခဲ့သလားမသိ။
လွတ်လပ်ရေးအကြောင်း ပြောလို့မဝသေးခင်မှာပဲ ပြည်တွင်းစစ်အကြောင်း
ပြောကြရတော့တယ်။
လွတ်လပ်ရေးလည်း ရ၊ ပြည်တွင်းစစ်လည်း ဖြစ်ကရောလို့ ဆိုရမှာပါ။
လွတ်လပ်ရေးရပြီး
(၂) လကျော်မှာပဲ လက်နက်ကိုင်တော်လှန်ရေးတွေ ဗမာပြည်အနှံ့ ပေါ်လာခဲ့တာပါ။
၁၉၄၈ ခုနှစ် မတ် လ (၂၈) ရက်နေ့မှာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့
လက်နက်ကိုင်တော်လှန်ရေး၊ ၁၉၄၈ ခုနှစ် သြဂုတ်လ (၉) ရက်နေ့မှာ ကရင်နီ
လက်နက်ကိုင်တော်လှန်ရေး၊ မြန်မာ သက္ကရာဇ် ၁၃၁၀ ခုနှစ် ဝါခေါင်လပြည့်နေ့
(၁၉၄၈ ခုနှစ် သြဂုတ်လ ၁၉ ရက် နေ့) မှာ မွန်လက်နက်ကိုင်တော်လှန်ရေး၊ ၁၉၄၉
ခုနှစ် ဇန်နဝါရီလ (၃၁) ရက်နေ့မှာ ကရင်လက်နက်ကိုင်တော်လှန်ရေး၊ ၁၉၅၈ ခုနှစ်
မေလ (၂၁) ရက်နေ့မှာ
သျှမ်းလက်နက်ကိုင်တော်လှန်ရေး၊ ၁၉၆၁ ခုနှစ် ဖေ
ဖေါ်ဝါရီလ (၅) ရက်နေ့မှာ ကချင်လက်နက်ကိုင် တော်လှန်ရေး စတဲ့ ဗမာပြည်
လူမျိုးပေါင်းစုံ ပြည်သူတွေရဲ့ လက်နက်ကိုင်တော်လှန်ရေးတွေ
ပေါ်ပေါက်လာခဲ့ရပါတယ်။
လူမျိုးပေါင်းစုံပြည်သူတွေရဲ့
လက်နက်ကိုင်တော်လှန်ရေးတွေနဲ့ပတ်သက်လို့ ဖောက်ပြန်တဲ့ အစိုးရအဆက်ဆက်နဲ့
အဲဒီ့ ဘက်က ရပ်တည်ခဲ့ကြတဲ့ သမိုင်းမှတ်တမ်းတွေ စာတွေမှာ ပြည်တွင်းစစ်
စဖြစ်ခဲ့ရတာနဲ့ ပတ်သက်ရင် လက်နက်စွဲကိုင် သူတွေဟာ အစွန်းရောက်လို့
ရန်လိုလို့ ပြည်တွင်းစစ်ဖြစ်ခဲ့ရတယ် စသဖြင့် အမျိုးမျိုး
ရေးသားပြောဆိုထားတာတွေ ရှိပါ တယ်။
တဖက်သတ် ဘယ်လိုပဲ ပြောကြ
ရေးကြပါစေ၊ အခု ဖေါ်ပြထားတဲ့ အမှန်တကယ် ဖြစ်ပျက်ခဲ့တဲ့
နေ့စွဲမှတ်တမ်းတွေကို ကြည့်လိုက်ရင်ပဲ ပြည်တွင်းစစ်ဆိုတာ တရွာလုံးနဲ့
တယောက်ဖြစ်တဲ့ စစ်ပွဲဆိုတာ ရှင်းနေပါတယ်။
ဒါကို
နိုင်ငံရေးစကားလုံးနဲ့ ပြောရရင်တော့ ဗမာပြည် ပြည်တွင်းစစ်ဟာ
လူမျိုးပေါင်းစုံ ပြည်သူတွေနဲ့ ဖေါက်ပြန်တဲ့ အစိုးရကြားမှာ ဖြစ်တဲ့စစ်၊
အဲသလို ပြောရပါလိမ့်မယ်။
ဘာကြောင့် လက်နက်ကိုင်သလဲ
နေ့စွဲမှတ်တမ်းတွေကိုသာမက
