ဟိုးရှေးက
စလို့ ကနေ့အထိ ယောင်္ကျားတွေဟာ ပရိယာယ်တွေ သုံးပြီး မိန်းမတွေကို နှိမ်ချ
ထားကြတယ်။ မိန်းမတွေဟာ ယောင်္ကျား တွေထက် နိမ့်ကျသူတွေ ဖြစ်တယ်လို့
ယုံအောင်ပြောပြီး ဒီအတိုင်း နာခံခိုင်းကြတယ်။ မိန်းမတွေဟာ ဘာမှမတတ်နိုင်ဘူး
ဆိုတဲ့ အားငယ်စိတ်ခံစားမှုနဲ့ ဒီအကျည်းတန်တဲ့ အဖြစ်ကို မရှောင်မလွှဲသာ
ရင်ဆိုင်ကြရတယ်။ ( အချို့ကတော့ ကျေကျေနပ်နပ် ရင်ဆိုင် လိုက်ကြတာလည်း ရှိတယ်
) ဒါဟာ တော်တော် ယုတ္တိ မရှိတဲ့ စဉ်းစားနည်း ဖြစ်ပါတယ်။ ဒီစဉ်းစားနည်းကို
လိုက်လျောရတယ် ဆိုတာက ခိုင်လုံတဲ့ အကြောင်း ရှိပါလိမ့်မယ်။
တကယ်က
မိန်းမတွေဟာ ယောင်္ကျားတွေထက် မနိမ့်ကျသလို ယောင်္ကျားတွေ ထက်လည်း
မသာလွန်ပါဘူး။ သူတို့ နှစ်ဦးစလုံးဟာ မတူတဲ့ လူနှစ်မျိုးသာ ဖြစ်ပါတယ်။
သူတို့ နှစ်ဦးကို နှိုင်းယှဉ်ဖို့ မလိုဘူး။ ဒီလို နှိုင်းယှဉ် လာရင်လည်း
ရူးတာပဲ။ တကယ်လို့ ခင်ဗျားက စပြီး နှိုင်းယှဉ်တာတွေ လုပ်မယ် ဆိုရင် ပြဿနာက
စလာပါပြီ။
တစ်ကမ္ဘာလုံးမှာ ရှိနေတဲ့ ပုရိသ
အများစုက ဣတ္ထိယတွေဟာ သူတို့ထက် နိမ့်ကျသူတွေလို့ ဘာကြောင့် အသံထွက်
နေရတာလဲ။ အကြောင်းကတော့ ဒီနည်းဟာ ဣတ္ထိယတွေကို ရေရှည်နှောင်ဖွဲ့ပြီး
အိမ်ထောင်ရှင်မ ဆိုတဲ့ အစေအပါး အဖြစ် ထားမယ့် တစ်ကြောင်းတည်းသော နည်းလမ်း
ဖြစ်ပါတယ်။ အဲ့လိုမှသာ ရည်မှန်းချက်က လွယ်ကူ သွားလိမ့်မယ်။ ဟုတ်တယ်ဟုတ်။
ဒါ့ကြောင့်လည်း မိန်းမနဲ့ ယောင်္ကျား ဒုက္ခ အခက်အခဲတွေကို ရင်ပေါင်တန်း
ယှဉ်ပြိုင် ခံစားကြမယ် ဆိုရင် မိန်းမက နှိုင်းယှဉ်ချက် အားဖြင့် အနိမ့်တန်း
ဝင်သင့် တယ်လို့ ကန့်သတ်ချုပ်ချယ် ထားကြတယ်။ ယောက်ျားတွေ ပြောတတ်တဲ့ အခြား
အကြောင်းပြချက် တွေကတော့ မိန်းမတွေဟာ နုနယ်တယ်။ ကြွက်သားအားက သိပ်နည်းတယ်။
ခွန်အားဖွံ့ဖြိုးမှုက နိမ့်တယ်။ ဘာ ဒဿနကိုမှ မတွေးခေါ်နိုင်သလို၊ ဘယ်လို
