နိုင်ငံရေးနဲ့
ပတ်သက်လို့ မြန်မာနိုင်ငံမှာ ရုန်းရုန်းရုန်းရုန်း ဖြစ်နေတာ
ရက်ပေါင်းအတော်ကြာခဲ့ပါပြီ။ တောင်းဆိုမှု အမျိုး အစား အထွေထွေကိုလည်း
ကြားနေရပါတယ်။ ရေဒီယိုမှာကြားရတဲ့ အသံများ၊ အင်တာနက်ပေါ်မှာ ဖတ်ရတဲ့
အဆိုများ အရ ကြည့်လိုက်တော့ လူအတော်များများဟာ အမြင့်နိုင်ငံရေး High
politics ကို တော်တော်လေး အားသန်တယ် ဆို တာ တွေ့ရပါတယ်။ အမြင့်နိုင်ငံရေး
အပြောင်းအလဲအတွက် တောင်းဆိုသံ၊ ဆွေးနွေးသံ၊ ဝေဖန်သံ၊ ရှုတ်ချသံ၊ အကြံ ပေးသံ
စတာတွေ မှာလည်း အပျော့အပြင်း အလျှော့အတင်းတွေနဲ့ အမျိုးအစားစုံလှပါတယ်။
တချို့ကတော့
ဒါတွေဒါတွေ အားလုံးရကိုရမှ ဖြစ်မယ်လို့ တောင်းဆိုပါတယ်။ အဲတာတွေ အားလုံး
မရသေးရင် အတုအ ယောင်သာ ဖြစ်တယ်လို့ ပြောကြပါတယ်။ တချို့ကတော့
ဒီလောက်ဒီရွှေ့တော့ ပြောင်းလဲမှ ရှေ့ဆက်အလုပ်လုပ်နိုင် မယ်လို့
ထောက်ပြပါတယ်။ တချို့ကတော့ စိတ်ရှည်ရှည်ထား စောင့်ကြည့်ဖို့
အကြံပြုကြပါတယ်။ တချို့ကတော့ သူတို့ တောင်းဆိုတဲ့ အချက်တွေ မပေးရင်
ဖမ်းဖမ်းဆီးဆီး ဒီနေရာက မခွာဘဲ ဆက်လုပ်မယ်လို့ ယတိပြတ်ပြောပါတယ်။ ဒါပေ
မယ့် အချိန်နည်းနည်းကြာတော့ အကြောင်းကြောင်းကြောင့် ဆက်မလုပ်နိုင်တော့ဘဲ
ရပ်လိုက်ရပါတယ်။ ဥပမာ ဆိုရရင် တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်
ရပ်စဲဖို့ တောင်းဆိုတာမျိုး ဖြစ်ပါတယ်။ အပစ်အခတ် ဖြစ်နေတာက တိုင်းရင်း
သားဒေသတွေမှာ။ တောင်းဆိုတဲ့သူများက မြန်မာတွေအများစုနေထိုင်တဲ့
မြို့ထဲမှာ။ တခုတခုတော့ လွဲနေပြီလို့ ထင်ပါ တယ်။
ပြည်လုံးကျွတ်
အပစ်အခတ် ရပ်စဲရေးကို တောင်းဆိုတာ မှားတယ်လို့ မပြောပါ။ တောင်းဆိုရမှာလည်း
ဖြစ်ပါတယ်။ သို့ သော် ဘယ်လိုဘယ်ပုံ၊ ဘယ်အခြေအနေအောက်မှာ၊ ဘယ်လိုပုံစံနဲ့
တောင်းဆိုရမလဲ ဆိုတာကိုတော့ နားလည်ဖို့ လို မယ် ထင်ပါတယ်။ ဥပမာ ဆိုရရင်
ဦးသိန်းစိန် အစိုးရက လေးငါးရက်အတွင်း အပစ်အခတ်ရပ်စဲရေးကို ဘယ်လိုလုပ်ပြီး
ကြေညာလို့ရမလဲ။ တိုင်းရင်းသား လက်နက်ကိုင်တွေဖက်မှာလည်း သေနတ်ပေါက်နေရာက
