သူ့ခေါင်းမှာတဲ့သပြေညို၊ ငါ့ခေါင်းမှာတဲ့သပြေညို
သပြေညိုရွှေဘိုပန်းဟာက၊ လန်းလျက်ပါကို။
မြန်မာပြည်နိုင်ငံရေးလှုပ်ရှားမှုသမိုင်းမှာ သပြေညိုလှုင်းတွေ ရိုက်ခတ်ခဲ့တဲ့ အကြိမ်တွေမနည်းတော့ ပါပြီ။
တိုင်းတစ်ပါးနယ်ချဲ့အုပ်စိုးမှုအောက် ကိုလိုဘ၀ကလွတ်မြောက်ရေး
လှုပ်ရှားမှုကာလမှာ ဗြိတိသျှ နယ်ချဲ့ အစိုးရကို တိုက်ပွဲဝင်သူတိုင်းရဲ့
ရည်မှန်းချက်ပန်းတိုင်က မြန်မာပြည်လွတ်လပ်ရေးရဖို့ပါပဲ။ လွတ်လပ်ပြီး နောက်
မြန်မာပြည်ကို ခေတ်မီတိုးတက်အောင် ဘယ်စနစ်နဲ့ ဘယ်နည်းဘယ်ပုံ
ဖွဲ့စည်းထူထောင်ကြမယ်ဆိုတဲ့ အမြင်တွေမတူညီကြပေမယ့် လွတ်လပ်ရေးရဖို့
ကြိုးပမ်းဆောင်ရွက်ကြရာမှာ ဘုံရည်မှန်းချက် တူညီခဲ့ပါတယ်။
သို့ပေမယ့် လွတ်လပ်ရေး အကြိုသဘောတူညီချက်ဖြစ်တဲ့ အောင်ဆန်း-အက်တလီစာချုပ်
ချုပ်ဆိုချိန် မှာတော့ နှစ်ပေါင်းများစွာအသံညီခဲ့တဲ့ “လွတ်လပ်ရေး”ဆိုတဲ့
ဝေါဟာရအပေါ်မှာ ၀ိဝါဒတွေ သိသိသာသာ ကွဲပြားလာပါ တယ်။ အဓိပ္ပါယ်သတ်မှတ်ချက်တွေ
ခြားနားလာခဲ့ပါတယ်။ ယနေ့ထက်တိုင် မြန်မာ့ နိုင်ငံရေးအင်အားစုတွေ အကြားမှာ
၁၉၄၈ ခုနှစ်က ရယူခဲ့တဲ့ လွတ်လပ်ရေးဟာ မြန်မာပြည်သူတွေအတွက်
ခေတ်သစ်နိုင်ငံထူထောင်ဖို့ ထိုက်တန်တဲ့လွတ်လပ်ရေး၊ စစ်မှန်တဲ့လွတ်လပ်ရေး
ဟုတ်မဟုတ် ကွဲလွဲမှုတွေရှိ နေကြဆဲ။ ပြည်သူအတွက် လုပ်ဆောင်ပါတယ်ဆိုတဲ့
နိုင်ငံရေးအုပ်စုတွေအကြား မသင့်မမြတ်မှုဒဏ်ကို ပြည်သူတွေခါးစည်း
ခံနေရတုန်းပါ။
၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီတက်လာတဲ့
အခါမှာလည်း “ဆိုရှယ်လစ်သပြေညို” တစခန်းထ နေရာယူလာပြန်ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်တွေက အနာဂတ်မြန်မာနိုင်ငံကို သာယာဝပြောသော
ဆိုရှယ်လစ်လူ့ဘောင်ဆီ အရောက်ချီတက်မယ်လို့ ကြွေးကြော်ကြသလို
ဖဆပလအစိုးရလက်ထက် အကြီး မားဆုံး အတိုက်အခံအင်အားစုဖြစ်တဲ့
ပမညတတပ်ပေါင်းစုအတွင်းမှ လက်ဝဲအင်အားစုများကလည်း ဆိုရှယ်လစ်ကြွေးကြော်သံကို
ထောက်ခံခဲ့ကြပါတယ်။ သာတူညီမျှဆိုရှယ်လစ်စနစ် အောင်ပွဲခံဖို့ နှစ်ရှည်လများ
လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့ တောတွင်းကွန်မြူနစ်များနဲ့ပါ