ဘာသာတရားကိုမှ မထူထောင်နိုင်ခဲ့ဘူး။ ကမ္ဘာ့သမိုင်းကြောင်းမှာ ကြီးမြတ်တဲ့
မိန်းမ၊ ပန်းချီအကျော်အမော်၊ မိန်းမ ဂီတဘုရင်၊ မိန်းမစာဆိုထွဋ်ခေါင်၊
မိန်းမ နိုင်ငံရေးသမား၊ မိန်းမ သိပ္ပံပညာရှင်ဆိုတာ ယောင်္ကျားတွေနဲ့ ယှဉ်ရင်
မရှိသလောက် ရှားခဲ့တယ်။ ဒါဟာ မိန်းမတွေရဲ့ ဥာဏ်ရည်မမှီ တာကို ပြတယ်။
ဒီမိန်းမတွေဟာ ပညာရှင် မဟုတ်ဘူး။ ဘဝရဲ့ အဆင့်မြင့် ပြဿနာတွေကို
စိတ်မဝင်စားဘူး။ သူတို့ စိတ်ဝင်စားတဲ့ အရာတွေဟာ သိပ်ကျဉ်းမြောင်း လွန်း
နေတယ်။ ဒါ့ကြောင့် သူတို့ဟာ အိမ်ထောင်ရှင်မတွေသာ ဖြစ်သင့်တယ်။
ကောင်းပြီ။
ဒါဖြင့် ခင်ဗျားက ဒီလို အချက်တွေကို ရွေးလိုက်ပြီ ဆိုပါတော့။ အလွယ်တကူပဲ
မိန်းမသားတွေ ယုံကြည်အောင် ပြောနိုင်ပါလိမ့်မယ်။ သူတို့ကိုယ် သူတို့
အားငယ်သူတွေ၊ နိမ့်ကျသူတွေ အဖြစ် ကိုယ်တိုင် ခံစားသွားရတဲ့ အထိ
ပြောနိုင်မယ်။ ဒါပေမယ့် ဒီနည်းဟာ ယောင်္ကျားတွေ အတွက် သိပ်ကောက်ကျစ်
လွန်းပါတယ်။ အခြား မျက်နှာစာက နှိုင်းယှဉ်ကြည့်ဖို့ လိုနေပါသေးတယ်။
သဘာဝ အရ မိန်းမက မီးဖွားလို့ရတယ်။
ယောက်ျားက မရဘူး။ ဒါကို မိန်းမတွေက ဝဋ်ခံရတယ်။ ယောင်္ကျားတွေက ဝဋ်မခံရဘူး။
ဒါ့ကြောင့် ယောင်္ကျားတွေက ဘုန်းကြီးတယ် မိန်းမတွေက နိမ့်တယ် လို့ ပြောကြတာ
ရှိတယ်။ တကယ်က ဒီတစ်ချက်မှာတင် ယောက်ျားဟာ မိန်းမထက် နိမ့်ကျသွားတယ်။ ဒီလို
တာဝန်မျိုးကို အဆင့်မြင့်သူတွေကသာ ထမ်းဆောင်ရတာမျိုး ဖြစ်ပါတယ်။ သဘာဝ ဓမ္မက
ယောင်္ကျားကို သားအိမ် ပေးမထားဘူး။ တကယ်စင်စစ် သားဖွားတဲ့၊ မျိုးဆက်ချတဲ့
ကိစ္စမှာ ယောက်ျားတွေရဲ့ အခန်းကဏ္ဍဟာ အဖိုမျိုးဥ လွှတ်ပေးတာ သက်သက်ပဲ ရှိပါတယ်။
ဒါဟာ ခဏတာလေးပဲ။ တစ်ခဏလေး ထမ်းဆောင်ရတဲ့ တာဝန်တစ်ခုပဲ။
မိခင်ကတော့
တကယ့်ကို ပဋိသန္ဓေ ကိုးလလွယ်ရပါတယ်။ ကိုယ်ဝန်ဆောင်ခြင်းရဲ့ ဒုက္ခ
အလုံးစုံကို သည်းခံ မျိုသိပ် ကြရတယ်။ လွယ်ကူတဲ့ အလုပ်တစ်ခု လို့