ချက်ခြင်းကြီး သူတို့သဘော နဲ့ သူတို့ တဖက်သတ် အပစ်အခတ်ရပ်လို့ မရနိုင်ပါ။
ရက်အနည်းငယ်အတွင်း လုပ်ယူလို့ရတဲ့ ကိစ္စမျိုး မဟုတ်တာကို သ ဘောပေါက်ဖို့
လိုပါတယ်။ လူထုလှုပ်ရှားမှုကို ရှေ့တန်းကထားပြီး ဆောင်ရွက်တဲ့
တောင်းဆိုမှုမျိုးမှာ နိုင်ငံရေး အကျဉ်း သား အကုန်လုံးကို ပြန်လွှတ်ပေးဖို့
တောင်းဆိုတာမျိုးက ဖြစ်နိုင်ခြေ ရှိပါတယ်။ တောင်းဆိုရင်းက အကုန်မဟုတ် ရင်
တောင် တဝက်လောက် ပြန်လွှတ်တယ်ဆိုရင်၊ ကျန်တဲ့သူတွေတွက် ထပ်ပြီးလွှတ်ပေးဖို့
တောင်းဆိုမယ့် လှုပ်ရှားမှုတွေ က ဆက်လုပ်ရ ဦးမှာလည်း ဖြစ်ပါတယ်။
မြန်မာတပြည်လုံး အပစ်အခတ်ရပ်စဲဖို့၊ ငြိမ်းချမ်းဖို့ ဆိုတာကတော့ တောင်းဆို
ချက်တခုထဲနဲ့ မရပါဘူး။ အဆင့်အမျိုးမျိုးကို ဖြတ်ကျော်ပြီးမှ နိုင်ငံသား
အားလုံး ဝိုင်းဝန်း တည်ဆောက်ယူရမယ့် ကိစ္စ ဖြစ်ပါတယ်။ တောင်းရုံသက်သက်နဲ့
မရပါ။
မြန်မာပြည်မှာ လက်နက်ကိုင် ပဋိပက္ခကို အဆုံးသတ်ဖို့ ဆိုတာမှာ
မြောက်များလှတဲ့ ကိစ္စတွေ၊ ပြဿနာတွေကို ဖြေရှင်း နိုင်မှသာ အဆုံးသတ်နိုင်မှာ
ဖြစ်ပါတယ်။ အဲသည့် များမြှောင်လှတဲ့ ကိစ္စတွေ၊ ပြဿနာတွေထဲက အချက်တချက်ကို
ပြောလိုပါတယ်။ အဲတာကတော့ စစ်ပြေးဒုက္ခသည်များ ကိစ္စပဲ ဖြစ်ပါတယ်။ ၁၉၈၄
ခုနှစ်ကစလို့ ထိုင်းအစိုးရဟာ ထိုင်းနိုင် ငံ အတွင်းမှာ ကရင်လူမျိုး
စစ်ပြေးဒုက္ခသည်တွေကို ဒုက္ခသည် စခန်းဖွင့်ခွင့်ပေးပြီး နေထိုင်စေခဲ့ပါတယ်။
ထိုင်းနိုင်ငံအ တွင်းက ထိုင်းအစိုးရ အသိအမှတ်ပြုထားတဲ့
ဒုက္ခသည်စခန်းများအတွင်းမှာ ဒုက္ခသည်ပေါင်း တသိန်းလေးသောင်း ရှစ် ထောင်
(၁၄၈,၀၀၀) ကျော် ရှိနေပါတယ်။ ဒါပေမယ့် ထိုင်းအစိုးရ အသိအမှတ်ပြုထားတဲ့
ဒုက္ခသည် တရားဝင်စာရင်းက ရှစ်သောင်းလောက်ပဲ ပေါက်ပါတယ်။ အများစုက
ကရင်အမျိုးသားတွေ ဖြစ်ပါတယ်။
နောက်တချက်က ခေတ်အဆက်ဆက် စစ်ဘေးက
ပြေးလာရတဲ့ ရှမ်းလူမျိုးတွေအတွက် ထိုင်းအစိုးရက တရားဝင် ဒုက္ခ သည်
စခန်းဖွင့်ခွင့် မပေးခဲ့ပါဘူး။ ထိုင်းအစိုးရက ဘာ့ကြောင့်