တိုင်းရင်းသားပြည်သူတွေမှာ လက်နက်စွဲကိုင်တော်လှန်ခဲ့ရတဲ့ အခြေခံအကြောင်း
အရင်းတွေ၊ လတ်တလောအကြောင်းရင်းတွေ အသီးသီး ရှိကြပါတယ်။
အဲဒီ့အကြောင်းအရင်းတွေထဲမှာ ကရင်လက်နက်ကိုင်တော်လှန်ရေးနဲ့ပတ်သက်တဲ့ပြောဆိုချက်ကို နမူနာ ဖေါ်ပြချင်ပါ တယ်။
၁၉၆၂
ခုနှစ် စစ်အာဏာရှင်တွေ တက်လာပြီးတော့ ၁၉၆၃ ခုနှစ်မှာ
ပြည်တွင်းငြိမ်းချမ်းရေး ခေါ်ပါတယ်။ အတုအယောင် ပြည်တွင်းငြိမ်းချမ်းရေးပါ။
ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဗိုလ်နေဝင်းစစ်အစိုးရနဲ့ တော်လှန်ရေး
အင်အားစုတွေကြား အပြန်အလှန် ပေးစာတွေ ပေးကြပါတယ်။ အဲဒီ့ပေးစာတွေထဲက KNU
ပါတီရဲ့ ၁၉၆၃ ခုနှစ် ဇွန်လ (၁၅) ရက်နေ့စွဲနဲ့ တော်လှန်ရေးကောင်စီ၏
ပြည်တွင်း ငြိမ်းချမ်းရေးဆွေးနွေးချက်အပေါ် ပြန်ကြားချက်ဆိုတဲ့စာ အပိုဒ်(၂)
မှာ အခုလို ရေးသားထားပါတယ်။
“ကေအဲန်ယူ ပါတီသည်
ကရင်အမျိုးသားများနှင့်တကွ တိုင်းရင်းသားပေါင်းစုံ လုပ်သားပြည်သူတရပ်လုံး၏
အကျိုးစီးပွား အတွက် ပြဿနာအဝဝတို့ကို ဒီမိုကရေစီနည်းအရ
ငြိမ်းချမ်းစွာဖြေရှင်းရန် တမတ်တည်း ခံယူ ကျင့်သုံးခဲ့ပါသည်။ ဤခံ
ယူချက်အတိုင်းပင် ၁၉၄၈ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၁)ရက်နေ့ ကရင်တမျိုးသားလုံး၏
ဆန္ဒပြပွဲကြီးတွင်(၁) ကရင်ပြည် ချက်ခြင်းပေး၊ (၂) ကရင် တကျပ် ဗမာတကျပ်
ချက်ခြင်းပြ၊ (၃) လူမျိုးရေး အဓိကရုဏ်း အလိုမရှိ၊ (၄) ပြည်တွင်းစစ် အ
လိုမရှိ စသည့် တန်းတူရေး၊ ဒီမိုကရေစီရေး၊ လူမျိုးစုံ ချစ်ကြည်ရေးနှင့်
ငြိမ်းချမ်းရေး ကြွေးကြော်သံ (၄)ရပ်ကို ကိုင်စွဲ၍ ရိုးသားစွာဆန္ဒပြ
တောင်းဆိုခဲ့ခြင်း ဖြစ်ပါသည်။သို့သော်လည်း ကရင်အမျိုးသားများ၏
ဤတောင်းဆိုချက်များကို နောက် ဆုံးတွင် ဒီမိုကရေစီနည်းအရ ငြိမ်းချမ်းစွာ
ဖြေရှင်းခွင့် မရတော့ဘဲ၊ အုပ်စိုးသူ အစိုးရများက လက်နက်ဖြင့် အကြမ်းဘက်
နှိမ်နင်းလာမှုကြောင့် ပြည်တွင်းစစ် ဖြစ်ပွားပေါ်ပေါက်လာခဲ့ရသည်ကို
