Friday, October 28, 2011

ကိုယ်ကျိုးရှာ NGO သတိထား


ဇိုဇမ်

မြန်မာပြည်တွင် NGOလုပ်ငန်းများ သိသိသာသာထွန်ုးကားလာသည်မှာ ၁၉၉၀ ကျော်နောက်ပိုင်းမှ ဖြစ်သည်ဟု ရေးလျှင်မှားမည်မထင်ပါ။ စာရေးသူကိုယ်တိုင် အထင်ကရINGOကြီးတစ်ခု၌ ၁၉၉၈ ခုနစ်တွင် စတင်ဝင်ရောက် အလုပ်လုပ်ပြီး ၂၀၀၉ ခုနစ်တွင် အငြိမ်းစားယူခဲ့ပါသည်။ အဖွဲ့အစည်း၏ စီမံချက်အရာရှိ တစ်ဦးနေဖြင့်NGOများ ၏ အတွင်းရေး၊ အပြင်ရေးများတစ်ချို့ သိသင်သိထိုက်သည်များကို သိရှိလေ့လာ ခဲ့ပါသည်။ ဆယ်နှစ်ကျော်ကြာ ခဲ့သည့်ကာလအတွင်း တွေ့ကြုံခဲ့သော NGOအတွေ့အကြုံများကို အများပြည်သူသိရှိစေလိုသည့် အာသီသပြင်း ထန်နေခဲ့ရာ  အခုလိုအချိန်အခါအခြေအနေမျိုး၌ အခွင့်အခါကြုံလာခဲ့ပါသည်။
          NGO (Non Governmental Organization)ကို မြန်မာလိုပြန်ဆိုရာ၌ ကျွန်တော်တို့က အစိုးရမဟုတ် သောအဖွဲ့အစည်း(သို့)အစိုးရနှင့်မသက်ဆိုင်သော အဖွဲ့အစည်းဟူ၍ ဘာသာပြန်ကြပါသည်။ဆိုလိုသည်မှာ အစိုးရ၏ တိုက်ရိုက်အထိန်းအကွပ်၊ အစီအမံနှင့် ကင်းလွှတ်သည့်သဘော သက်ရောက်ပါသည်။ ဤအခေါ်အ ဝေါ်ကပင် ထူးဆန်းနေ၍ စိတ်ဝင်စားစရာကောင်းပါသည်။  အထူးသဖြင့် INGOဟုခေါ်သော အပြည်ပြည်ဆိုင် ရာ(နိုင်ငံခြားသား ဦးဆောင်သည့်)NGOများအနေဖြင့် သက်ဆိုင်ရာအစိုးရ၏ အထိန်းအကွပ်အောက်ကနေ တတ်နိုင်သလောက် ရုန်းထွက်နိုင်ရန် ကြိုးပမ်းလေ့ရှိကြပါသည်။ သို့ရာတွင် အစိုးရနှင့် နှစ်ဦးသဘောတူ နား လည်မှု စာချွန်လွှာ(MOU)ကိစ္စကိုတော့ လွန်ဆန်၍ မရနိုင်ကြပါ။ MOUတွင်ပါရှိသော အချက်အလက်များကို လိုက်နာကျင့်သုံးရပါသည်။ MOUတွင်ပါရှိသော အချက်အလက်များ၊ စည်းကမ်းများကို တန်ဖိုးထားရပါသည်။ 