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်ခဲ့ပါတယ်။ ကျနော်တို့
ငယ်ငယ်မူလတန်းကျောင်းသားဘ၀မှာ “ဆိုရှယ်လစ်ဘောင်လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား” လို့တောင် ရွတ်ဆိုခဲ့ရသေးတာ။
ဆိုရှယ်လစ် မျက်နှာဖုံးစွပ်တာချင်းတူပေမယ့် ဖော်ဆောင်လိုတဲ့
အနှစ်သာရချင်းတော့ မတူညီကြပါ။ အကြမ်းဖျင်းဆိုရလျင်
ကွန်မြူနစ်ပါတီမျှော်မှန်းတာက ပစ္စည်းမဲ့အာဏာရှင် ဆိုရှယ်လစ်၊
မြေပေါ်လက်ဝဲခေါင်း ဆောင်တွေ ရည်သန်တာက ဒီမိုကရက်တစ် ဆိုရှယ်လစ်၊
စစ်ခေါင်းဆောင်တွေ ဦးတည်တာက မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ်။
ဂျာမန်တွေးခေါ်ပညာရှင်ကြီး မွေးထုတ်လိုက်တဲ့ ဆိုရှယ်လစ်သမီးပျိုကို
သူတစ်မျိုး ကိုယ်တစ်ဖုံ သုံးရောက်ခြယ် ရုပ်လုံးဖော်ခဲ့ကြပါတယ်။
နောက်ဆုံးမှာတော့ ပြိုင်ပွဲတို့ရဲ့ အခိုင်အမာ ဥပဒေသအတိုင်း Institution
အားအကောင်းဆုံးဖြစ်တဲ့ စစ်ခေါင်းဆောင်အစုက ယာယီအသာစီးရခဲ့ပြီး ၂၆
နှစ်အကြာမှာ ကမ္ဘာ့ဆိုရှယ်လစ်တို့ရဲ့ နေ၀င်ချိန်ကံကြမ္မာနဲ့ အတူ
မြန်မာပြည်မှာလည်း ဆိုရှယ်လစ်အသံတွေ တိမ်မြုပ်ပျောက်ကွယ်သွားခဲ့ရပါတယ်။
၁၉၈၈ လူထုအုံကြွမှု နိုင်ငံရေးမုန်တိုင်းကြီး မြန်မာပြည်မှာ
တိုက်ခတ်ပြီးတဲ့နောက်ပိုင်း ကမ္ဘာ့အခင်း အကျင်းမှာလည်း ကြီးမားလှတဲ့
အချိုးအကွေ့အပြောင်းအလဲကြီးနဲ့ ကြုံကြိုက်ခဲ့ရပါတယ်။ အမေရိကန်ဦးဆောင် တဲ့
လစ်ဘရယ်ဝါဒနဲ့ ဆိုဗီယက်ဦးဆောင်တဲ့ ဆိုရှယ်လစ်ဝါဒတို့
ကမ္ဘာ့မြေပြင်ကိုလွှမ်းမိုးဖို့ နှစ်ပေါင်း ၅၀ နီးပါး
သူနိုင်ကိုယ်နိုင်အပြိုင်ကြဲခဲ့တဲ့ စစ်အေးတိုက်ပွဲကြီးဟာ
ဘာလင်တံတိုင်းပြိုကျမှု၊ ဆိုဗီယက်အင်ပါယာပြိုကွဲမှု ဖြစ်စဉ်တို့နဲ့အတူ
အဆုံးသတ်ခဲ့ရပါတယ်။
အဲဒီအချိန်မှာ ဆိုရှယ်လစ်(ဆိုရှယ်လိမ်)
စနစ်ကျင့်သုံးခဲ့တဲ့မြန်မာပြည်ဟာ ကမ္ဘာ့အဆင်းရဲဆုံးတိုင်းပြည်
တစ်ခုအဖြစ်နဲ့ သမိုင်းမှတ်တိုင်စိုက်ထူခဲ့ရပါတယ်။
ဝမ်းနည်းကြေကွဲစရာကောင်းလှပါတယ်။
၂၆ နှစ်လုံးလုံး
ပါတီကောင်စီ ဗျူရိုကရက်တွေရဲ့ ဆိုရှယ်လစ်စမ်းသပ်ကွက်ထဲမှာ အခြေပျက်အနေပျက်
ဖြစ်ခဲ့ရတဲ့၊ ဘ၀တွေပါအဖတ်ဆယ်မရအောင် ရေစုံမျောခဲ့ရတဲ့ မြန်မာပြည်သူလူထု
သည်းခံနိုင်မှုအတိုင်းအတာ ကုန်ဆုံးချိန်၊ အာဏာပိုင်တွေကိုယ်တိုင်