ပြည်သူလူထုကြီးတရပ်လုံး အသိပင်ဖြစ်ပါသည်။”
အဲဒီ့နမူနာကို ကြည့်ရင်ပဲ
ဗမာပြည် ပြည်တွင်းစစ်ဟာ လူမျိုးပေါင်းစုံပြည်သူတွေက ဒီမိုကရေစီနဲ့
အမျိုးသားတန်းတူ ခွင့် တွေဆုံးရှုံးရတဲ့အတွက် လက်နက်စွဲကိုင်
ခုခံကာကွယ်ရတဲ့စစ် ဖြစ်တယ်ဆိုတာ သမိုင်းအဖြစ်အပျက်တွေက ဖေါ်ပြနေခဲ့ ပြီး
ပါပြီ။
ဖိနှိပ်စစ်
အုပ်စိုးသူဘက်က ပြည်တွင်းစစ်ကို
ဆင်နွှဲခဲ့တဲ့အကြောင်းအရင်း၊ အစိုးရအဆက်ဆက် ဒီနေ့အထိ ဆင်နွှဲနေသေးတဲ့ အ
ကြောင်းရင်းကို ပြောရရင်တော့ ခုခံစစ်ရဲ့ ဆန့်ကျင်ဘက် အဓိပ္ပါယ်တွေကို
တွေ့ရပါတယ်။ အုပ်စိုးသူတွေဘက်က ဆင်နွှဲ နေတဲ့ ဗမာပြည် ပြည်တွင်းစစ်ဟာ
အုပ်စိုးသူ လူတစုအကျိုးစီးပွားအတွက် ဒီမိုကရေစီကို ဆန့်ကျင်တဲ့စစ်၊
အမျိုးသား တန်းတူခွင့်ကို ဆန့်ကျင်တဲ့စစ်၊ တိုင်းရင်းသား လူမျိုးတွေကို
ဆန့်ကျင်တဲ့စစ်၊ ပြည်သူလူထုကို ဆန့်ကျင်တဲ့စစ် ဖြစ်နေပါ တယ်။
တနည်းပြောရရင် လူမျိုးပေါင်းစုံ ဗမာပြည်သူတွေကို ဖိနှိပ်နေတဲ့ ဖိနှိပ်စစ်။
ပြည်တွင်းစစ်အပေါ် ဘယ်လို သဘောထားသလဲ
တခေတ်တခါက
ဗမာပြည် နိုင်ငံရေးဇာတ်ခုံပေါ် တက်လာတဲ့ အစိုးရအဆက်ဆက်ကို
တိုင်းတာတဲ့ပေတံတခု ရှိခဲ့ပါ တယ်။ အဲဒါကတော့ တက်လာတဲ့ အစိုးရတရပ်ဟာ
သူ့လက်ထက်မှာ ပြည်တွင်းစစ်ကို ဆက်လက် ဆင်နွှဲမလား၊ မဆင် နွှဲဘူးလားဆိုတဲ့
ပေတံ၊ ပြည်တွင်းစစ်အပေါ် ဘယ်လို သဘောထားသလဲဆိုတဲ့ ပြည်တွင်းစစ်ပေတံပါပဲ။
ပြည်တွင်းစစ်ကို ဆက်လက်ဆင်နွှဲရင် ဖေါက်ပြန်တဲ့အစိုးရ၊ ပြည်သူ့အကျိုးကို
မကြည့်တဲ့အစိုးရလို့ သတ်မှတ်ပါတယ်။ စစ်မှန်တဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကို
အမှန်တကယ် တည်ဆောက်နိုင်မှသာ ဒီမိုကရေစီအစိုးရတရပ်ရဲ့ အရည်အသွေးတွေ
ရှိလာမှာ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေး မရှိဘဲ၊ ဒီမိုကရေစီမရှိနိုင်ပါဘူး၊
ငြိမ်းချမ်းရေးမရှိဘဲ တိုင်းပြည်တည်ဆောက်လို့ မရနိုင်ပါဘူး၊