          INGO၏ အဓိကတွင်တွင်ကြီးပြောလေ့ရှိသည့် စကားလုံးမှာ Democratization ပင်ဖြစ်သည်။ မြန်မာ ပြည်၌ဒီမိုကရေစီစနစ်ထွန်းကားရေး ဟူ၍ဖြစ်ပါသည်။ ရည်မှန်းချက်(Vission)နှင့် လုပ်ဆောင်ချက် (Mission) များကိုကြီးကြီးကျယ်ကျယ်ချမှတ်၍ ရုံးအဝင်၌ ဆိုင်းဘုတ်ထောင်လေ့ရှိကြသည်။ အလှူရှင်(Donor)များ၏  ကျေနပ်မှုကို ပထမဦးစားပေးမည်ဟု ကြွေးကြော်ကာ ဝန်ထမ်းများအား ‘Donor is King’ ဟုခြိမ်းခြောက်သွန် သင်သည်။ သူတို့ကိုသူတို့ ကယ်တင်ရှင်ကြီးများသဖွယ်ပင် သတ်မှတ်သည်မှာလည်းရှိပါသည်။မြန်မာပြည် ဝန် ထမ်း၊ အလုပ်သမားမျးကို သူတို့၏ကူလီ၊ အခိုင်အဖတ်များ သဖွယ်ဆက်ဆံတတ်သည်မှာ ခေါက်ရိုးကျိုးနေပါပြီ။ INGO၌ အလုပ်လုပ်ကိုင်ဖူးသည့်လူတိုင်းသိနေကြပါသည်။ သို့ရာတွင် ‘ကြီးတော်’(ဒေါ်လာ)မျက်နှာကြောင့် နှင့် ဝမ်းရေးအခက်အခဲကြောင့် ‘မချစ်သော်လည်း အောက်ကာနမ်း’ နေကြရပါသည်။ အချိန်မတန်ဘဲလျက် နေအိမ် ပြန်သွားရသည့် ဝန်ထမ်းအကြီးအငယ် အမြောက်အမြားရှိနေပါသည်။ လုပ်ခ လစာတိုးပေးရန်အတွက် တောင်း ဆိုမိသောကြောင့် အလုပ်ပြုတ်၊ နယ်နှင်ခံရသည်လည်းမနည်းလှပေ။ ခြုံ၍ပြောရမည်ဆိုပါက  မိမိတို့ဝန်ထမ်း နိုင်ငံသားများ၏နစ်နာနေသော ဆိုးကျိုးများအတွက် မည်သူကိုတိုင်၍ မည်သူနှင့်ဆွေးနွေးရမည်ကိုပင် မသိကြ သည့်အခြေအနေတွင် ရှိနေကြပါသည်။ သိဖြစ်၍သတိပြု ဆင်ချင်နိုင်ကြစေရန် မျှော်ကိုး၍ အတွေးအကြုံများကို ဆွေးနွေးတင်ပြလိုက်ပါသည်။

(က)ဌာနေကိုယ်စလှယ်(Country Represantative)၏သဘော
          အဖွဲ့အစည်းကိုဦးဆောင်ရန် တာဝန်ပေးခြင်းခံရသူကို ဌာနေကိုယ်စလှယ်C.R ဟူ၍ ခေါ်ဝေါ်ကြပါသည်။
နိုင်ငံခြားသားဖြစ်သည်။ ဌာနချုပ်မှ နေရာချတာဝန်ပေးထားသူဖြစ်၍ သူ၏လုပ်ငန်းတာဝန်အတိအကျကို မည်သူ မျှ မသိရပါ။ မေး၍လည်းမရ။ သေချာနေသည်မှာ နိုင်ငံတစ်နိုင်ငံ၌ အများဆုံး သုံးလေးနှစ်သာနေ၍ တစ်ခြားတ နိုင်ငံသို့ပြောင်းရွေ့သွားရပါသည်။ လူတစ်ကိုယ် ဝါသနာတစ်မျိုးဟု ပြောစမှတ်ပြုသည့်အတိုင်း C.R တစ်ဦးနှင့်တ ဦး ဝါသနာ၊ အကျင့်၊ သဘောထားချင်း မတူကြပါ။ သူတို့နှင့် အနီးကပ်ပေါင်းကြည့်သည့်အခါ တူညီသည့်အယူ အဆ၊ ဘက်လိုက်သည့် ဝသီတစ်ခုတော့ရှိနေတတ်ကြမှန်း သတိထားမိပါသည်။ မြန်မာနိုင်ငံရေး၌ စပ်စုတတ် ကြခြင်း၊နားလည်သဘောမပေါက် ဟန်ဆောင်တတ်ခြင်းပင်။ တချို့ C.R များသည် မြန်မာနိုင်ငံ၊ မြန်မာဝန်ထမ်း များ အပေါ်တွင်စေတနာတကယ်ထားတတ်သော်လည်း တချို့မူကာ စိတ်ညစ်လောက်အောင် အကျင့်ယုတ်၊ အပြေအဆို၊ အနေအထိုင်ကြမ်းတတ်ပါသည်။ စာရေးသူကိုယ်တိုင် ကြုံဆုံဖူးသည့် အဖြစ်အပျက်ကလေးတစ်ခု ရှိပါသည်။ C.Rအသစ်ရောက်ရှိလာသည့် ကြိုဆိုနှုတ်ဆက်ဧည့်ခံပွဲတစ်ခု၌ဖြစ်သည်။ C.Rအသစ်သည် ညစာစား ပွဲသို့ အချိန်နောက်ကျပြီးမှ ဝင်ရောက်လာပါသည်။ အဖွဲ့အစည်းဝင်လူကြီးများ(စာရေးသူအပါ)တိုက်ပုံအင်္ကျီ၊ရိုး ရာပုဆိုးနှင့် စနစ်တကျ၊ ပွဲနေပွဲထိုင်ဝတ်စားဆင်ရင်လျှက် စောင့်ကြိုနေကြပါသည်။ C.Rဝင်လာသည်ကို မည်သူ မှဂရုမပြုမိကြဘဲ တီရှပ်လေးတစ်ထည်၊ဂျင်းဘောင်းဘီ ဖင်ကျပ်နှင့် ဆံပင်ဘုတ်သိုက်၊ နှုတ်ခမ်းမွေးကားကားနှင့် လူတစ်ယောက်စင်ထိပ်က မိုက်ကရိုဖုန်း လာကိုင်တော့မှ ‘ငါတို့C.Rအသစ်က ဒါလား’ ဆိုပြီး အံ့သြမှင်တတ်ခဲ့ ကြရပါသည်။ C.R ၏ဝတ်စားဆင်ရင်မှုကိုတော့ခွင့်လွှတ်နိုင်ပါသည်။ ထူးဆန်းသည်မှာ သူ၏ ပထမဆုံးမိတ် ဆက်စကားပြောရာ၌ ‘ကျွန်တော် ထိုင်း၊ လာအို နှင့် ကမ္ဘောဒီးယား သုံးနိုင်ငံမှာ အလုပ်လုပ်ခဲ့ပါတယ်။ ဝန်ထမ်း စုစုပေါင်း ၃၆ ယောက်အလုပ်ဖြုတ်ခဲ့ပါတယ်။’ ဆိုပြီး မဆီမဆိုင်ခြိမ်းခြောက်သလိုလို ခနဲ့သလိုလိုနှင့် ပြော လိုက်သည့်စကား ပင်ဖြစ်သည်။  ထိုပွဲ၌စာရေးသူသည် စိတ်မရှည်နိုင်တော့သည်ဖြစ်၍ ညစာမစားတော့ဘဲ အိမ် သို့ ထပြန်ခဲ့ပါသည်။  ဆိုလိုသည်မှာ သဘော မနောကောင်းသည့် C.R ရှိတတ်သော်လည်း ရူးကြောင်မူးကြောင် ပြောဆိုနေထိုင်တတ်ကြသော C.R များကြောင့် ဝန်ထမ်းများ ဒုက္ခ လှလှကြီးရောက်တတ်ကြပါသည်။ 