ဖွင့်ခွင့်မပြုတာလဲ ဆိုတာကိုတော့ အတိအကျ မသိပါ။ ဒါကြောင့် ရှမ်းစစ်ပြေး
ဒုက္ခသည်တွေဟာ ထိုင်းနိုင်ငံအတွင်းမှာ ရွှေ့ပြောင်းလုပ်သားဘဝကို ခံယူပြီး
လုပ်ကိုင်စားသောက် နေထိုင်ကြရပါတယ်။ ထိုင်းအစိုးရ အသိအမှတ် ပြုထားတဲ့
ကရင်နီ (သို့မဟုတ်) ကယား ဒုက္ခသည် စခန်းအတွင်းမှာ မှီခို နေထိုင်ရတဲ့
ရှမ်းဒုက္ခသည် အရေအတွက်ဟာ ၇ဝဝ ကျော်သာ ရှိပါတယ်။ ထိုင်းနယ်စပ်နဲ့ ကပ်လျှက်
ရှမ်းပြည်နယ်ထဲက တောတောင်တွေထဲမှာ ယာယီဒုက္ခသည် စခန်းတွေဆောက်ပြီး
နေထိုင်နေတဲ့ ရှမ်းလူမျိုး စစ်ပြေးဒုက္ခသည် အရေအ တွက်ဟာ လေးထောင်ကျော်
ရှိပါတယ်။ ဒုက္ခသည်အဖြစ် အသိအမှတ် အပြုမခံရတဲ့ ရှမ်းအမျိုးသားတွေဟာ များသော
အားဖြင့် ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ တရားမဝင် အလုပ်သမားများအဖြစ်
နေထိုင်လုပ်ကိုင် စားသောက်ရပြီး လူဦးရေအား ဖြင့်
နှစ်သိန်းကျော်ရှိနိုင်တယ်လို့ တချို့က ခန့်မှန်းပါတယ်။ မြန်မာနိုင်ငံ
အရှေ့ဖျား၊ အရှေ့တောင်ဖက်နဲ့ တောင်ဖက်ပိုင်း ဒေသအားလုံးမှာ ပျံ့နှံ့ပြီး
ပုန်းခိုနေထိုင် နေရတဲ့ တိုင်းရင်းသားပေါင်းစုံ ရွှေ့ပြောင်းစစ်ပြေးဒုက္ခသည်
အရေအတွက်ဟာ စုစုပေါင်း လေးသိန်းငါးသောင်းကျော် ရှိပါတယ်။ နာမည်နဲ့
တပ်ပြောရရင် ရှမ်းတောင်ပိုင်း၊ ကရင်နီပြည်နယ်၊ ကရင်ပြည် နယ်၊
မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့ ဖြစ်ပါတယ်။ အခု ကချင်ပြည်နယ်မှာ
ပစ်ကြခတ်ကြတော့ ကချင်စစ်ပြေးဒုက္ခ သည် အရေအတွက်ဟာလည်း နှစ်သောင်း
ကျော်လာနေပါပြီ။
ထိုင်းအစိုးရ အသိအမှတ်ပြု ဒုက္ခသည်စခန်းထဲက ဒုက္ခသည်
တသိန်းလေးသောင်းကျော်နဲ့ မြန်မာပြည်တွင်းက ရွှေ့ ပြောင်း ဒုက္ခသည်
လေးသိန်းခွဲအတွက် စားရေးသောက်ရေးကို နိုင်ငံတကာက အစိုးရများ၊
အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း များက လှူဒါန်းနေပါတယ်။ သို့သော်လည်း
ကာလကြာလာတော့ နိုင်ငံခြားအလှူရှင်များက ဒီလိုစဉ်းစား လာပါတယ်။
မြန်မာပြည်မှာလည်း နိုင်ငံရေး အပြောင်းအလဲတွေ စဖြစ်နေပြီ။ အဲတာကြောင့်