ငြိမ်းချမ်းရေး မရှိဘဲ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု မရှိနိုင်ပါဘူး၊
ငြိမ်းချမ်းရေးမရှိဘဲ လွတ်လပ်စွာပညာသင်ကြားခွင့် မရှိနိုင်ပါဘူး။
ငြိမ်းချမ်းရေးမရှိဘဲ လူငယ်တွေအတွက် လှပတဲ့အနာဂတ် မရှိနိုင်ပါဘူး။
ပြည်တွင်းစစ်ရပ်စဲရေးနဲ့
ပြည်တွင်းငြိမ်းချမ်းရေးဆိုတာဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံ
ပြည်သူတရပ်လုံးရဲ့ အကျိုးစီး ပွားဆုံချက်၊
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သော့ချက်၊ ဒီမိုကရေစီရေးအတွက် ဗဟိုချက်
ပြဿနာဖြစ်ပါတယ်။
လွှတ်တော်စစ်အစိုးရနဲ့ ပြည်တွင်းစစ်
ဒီနေ့
ဗမာပြည်မှာ အာဏာရယူထားတဲ့ လွှတ်တော်စစ်အစိုးရဆိုတာဟာ
အရင်စစ်အစိုးရအတိုင်းပဲလား၊ အပြောင်းအလဲ လုပ်ချင်တဲ့အစိုးရလား စသဖြင့်
ဘယ်လိုအစိုးရမျိုးလဲလို့ အဓိပ္ပါယ်ဖွင့်ဆိုဖို့အတွက် တိုင်းပြည်တွင်းမှာ
လက်ရှိ မြင်တွေ့ ကြားသိနေရတဲ့ အခြေအနေပေါင်းစုံနဲ့ အကဲဖြတ်
ပြောဆိုနေကြပါတယ်။ အဲသလို အခြေအနေတွေနဲ့လည်း အကဲဖြတ် နိုင်ပါတယ်၊
အကဲဖြတ်ကြပါ၊ အဓိပ္ပါယ်ဖွင့်ကြပါ။
ဒါပေမယ့် ဗမာပြည်သမိုင်းအတွေ့အကြုံတွေအရ အဓိကနဲ့ သာမညကို ဆုတ်ကိုင်မှုလွဲရင် အကဲဖြတ်ချက် လွဲတတ်ပါ တယ်။
ဒါကြောင့်
ဒီနေ့ ဗမာပြည်နိုင်ငံရေးရဲ့ အဓိကပြဿနာဖြစ်တဲ့ ပြည်တွင်းစစ်ကို
ဆက်လက်ဆင်နွှဲနေသလား၊ မဆင်နွှဲတော့ ဘူးလား၊
လက်နက်ကိုင်အင်အားစုတွေအားလုံးနဲ့ ပြည်တွင်းစစ် ရပ်စဲပြီး
စစ်မှန်တဲ့ငြိမ်းချမ်းရေးကို တည်ဆောက်သလား မတည်ဆောက်ဘူးလားဆိုတဲ့ အချက်ကသာ
လက်ရှိအစိုးရဟာ စစ်အစိုးရလား၊ ဒီမိုကရေစီဘက်ကို ပြောင်းလဲချင်တဲ့
အစိုးရလား ဆိုတာကို ဖေါ်ပြတဲ့ အဓိကစံပေတံတခုဖြစ်ကြောင်း
တင်ပြလိုက်ရပါတယ်။ ။
ထွန်းလင်း
(နိုဝင်ဘာလ
၁ ရက်၊ ၂၀၁၁ ခုနှစ်တွင်
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ဖွဲ့စည်းတည်
ထောင်ခြင်း ၂၃ နှစ်မြောက် ထုတ်ဝေသည့် “ဒေါင်းအိုးဝေ” မှ ပြန်လည်
ကူးယူဖေါ်ပြပါသည်။)
No comments:
Post a Comment