          တစ်ချို့ C.R များကိုတော့ ကျွန်တော် သံသယရှိပါသည်။ မည်သည့်နိုင်ငံက လွတ်လိုက်သည့် အေးဂျင်း ဖြစ်နိုင်သည် စသည်ဖြစ်သို့လော သို့လောတွေးမိတတ်ကြသည်။  ထင်မည်ဆိုကလဲ ထင်စရာပင်။သူနှင့်မဆိုင် မ ပတ်သက်သည့် ကျွန်တော်တို့ပြည်တွင်းရေး ကိစ္စများ၌ တတ်ကြွစွာရှိနေတတ်ခြင်းသည်က လွန်လွန်းသည်။   များကို မြန်မာပြည်၌ ဘုရင်လေးတစ်ပါးလို တိုက်နှင့် ကားနှင့် ခြံစောင့်မာလီ၊ ထမင်းချက် တာတီတို့နှင့် ထားပေးရပါသည်။ ဝန်ထမ်း အကြီး၊အငယ်အားလုံးက သူ့အလို သူ့ဆန္ဒအတိုင်းအလျှင်အမြန်ဖြည့်ဆည်းပေးရ သည်။ ဒုက္ခအကြီးဆုံးရောက်တတ်သူက အဖွဲ့အစည်း၏ ရုံးအုပ်ကြီး။ သူမွေးထားသည့်ကြောင်ကို သူအလိုလိုက် ထားသည့်ခွေးက ကိုက်၍ ဆေးရုံပို့ရသည့် ကိစ္စမျိုးအစ သူခြံရှေ့တိုက်က ကက်ဆက်သံ ဆူညံစွာဖွင့်၍ တောင်း ပန်ပေးရသည့်အဆုံး လက်မလည်နိုင်အောင် ရုံးအုပ်ခမျာပြေးနေရတတ်ပါသည်။ မည်သို့ပင်ဆိုစေကာမူ အဖွဲ့အ စည်း၏ လုပ်ငန်း၊ ဘတ်ဂျက်အားလုံးသည် ဌာနေကိုယ်စလှယ် C.R တစ်ဦးတည်း၏သဘောအတိုင်းစီမံခန့်ခွဲ၊ ဖြုန်းတီးခွင့်ပေးထားသောကြောင့် မိမိဝန်ထမ်းများသည် ကိုယ်နှင့်မဆိုင်သကဲ့သို့ပင် ကြည့်နေရပါတော့သည်။  ပြောစမှတ်ပြုစရာကြီးဖြစ်နေရသည်မှာ  C.R တိုင်းလိုလိုနေရပ်သို့ ပြန်သွားသည့်အခါ မြန်မာပြည်က ပစ္စည်းများ
ကွန်တိန်နာနဲ့ အပြည့်တင်ဆောင်ကာ အိမ်ပြန်လေ့ရှိကြခြင်းပင်တည်း။