စစ်ပြေးဒုက္ခသည်တွေကို လှူနေတဲ့ ငွေ တွေကို ပြည်တွင်းမှာ သုံးစွဲမယ်ဆိုရင်
ဖွံ့ဖြိုးတိုးတက်မှုတွေ ပိုပြီးမြင်ရနိုင်တယ်လို့ စဉ်းစားလာတာ ဖြစ်ပါတယ်။
ဗြိတိန်နိုင် ငံက အကြီးတန်း သံတမန်တဦး မဲလဒုက္ခသည်စခန်းကို သွားလည်တုန်းက
ဒုက္ခသည်တွေကို ဒီလိုပြောခဲ့ပါတယ်။ “ဒုက္ခ သည် စခန်းထဲမှာ ဝင်ငွေမရှိဘဲ
နေနေမယ့်အစား မကြာခင်တည်ဆောက်တော့မယ့် ထားဝယ်စက်မှုဇုံ စီမံကိန်းမှာ အလုပ်
သွား လုပ်ကြမယ်ဆိုရင် ခင်ဗျားတို့တတွေရဲ့ ဘဝတွေ ပိုပြီးတိုးတက်လာမယ်” လို့
ဆိုခဲ့ပါတယ်။ ဘာကိုမှ မတွက် မချက် ဘဲ လျစ်လျှူရှုတဲ့ အပြောမျိုးလို့
ဆိုချင်ပါတယ်။ ထားဝယ်ဒေသဟာ မဲလစခန်းနဲ့ မိုင်ပေါင်း သုံးရာလောက်
(ခန့်မှန်းခြေ) ဝေးပါတယ်။ မဲလစခန်းထဲက ဒုက္ခသည် အများစုဟာ ကရင်ပြည်နယ်ထဲက
ကရင်အမျိုးသားတွေ ဖြစ်ပါတယ်။ ဘယ်လို လုပ်ပြီး ကိုယ့်မူလရပ်ရွာ မဟုတ်တဲ့
တနင်္သာရီတိုင်းထဲက ထားဝယ်ဖက်ကို ဘယ်သူပြောင်းချင်မလဲ။ သူတို့ပြန်ချင်တာက
သွားချင်တာက သူတို့ မူလ ထွက်လာခဲ့တဲ့ နေထိုင်ခဲ့တဲ့ ဒေသတွေကိုပဲ
ငြိမ်းချမ်းလို့ အချိန်တန်ရင် ပြန်ချင်ကြတာပါ။ ထားဝယ်ဒေသ မဟုတ်ပါဘူး။
နိုင်ငံခြား
အလှူရှင်တွေ ဖက်ကလည်း ဒီလိုတွက်တာပါ။ ဘာဘဲပြောပြော ထိုင်းနိုင်ငံမှာ
တရားဝင်ရော တရားမဝင်ပါ လာ ပြီး အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား
ဦးရေဟာ နှစ်သန်းကျော် ရှိတယ်။ ဒုက္ခသည် စခန်းများထဲက ဒုက္ခသည် တသိန်းလေး
သောင်းကျော်လည်း ဒုက္ခသည် စခန်းတွေမှာ မနေတော့ဘဲ ထိုင်းနိုင်ငံအတွင်းမှာ
အလုပ်လုပ်မယ်ဆိုရင် တချိန်မှာ အဲသည့် နှစ်သန်းအတွင်း
စီးမျောပေါင်းဝင်သွားမယ်။ ဒါကြောင့် ဒုက္ခသည်တွေအတွက် နှစ်စဉ်လှူနေတဲ့ ငွေ
တွေပိုလာမယ်။ အဲသည့် ပိုလာတဲ့ငွေတွေကို မြန်မာပြည်
ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် သုံးမယ် စသဖြင့် စိတ်ကူးနဲ့ တွက်ချက်နေတာ
ဖြစ်ပါတယ်။ ဒုက္ခသည်စခန်းအတွင်းက ဒုက္ခသည် တသိန်းလေးသောင်းကျော်ကို ငွေဖြတ်
ရိက္ခာဖြတ် လုပ်ပြီး ပိုလာမယ့် ငွေဟာ ဘယ်လောက် များမှာလဲ။