ကိုယ်ဖော်တဲ့ဆေးဥပါဒ်ပေးနေတာကို မဖုံးသာမဖိသာ မလိမ့်တပတ် ၀န်ခံနေရချိန်မှာ
လူထုကို ရစ်ပတ်နှောင်တဲထားတဲ့ သံကြိုးကွင်းတွေ တစ်ဆစ်ချင်းပြုတ်ထွက်သွားကာ
8888 လူထုအုံကြွမှုကြီး ပေါ်ပေါက်လာရတာပါ။
ကျနော်မှတ်မိသလောက် ပြောရရင် ၁၉၈၈ စက်တင်ဘာ ၁၂ ရက်နေ့ထင်ပါတယ်၊ အဲဒီနေ့မှာ
ရန်ကုန် မြို့တွင်းလမ်းမကြီးတွေရော လမ်းသွယ်တွေပါ
ဆန္ဒပြပြည်သူတွေနဲ့ပြည့်ကျပ်နေပါတယ်။ မော်တင်၊ကီလီဘက်မှ ချီတက်လာတဲ့
လူထုစစ်ကြောင်းတစ်ခုက“မဆလ(၂၆)နှစ်” လို့စာတန်းထိုးထားတဲ့ အခေါင်းကြီးတစ်ခု
ထမ်းလာပြီး လမ်း(၃၀)နားအရောက်၊ ကမ်းနားလမ်းပေါ်မှာ မီးသင်္ဂြိုလ်လိုက်ပါတယ်။
အဲဒီနေ့ဟာ မြန်မာ့ ဆိုရှယ်လစ်စနစ် နိဋ္ဌိတံတဲ့နေ့ပဲလို့
ကျနော်သတ်မှတ်ချင်ပါတယ်။
အဲဒီနောက်ပိုင်းကစပြီး
လူတွေရဲ့ပါးစပ်ဖျားမှာ“ဒီမိုကရေစီ” ဆိုတဲ့ဝေါဟာရတစ်ခု ခေတ်စားလာတာ
ယနေ့တိုင်ပါပဲ။ ဒါကို “သပြေညိုတတိယလှိုင်း” လို့တင်စားကြည့်ရင်
ကောင်းမလားလို့တွေးမိပါတယ်။
ဖရန်စစ်ဖူကူယားမားရဲ့
သမိုင်းနိဂုံးအဆိုအရတော့ စစ်အေးခေတ်လွန်ကာလမှာ အောင်ပန်းဆင်အနိုင်
ယူလိုက်တာက အနောက်တိုင်းကို ကိုယ်စားပြုတဲ့ “လစ်ဘရယ်ဒီမိုကရေစီ”
လို့ဆိုပါတယ်။ လူတစ်ဦးချင်းရဲ့ လွတ်လပ်မှု၊ပိုင်ဆိုင်မှုနဲ့
စွမ်းဆောင်ရည်တွေကို အာမခံချက်ရှိရှိ အသိအမှတ်ပြုတဲ့
ဒီမိုကရေစီအုပ်ချုပ်ရေးပုံစံ လို့ နားလည်မိပါတယ်။
ဒီနေရာမှာ “လစ်ဘရယ်ဝါဒ”ကို မနှစ်သက်သူတွေက “လစ်ဘရယ်ဝါဒ” ဆိုတာ
အလွန်အကျွံကိုယ်ကျိုး ကြည့်ဝါဒ၊ တစ်ကိုယ်ကောင်းဝါဒ အဖြစ်သတ်မှတ်ပြီး
လူ့အဖွဲ့အစည်းမှာ လက်ခံကျင့်သုံးဖို့ ငြင်းဆိုကြပါတယ်။
ကျနော်လေ့လာမိသလောက် တင်ပြရမယ်ဆိုရင် “ခေတ်သစ်အမြင်အရ လစ်ဘရယ်ဝါဒဟာ
လူပုဂ္ဂိုလ် တစ်ဦးချင်းရဲ့ လွတ်လပ်မှုကို ကျင့်သုံးတယ်ဆိုရာမှာ
လူ့အဖွဲ့အစည်းနဲ့ သဟဇာတဖြစ်မယ့် လွတ်လပ်မှုမျိုးကို သာ တောင်းဆိုသောဝါဒ
ဖြစ်တယ်” လို့ဆိုထားပါတယ်။ တစ်ခါ လစ်ဘရယ်ဝါဒဟာ လူပုဂ္ဂိုလ်တစ်ဦးချင်းအပေါ်
အခြေခံတဲ့ဝါဒ(Individualism)ဖြစ်တဲ့အတွက် Individualism
နဲ့ပတ်သက်ပြီးတော့လည်း “ Individualism ဟာ တစ်ဘက်သတ်ကိုယ်ကျိုးကြည့်ဝါဒ
မဟုတ်၊ လူ့အခြေခံပိုင်ခွင့်များဘက်မှ ရပ်တည်ထားသလို၊ တစ်ဦးချင်း တာဝန်ယူမှု