ထင်မှတ်ကြပါသလား။ ကိုယ်ဝန်ဆောင်ခြင်း ဒုက္ခပြီးရင် မွေးဖွားရခြင်း ဒုက္ခကို
ကြံ့ကြံ့ခံ ရင်ဆိုင်ရသေးတယ်။ မီးနေသည် ဖြစ်ရတာဟာ သက်စွန့်ဆံဖျား
ဖြတ်သန်းခြင်း တစ်မျိုးပါ။ မွေးဖွားပြီးရင်လည်း ဒီကလေးကို ဖဝါးလက်နှစ်လုံး
ပခုံးလက်နှစ်သစ် ကနေ လူလားမြောက်အောင်၊ စိတ်ရောကိုယ်ပါ အနွံတာခံပြီး
မိခင်တာဝန်ကို ကျေပွန်အောင် နှစ်ပေါင်းများစွာ ထမ်းဆောင်ရပြန်တယ်။
ကလေးက
တစ်ယောက်တည်း မဟုတ်ရင် ပိုဆိုးတယ်။ နောက်ထပ် နောက်ထပ် ကလေးတွေ
မွေးပေးနေရတယ်။ ခင်ဗျားက ခင်ဗျား အမျိုးသမီးကို ကြီးမြတ်တဲ့ မိန်းမ
ဂီတစာဆို၊ ကြီးမြတ်တဲ့ ကဗျာဆရာမ၊ ကြီးမြတ်တဲ့ စာပေပညာရှင်၊
သိပ္ပံပညာရှင်ကြီး ဖြစ်အောင် အချိန်ပေးခဲ့ ဖူးသလား။ ခင်ဗျားက သူ့ကို တကယ်ပဲ
အချိန်တွေ ပေးခဲ့သလား။ သူဟာ ကိုယ်ဝန်ဆောင်ရင် ဆောင်၊ မဆောင်ရင်
ဖွားမြင်လာတဲ့ ရင်သွေးကို တစ်လျှောက်လုံး ဂရုတစိုက် ကျွေးမွေးစောင့်ရှောက်၊
အိမ်မှု ကိစ္စ ၊ ဗာဟီရတွေ တကုပ်ကုပ် အလုပ်ပေး နေတာတွေဟာ ခင်ဗျား အတွက်၊
ခင်ဗျားရဲ့ ပိုပြီး အဆင့်မြင့်တဲ့ ပြဿနာတွေမှာ စဉ်းစားခန်းဝင်နိုင်ဖို့
အတွက် လမ်းခင်းပေးတာပဲ မဟုတ်လား။
ဒါကို
မသိပါဘူး ဆိုရင် ၂၄ နာရီ ရှိတဲ့ တစ်ရက်စာ အချိန်မှာ ယောက်ျားနဲ့ မိန်းမ
နေရာချင်းလဲလှယ် ကြည့်ရအောင်။ ခင်ဗျား- သူ့ကို လေးနက်တဲ့ အရာတွေတွေးခိုင်း
လိုက်ပါ။၊ စီးပွားရေးနဲ့ ခင်ဗျား လုပ်သမျှတွေ အကုန်ပေးလိုက်ပါ။
ခင်ဗျားကတော့ ကလေးတွေကို ၂၄ နာရီ ထိန်းသိမ်း စောင့်ရှောက် ရမယ်။
မီးဖိုချောင်နဲ့ အိမ်မှု ကိစ္စတွေကို စနစ်တကျ လုပ်ရမယ်။ ဒါဆိုရင်တော့ ဘယ်သူ က
ပိုသာလွန်တယ် ဆိုတာ ခင်ဗျား သိပါပြီ။ ၂၄ နာရီဟာ ခင်ဗျားအတွက်
သဘောပေါက်ဖို့ တော်တော် လုံလောက်ပါလိမ့်မယ်။ ကလေးများတဲ့ မိသားစု တစ်စုသာ
ဖြစ်ခဲ့ရင် ခင်ဗျား ဒီအသိရဖို့ ပိုလွယ်ကူမယ်။ ဒီလောက်များတဲ့ ကလေးတွေကို