မြန်မာနိုင်ငံအတွင်းမှာက လူဦးရေ ၅၅ သန်းကျော်ရှိတယ်။ ဖြတ် လိုက်လို့
ပိုလာတဲ့ ငွေဟာ လူဦးရေ ၅၅ သန်းအတွက် ဘယ်လောက်ပဲ သုံးရမလဲဆိုတာ
မှန်းကြည့်လို့ ရပါတယ်။
နောက်တချက်က စစ်ပြေးဒုက္ခသည်တွေ
(ရွှေ့ပြောင်းဒုက္ခသည်များအပါအဝင်) ရဲ့ ရည်မှန်းချက်ဟာ ထားဝယ်ဒေသ (သို့
မဟုတ်) တခြားဒေသမှာ အလုပ်အကိုင်ရရေး မဟုတ်ပါဘူး။ ငြိမ်းချမ်းတဲ့နေ့ကို
စောင့်ဆိုင်းရင်း မိဘဘိုးဘွားတွေ ခေါင်းချ ခဲ့တဲ့ မူလရပ်ရွာတွေကို
ပြန်ရေးသာ ဖြစ်ပါတယ်။ သူတို့ရဲ့ မူလဒေသ မဟုတ်တဲ့ အရပ်ကို
ပြောင်းရွှေ့ဖို့လည်း စိတ်ကူး မရှိ ကြပါဘူး။ သူတို့နေရင်းရပ်ကို
ပြန်နိုင်ဖို့ဆိုတာ အပစ်အခတ် ရပ်စဲထားရုံလောက်နဲ့ မပြည့်စုံသေးပါဘူး။
တတိုင်းပြည်လုံး ငြိမ်းချမ်းရေးရမှ အိမ်ကို ပြန်နိုင်ကြမှာ ဖြစ်ပါတယ်။
သူတို့ဟာ ထိုင်းနိုင်ငံအတွင်းမှာ လာအလုပ်လုပ်နေတဲ့ နှစ်သန်းထဲမှာ
မပါပါဘူး။ အဲသည့် နှစ်သန်းနဲ့ ရောပြီး အဖြေထုတ်လို့လည်း မရစကောင်းပါဘူး။
ဒီနေရာမှာ
ပြန်ကောက်ရရင် အမြင့်နိုင်ငံရေးကို အားသန်တဲ့ ကျနော်တို့ရဲ့
ပြည်တွင်းပြည်ပနဲ့ နယ်စပ် နိုင်ငံရေး ခေါင်း ဆောင် ကြီးငယ်လတ်တွေဟာ
အမြင့်နိုင်ငံရေးကိုပဲ ဦးစားပေးနေရတဲ့အတွက် စစ်ပြေးဒုက္ခသည်တွေရဲ့ အရေးကို
ဒီအ ချိန်မှာ အရေးတယူ ထည့်သွင်းပြောကြားဖို့ မေ့လျှော့ နေကြတယ်လို့
ထောက်ပြလိုပါတယ်။ စစ်ပြေး ဒုက္ခသည်အရေးက အမြင့် နိုင်ငံရေး မဟုတ်ဘူးလို့
ထင်နေပုံပေါ်ပါတယ်။ ပြည်တွင်းစစ်ရပ်စဲပြီး ငြိမ်းချမ်းရေးရဖို့ဆိုတာ
အချက်အလက်ပေါင်း များစွာ ပြဿနာ ပေါင်းများစွာကို ဖြေရှင်းပြီးမှ ရမှာသာ
ဖြစ်ပါတယ်။ ဆန္ဒပြရုံ၊ တောင်းဆိုချက် ထုတ်ရုံ သက်သက်နဲ့ တော့ မရနိုင်ဘူးလို့
ရှင်းရှင်းပဲ ပြောလိုပါတယ်။ အခုတင်ပြခဲ့တဲ့ စစ်ပြေးဒုက္ခသည် အရေးဟာ
လက်နက်ကိုင် ပဋိပက္ခ ပြေ လည်ဖို့အတွက် ဖြေရှင်း ရမယ့် ပြဿနာပေါင်းများစွာထဲက
တခုသာဖြစ်သေးကြောင်း။
ဇော်မင်း
၁၇ ရက်၊ နိုဝင်ဘာလ၊ ၂ဝ၁၁ ခုနှစ်။
ရွက်မွန်မှာ ကူးယူတင်ဆက်ပါသည်
No comments:
Post a Comment