(Self responsibility) ကိုအလေးထားသော အယူအဆဖြစ်တယ်” လို့
ဖွင့်ဆိုရှင်းပြထားပါတယ်။
ခုချိန်မှာ
ကျနော်တို့လူ့အဖွဲ့အစည်းမှာရှိတဲ့ နိုင်ငံရေးအင်အားစုတွေအကြားမှာ
လွတ်လပ်ရေး၊ ဆိုရှယ်လစ်ရေးတွေမှာတုန်းကလိုပဲ “ဒီမိုကရေစီ”
သရုပ်ခွဲပွဲကြီးကို ဆူဆူညံညံငြင်းခုံနေကြပြန်ပါပြီ။ လွန်ခဲ့တဲ့ ၁၀
နှစ်လောက်ကတည်းက အစိုးရခေါင်းဆောင်တွေ ပါးစပ်ဖျားမှာရော
အစိုးရပိုင်သတင်းမီဒီယာတွေမှာပါ ဒေါ်အောင်ဆန်းစုကြည်ဟာ
အနောက်နိုင်ငံတွေမှာကျင့်သုံးတဲ့ လစ်ဘရယ်ဒီမိုကရေစီကို ယုံကြည်သူဖြစ်တာမို့
မြန်မာ့နိုင်ငံရေးဖြစ်စဉ်နဲ့ မကိုက်ညီဘူးလို့ ပြောဆိုရေးသားခဲ့တာတွေ
ရှိခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေါ်စု ဘက်မှ တုန့်ပြန်ချေပမှု ရှိတယ်လို့
ယနေ့တိုင် မကြားမိပါ။ ပြီးခဲ့တဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲမှာလည်း
နိုင်ငံတော် သမ္မတကြီးက သတင်းထောက်တွေကိုပြောကြားရာမှာ
အနောက်နိုင်ငံတွေမှာကျင့်သုံးတဲ့ ဒီမိုကရေစီ နဲ့ တစ်ထပ်တည်းကျတဲ့
ဒီမိုကရေစီပုံစံမျိုး မြန်မာပြည်မှာ ကျင့်သုံးလို့မရနိုင်ကြောင်း
ပြောသွားပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူ့အုပ်ချုပ်ရေးဆိုတာ
ခေါင်းဆောင်တစ်ယောက်ရဲ့ ပါးစပ်ကပြောတဲ့အတိုင်း အတည် ဖြစ်စေသတည်းမှ မဟုတ်တာ။
သူတို့ပြဌာန်းလို့ရတာမှ မဟုတ်တာ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်လည်မှတ်ပုံတင်
ရွေးကောက်ပွဲဝင်ပြီးတဲ့နောက် တရားဥပဒေစိုးမိုးရေး ပြည်တွင်းငြိမ်းချမ်းရေး၊
၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေထဲက နိုင်ငံကိုအကျိုးပေးတယ်လို့
မမြင်တဲ့ အချက်တွေ ပြုပြင်ပြောင်းလဲနိုင်ရေးစတာတွေကို
အဓိကထားကြိုးပမ်းသွားမယ်လို့ သိရပါတယ်။ ဒီမိုကရေစီစနစ်
အပြည့်အ၀မကျင့်သုံးနိုင်ခင်မှာ ဒီမိုကရေစီကို ခိုင်မာအားကောင်းစေမယ့်
ရေခံမြေခံတွေကို အုတ်မြစ်ချတည်ဆောက်တာလို့ သဘောပေါက်မိပါတယ်။ လတ်တလောမှာ
အလုပ်မဖြစ်နိုင်သေးတဲ့ ဒီမိုကရေစီပုံစံတွေ၊ စံနှုန်းတွေကို အချိန်ကုန်ခံ
ဆွေးနွေးငြင်းခုံမနေတော့ဘဲ ဒီမိုကရေစီစနစ်ကိုအကျိုးပြုနိုင်မယ့် လက်တွေ့