ပြုစုစောင့်ရှောက် ရတယ် ဆိုတာ စိတ်ရောဂါကု ဆေးရုံထဲ ရောက်နေတာနဲ့ တူတယ်
ဆိုတာ တွေ့ပါလိမ့်မယ်။ နောက်ပြီး အိမ်သား ၊ ဧည့်သည်တွေအတွက် တစ်ရက်စာ
ထမင်းဟင်း ချက်ရတယ်ဆိုတဲ့ အလုပ်ဟာ ၂၄ နာရီ ငရဲပြည် လေ့လာရေး
ခရီးဆင်းရသလိုပဲ ဆိုတာ ခင်ဗျား နားလည်သွားမယ်။ အဲ့အခါ ခင်ဗျား ခေါင်းထဲ
တွေးထားတဲ့ ယောက်ျားဟာ မိန်းမထက် သာလွန်တယ် ဆိုတာကြီး
ထည့်ထားနိုင်ပါဦးမလား။ ဘာကြောင့်လဲ ဆိုတော့ ဒီ ၂၄ နာရီ အတွင်းမှာ
အဘိဓမ္မာတွေ၊ ဒဿနတွေ၊ သိပ္ပံတွေ၊ နိုင်ငံရေးတွေ စသဖြင့် အဆင့်မြင့်ကိစ္စတွေ
စဉ်းစားဖို့ တွေးခေါ်ဖို့ ခင်ဗျားမှာ လုံးဝ အချိန်မရှိဘူး။
နောက်တစ်မျိုး
ပြောင်းပြီး စဉ်းစားကြည့်ရအောင်။ မိန်းမတွေရဲ့ ကြွက်သားတွေဟာ
ယောက်ျားတွေလောက် ဖွံ့ဖြိုးမှုအား မကောင်းဘူးလို့ ဆိုထားတယ်။
တကယ့်အကြောင်းကတော့ မိန်းမတွေဟာ သူတို့ရဲ့ ကြွက်သားတွေကို သန်မာလာစေတဲ့
အလုပ်မျိုး လေ့ကျင့်ခွင့် မရခဲ့တာ နှစ်ထောင်သောင်းမက ကြာခဲ့ပြီ
မို့လို့ပါပဲ။ ကျနော် အိန္ဒိယရဲ့ ရှေးဦးလူသား မျိုးနွယ်စုတွေ ရှိခဲ့တယ်
ဆိုတဲ့ ဒေသကို သွားခဲ့ဖူးတယ်။ အဲ့ဒီမှာ မိန်းမတွေက ကြွက်သား ဖွံ့ဖြိုးမှု
အားကောင်းပြီး ယောက်ျားတွေက ကြွက်သား ဖွံ့ဖြိုးမှု မရှိဘူးရယ်။ တကယ်တော့
ဒါဟာ သဘာဝက ပေးတာ မဟုတ်ပါဘူး။ သမိုင်းကြောင်းက ဖန်တီးခဲ့တာ ။ အဲ့အတွက်
မိန်းမတွေဟာ ကြွက်သား အင်အား သုံးရတဲ့ အလုပ်မျိုး မလုပ်ရတာ နှစ်ပရိစ္ဆေဒ
ကြာမြင့်ခဲ့ပြီ ဖြစ်လို့ တဖြည်းဖြည်းနဲ့ ကြွက်သား ဖွံ့ဖြိုးမှု
စွမ်းအင်တွေလည်း ယုတ်လျော့သွားခဲ့ တာ ဖြစ်ပါတယ်။
နောက်ပြီး
မိန်းမတွေဟာ ယောက်ျားတွေထက် ပိုပြီး စွမ်းအားကောင်းတယ် ဆိုတာ ကနေ့
ဆေးသိပ္ပံ လောကရဲ့ သက်သေပြချက်တွေ ရရှိပြီးသား ပါ။ အမျိုးသမီးတွေဟာ
အမျိုးသားတွေထက် အဖျား အနာ နည်းတယ်။ မိန်းမတွေဟာ ယောက်ျားတွေထက် ပျမ်းမျှ
အသက်ပိုရှည်တယ်။ ပျမ်းမျှ ( ၅ ) နှစ်လောက် ပိုရှည်တယ်။ ဒါနဲ့တောင်
ကျနော်တို့ အစဉ်အလာအရ နားလည်သတ်မှတ်ထားတာက အိမ်ထောင်ပြုရင် ယောက်ျားက
မိန်းမထက် အသက် လေးငါးနှစ် ပိုကြီးသင့်တယ် ဆိုပဲ။ ( မြန်မာမှာဆိုရင်
ဒွေးချိုး လေးတိုး - ဖြစ်ရင် ယူပါ ရတာပဲ ဆိုတဲ့ အမြင် ရှိနေဆဲပါ။
။စကားချပ် ) ဒါဟာ တကယ့်ကို ရူးသွပ်တဲ့ လူ့အဖွဲ့အစည်းပုံစံ ဖြစ်ပါတယ်။
စင်စစ်က ယောက်ျားတွေဟာ အိမ်ဦးနတ် ဖြစ်တယ်၊ ဒါ့ကြောင့် အသက်ပိုကြီးပြီး
ပိုအတွေ့အကြုံ ရှိတယ် ဆိုတဲ့ အချက်ကို ဂုဏ်ယူချင်တယ်။ အိမ်ဦးနတ်ရဲ့
သာလွန်ချက်တွေကို အစွန်းအထင်း မရှိ ထိန်းသိမ်းပြီး ရိုသေလေးစားတာကို
ခံယူချင်ကြလို့ ပဲ ဖြစ်ပါတယ်။
ဆေးပညာ သဘောအရ ဆိုရင်
အဲ့လိုမျိုးဟာ မမှန်နိုင်ဘူး။ မိန်းမဟာ ယောက်ျားထက် ( ၅ ) နှစ်
အသက်ပိုရှည်မယ် ဆိုရင် အိမ်ထောင်ပြုကြတဲ့ အခါ ယောင်္ကျားက မိန်းမထက် အသက် ( ၅
) နှစ်လောက် ငယ်သင့်ပါတယ်။ ဒါမှ သူတို့ နှစ်ယောက်စလုံးရဲ့ ကွယ်လွန်ချိန်ဟာ
တစ်ချိန်တည်း နီးပါး ဖြစ်သွား ပါလိမ့်မယ်။
ကျနော်တို့
အိန္ဒိယ ထုံးတမ်းစဉ်လာ အယူအဆ အရ အိမ်ထောင်ပြုရင် ယောက်ျားဟာ မိန်းမထက် အသက်
ပိုကြီးရမယ်လို့ တစ်ဖက်က ပြောထားပြီး၊ အခြားတစ်ဖက်က ကျပြန်တော့ မိန်းမဟာ
မုဆိုးမ ဖြစ်ပြီးရင် အိမ်ထောင် ထပ်ပြုခွင့် မရဘူးလို့ ပညတ်ထားပြန်တယ်။ (
မြန်မာမှာတော့ အဲ့လို စည်းကမ်းကြီး မတင်းကျပ်ပေမယ့် ယောက်ျားလေးရှင်
အားလုံးနီးပါးက မုဆိုးမ၊ တစ်ခုလတ်၊ တစ်လင်ကွာ ဘယ်ဟာမှ မယူချင်ကြဘူး ဆိုတာ
ရှိနေပါတယ်။ ဟုတ်ရဲ့လား မသိ။ ) ဒီလို ကိစ္စမျိုးဟာ ဒီမှာမှ မဟုတ်ပါဘူး။
ဘယ်လူ့ အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှု သမိုင်းမှာ ဖြစ်ဖြစ် ရှိနေခဲ့ကြပါတယ်။
နောက်အိမ်ထောင်ပြုတယ် ဆိုတာလဲ ၂၀ ရာစုနှောင်းပိုင်းမှ ဖြစ်ထွန်း
တိုးတက်လာတဲ့ ကိစ္စသစ် တစ်ရပ် ဖြစ်တယ် ။ တပင်လဲလို့ တစ်ပင်ထူတဲ့