လုပ်ဆောင်ချက်တွေနဲ့သာ အစပျိုးလုပ်ဆောင်ဖို့ ဒေါ်စုဆုံးဖြတ်လိုက်တာ
ဖြစ်ပုံရပါတယ်။
လက်ရှိမှာ ဒေါ်စုဟာ
ဖြစ်ပေါ်လာတဲ့အခြေအနေပေါ်မူတည်ပြီး လက်တွေ့အကျဆုံးအလုပ်တွေကို
လုပ်ဆောင်နေတယ်၊ ခုလိုလုပ်ဆောင်နိုင်တဲ့ပါဝါကိုလည်း ဒေါ်စုတစ်ယောက်သာ
ပိုင်ဆိုင်ထားတယ်ဆိုတာကို ကျနော်တို့ မေ့မထားအပ်ပါဘူး။
ကျနော်တို့အားလုံး ရည်မှန်းထားတဲ့ ဒီမိုကရေစီသပြေညိုအောင်ပန်းဆီကို
အရောက်လှမ်းနိုင်ဖို့ နိုင်ငံရေးအင်အားစုတွေ
အပြိုင်ကြိုးစားပုံဖော်နေကြဆဲပါ။ ဒီကာလအတွင်းမှာ ကြုံတွေ့လာရမယ့် အခက်အခဲ
စိမ်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွှားနိုင်ရေးအတွက် ဒီမိုကရက်တစ်အင်အားစုတွေ
စုစုစည်းစည်းနဲ့ ကျစ်လစ် ခိုင်မာအားကောင်းဖို့၊ ပြည်သူလူထုကြီး
တခဲနက်ညီညွှတ်ကြဖို့၊ ဖြစ်လာနိုင်ခြေရှိတဲ့ အန္တရာယ်တွေကို မပြတ်
သတိရှိကြဖို့၊ အတိတ်ကအမှားတွေကို သင်ခန်းစာယူဆင်ခြင်နိုင်ကြဖို့၊
ခေါင်းဆောင်နဲ့နောက်လိုက်ပြည်သူလူထု အဆက်အစပ်ရှိနေဖို့ လိုအပ်မယ်လို့
ယူဆမိပါတယ်။ ဒါမှသာ ကိုယ်ဦးတည်ထားတဲ့ လမ်းကြောင်းကို မတိမ်း မစောင်းအောင်
တည့်မတ်ထိန်းကျောင်းသွားနိုင်ကြမှာပါ။
ဒီမိုကရေစီစနစ်ဆိုတာ “ပြည်သူ့အုပ်ချုပ်ရေး” ဖြစ်တာမို့
ပြည်သူလူထုရဲ့ပိုင်ခွင့်တွေကို အကာအကွယ် ပြုမယ့် တရားဥပဒေစိုးမိုးရေးနဲ့
ဘက်လိုက်မှုကင်းပြီး လွတ်လပ်တဲ့ တရားစီရင်ရေးစနစ်ရှင်သန်ထွန်းကားဖို့၊
ပြည်သူတစ်ရပ်လုံး စိုးရိမ်ကြောင့်ကြကင်းစွာ အသက်မွေးဝမ်းကြောင်းပြုနိုင်တဲ့
အခြေအနေတွေရှိဖို့ လိုအပ်နေတာအမှန်ပါပဲ။
ပြည်သူလူထုရဲ့
ဘ၀နေထိုင်မှုအဆင့်နဲ့ လုံခြုံစိတ်ချရမှု အတိုင်းအတာတစ်ခုထိမြင့်တက်
သွားပြီဆိုရင် ပြည်သူလူထုကိုယ်တိုင်က သူတို့ဘ၀နဲ့ အံဝင်ဂွင်ကျဖြစ်မယ့်
ဒီမိုကရေစီပုံစံကို ဖော်ထုတ်ကျင့်သုံးနိုင်တဲ့
အင်အားအခြေခံကိုရလာပါလိမ့်မယ်။
အဲဒီအချိန်ကျရင် လူထုခေါင်းဆောင်ရဲ့
ဦးဆောင်မှုအောက်မှာ ကျနော်တို့ပြည်သူတွေ စုစည်းညီညွှတ် စွာ
လိုက်ပါအောင်ပွဲခံနိုင်မယ်လို့ စွဲစွဲမြဲမြဲယုံကြည်မိပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အောင်မြင်ပါစေ။
ဝေမော်
၂၇ နိုဝင်ဘာ ၂၀၁၁
No comments:
Post a Comment