အိမ်ထောင်ရေး စနစ်ကို တိုးတက်တဲ့ နိုင်ငံတွေမှာသာ လက်ခံကျင့်သုံးလာကြတာ
ဖြစ်ပါတယ်။ အထက်က ပြောခဲ့တဲ့ ဆေးပညာသဘောသာ တိတိပပ မှန်ခဲ့ပြီး
ခင်ဗျားတို့ကလည်း ငယ်ရာလေးတွေ ရွေးယူကြမယ် ဆိုရင် ခင်ဗျား တို့ မိန်းမတွေ
အကုန်လုံးက မုဆိုးမ တွေ ဖြစ်မှာ ကျိန်းသေပါတယ်။ ခန့်မှန်းအားဖြင့်တော့
လေးငါးခြောက်နှစ် ၊ ဆယ်နှစ်လောက်အထိတော့ မုဆိုးမ လုပ်ရတော့မှာပဲ။
မိန်းကလေးတွေဟာ ယောက်ျားတွေထက်
အဖျားအနာနည်းတယ်- ခံနိုင်ရည်စွမ်းအား ပိုသာတယ် ဆိုတဲ့ နောက်တစ်ချက်ကိုလည်း
ထပ်စဉ်းစားကြည့်ပါဦး။ တကယ်တမ်း ကမ္ဘာမှာ မိမိ ကိုယ်ကိုယ်
သေကြောင်းကြံစည်သမျှ အရေအတွက် ယှဉ်ရင် အမျိုးသားတွေက အမျိုးသမီးတွေ ထက် ၅၀
ရာခိုင်နှုန်း ပိုများပါတယ်။ ရူးသွပ်တဲ့ရောဂါ ဖြစ်ပွားနှုန်းကလည်း
ဒီအတိုင်းပါပဲ။ ခင်ဗျားတို့ ကျနော်တို့ဟာ အမှန်တကယ် ဖြစ်ရှိနေတဲ့
ဒီအချက်အလက်တွေ အပေါ် စဉ်းစားသင့်ပါတယ်။
ဘယ်လို အကြောင်းတွေကြောင့်လဲ။
ဘာလို့ ယောက်ျားတွေဟာ မိန်းမတွေထက် မိမိ ကိုယ်ကိုယ် သေကြောင်းကြံမှု ပိုများ
ရတာလဲ။ တကယ် စင်စစ် သေကြောင်းကြံတယ် ဆိုတာဟာ မိမိရဲ့ အသက်ရှင်သန်မှု
အပေါ်မှာ စိတ်မရှည်နိုင်တော့လို့ ဖြစ်ပါတယ်။ မိမိရဲ့ မျှော်လင့်ချက် တွေ၊
စောင့်ဆိုင်း နေရတာတွေ အရှိန် အဟုန် လွန်ကဲနေလို့ပဲ။ ကိုယ့်မှာ
မျှော်လင့်ချက်တွေ လွန်ကဲနေအောင် ရှိနေတယ် ဆိုပါစို့။ အဲ့ မျှော်လင့်ချက်
တွေ ဖြစ် မဖြစ်ကို စောင့်ဆိုင်းနေရတယ်။ အဲ့ဒီ စောင့်ဆိုင်းနေရင်းက
မျှော်လင့်ထားသလို ဖြစ်မလာတဲ့အခါ မိမိဘာသာ မိမိတောင် မသိလိုက်ဘဲ -
အားနည်းသွားတယ်။ စိတ် စံနှုန်းနိမ့်ကျ သွားတယ်။ အဲ့ဒါရဲ့ အကျိုးဆက်က -
လွယ်လွယ်ကူကူပဲ ကြေကွဲ ဆို့နင့်သွားပါတယ်။ အဲ့ဒီနောက် သူ့ကိုယ်သူ
အဆုံးစီရင်ဖို့ စတင်တော့တယ်။ ဒီအချက်တွေက သူ့မှာ အသက်ရှင်သန်နေရတဲ့ ပြဿနာ၊
မျှော်လင့်ထားတာတွေ ပုံမပေါ်လာတဲ့အခါ လက်တွေ့ ရင်ဆိုင်ရဲတဲ့ သတ္တိ
မရှိတော့တာကို ဖော်ပြနေတာ မဟုတ်လား ။ ဒါ့ကြောင့် ကိုယ်ကိုယ်ကိုယ်
သတ်သေတာကို သူရဲဘောကြောင်သူတွေရဲ့ လုပ်ရပ်လို့ ပြောတတ်ကြတယ်။ တကယ်လည်း
ဟုတ်ပါတယ်။ အဲ့ဒါက ပြဿနာကို ဖြေရှင်းတာ မဟုတ်ဘူး။ ပြဿနာကနေ ထွက်ပြေးတာ။
ယောင်္ကျားတွေ မိမိကိုယ်ကိုယ်
သေကြောင်းကြံစည်မှု နှုန်း ပိုများနေရတဲ့ အချက်နဲ့ အဲ့ဒီ ထွက်ပြေးရတဲ့ အချက်
ကို ယှဉ်ထိုးကြည့်ရင် စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ သူနိမ့်တယ်။ ငါသာတယ်ဆိုတဲ့
အတွေးအခေါ်ဟာ လွဲမှားနေကြောင်း သိလာနိုင်ပါတယ်။ တကယ်တမ်းမှာက မိန်းမတွေ
ရင်ဆိုင်ရတဲ့ ပြဿနာက ပိုပြီးများပါတယ်။ မိန်းမတွေက သူတို့ကိုယ်တိုင်ရဲ့
ပြဿနာ ကိုလည်း ဖြေရှင်းနေရသလို၊ ယောက်ျား က ပေးလာတဲ့ ပြဿနာတွေ ကိုလည်း
ဖြေရှင်းနေရတယ်။ အဲ့အခါ သူ့ဆီမှာ ပြဿနာက နှစ်ဆမက များပြားသွားပါတယ်။
ဒါပေမယ့် သူဟာ ဖြစ်တဲ့နည်းနဲ့ ရဲရဲရင့်ရင့် ဖြေရှင်းနေတာပဲ မဟုတ်လား။
ဒီကြားထဲကနေ ခင်ဗျားက သူ့ကို အားနွဲ့သူပါကွာလို့ တစိုက်မတ်မတ်
နှိမ်ချနေဦးမလား။
နောက်ပြီး ရူးသွပ်သွားတဲ့
ယောက်ျား ဦးရေဟာ မိန်းမဦးရေထက် ဘာကြောင့် နှစ်ဆ များနေရသလဲ။ ဒီအချက်ဟာ
ယောင်္ကျားတွေ ဥာဏ်ရည်သာလွန်ပါတယ်၊ ထူးချွန်ထက်မြက်ပါတယ် ဆိုတဲ့ ခံယူချက်ကို
မခိုင်မာကြောင်း ပြလိုက်တာပဲ မဟုတ်လား။ ဒါနဲ့တောင် အခုလို ယောင်္ကျားက
မိန်းမထက် သာလွန်ပါတယ် ဆိုတဲ့ စကားတွေ၊ အယူအဆတွေနဲ့ ဘာလို့
တင်းခံနေကြရတာလဲ။ ဒီလို အရှင်းသား မြင်နိုင်တဲ့ အချက်တွေမှာ အဲ့လို
တင်းခံနေရင် ခင်ဗျား ယောက်ျားဖြစ်ပြီး မရှက်ဘူးလားလို့ မေးရမလို
ဖြစ်နေပါတယ်။
...................................................
အိုရှိုးပြောတဲ့ ဟင်းလင်းပြင် မှ တစ်ခန်းကို မှီးပါသည်။
....................................................
No comments:
Post a Comment