(ခ)ဝန်ထမ်းများအပေါ် သဘောထားနှင့်အမြင်
          NGO/INGO အများစုသည် ချမ်းသာကြွယ်ဝသည့် အလှူရှင် နိုင်ငံများ၏ လူမှုဝန်ဆောင်မှုလုပ်ငန်းအ တွက်အကျိုးဆောင်ပေးကြရပါသည်။ သိဖြစ်၍မိမိတို့အထင်မကြီးဘဲ သံသယမျက်လုံးကြီးအဖြစ်သာ စောင့်ကြပ်
ကြည့်ရှုတတ်ကြပါသည်။  ဝန်ထမ်းများကို သူခိုးကြည့်ကြည့်နေလေ့ရှိသည်။ သူတို့ကြည့်မည်ဆိုကကြည့်ချင်စ ရာပင်။ တစ်ချို့ဝန်ထမ်းများသည် အောက်တန်းကျကျ ခိုးဝှက်တတ်ကြသည် မဟုတ်ပါလား။ သို့ရာတွင် ငါးခုံးမ တစ်ကောင်ကြောင့်တစ်လှေလုံးတော့ အပုပ်မခံနိုင်ပါ။ လက်မ မကောင်းလက်မ၊ လက်ညိုးမကောင်း လက်ညိုး ဘဲဖြစ်သင့်ပါတယ်။
          ထူးဆန်းသည်မှာ လုပ်သက်ရင့်ပြီးလုပ်ငန်းအစပျိုးခဲ့သည့် အတွေ့အကြုံရှိဝန်ထမ်းများကို C.R အသစ် တစ်ဦးရောက်လာသည်နှင့် အလုပ်ရပ်နားအငြိမ်းစားပေးလေ့ ရှိတတ်ခြင်းဖြစ်သည်။ ရှေ့ကလူ လက်နဲ့လုပ်ထား ခဲ့သမျှ နောက်က ခြေနှင့်ဖျက်လိုက်သည့် သဘောပင်။ C.Rတစ်ချို့၏ခံယူချက်သည် ဗျူရိုကရေစီ ကျင့်စဉ်ကို စွဲ စွဲမြဲမြဲ လက်ခံလေ့ရှိနေပါသည်။ နှုတ်ခမ်းပါးက ဒီမိုကရေစီပြောနေပြီး ဦးနှောက်က ဗျူရိုကရေစီအတွေးများသာ ဖော်ထုတ်နေကြပါသည်။ လက်အောက်ဝန်ထမ်းများကိုလုပ်ငန်းဆောင်ရွက်ရာ၌ ဝေဖန်သုံးသပ်ခွင့်လုံးဝမပေးပါ။
ဝေဖန်ပြောဆိုမိပါက ဒေါသထွက်၍ ကြိမ်းမောင်းတတ်ပါသည်။ ဤသည်မှာ မြန်မာပြည်ရှိINGOဒီမိုကရေစီ ကျင့် စဉ်နှင့် အလှမ်းဝေးနေသေးသည်ကိုပြသနေပါသည်။

(ဂ) လုပ်ငန်းဆောင်တာ အကောင်အထည်ဖော်ခြင်း
          NGO/INGOများ၏တကယ့်ရည်မှန်းချက်သည် အင်မတန်ကောင်းပါသည်။ တကယ်လိုအပ်နေ၊ ခံစား နေရသည့်လူများအား ကူညီထောက်မပေးခြင်း၊ လူမှုဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်ပေးခြင်းဖြစ်သည်။ ဤကဲ့ သို့လုပ်ငန်းဆောင်တာများ စတင် အကောင်အထည်ဖော်ရာ၌ ဆွေးနွေးပွဲပြုလုပ်ခြင်း၊ သင်တန်းပေးခြင်း၊ အစပျိုး လေ့လာခြင်း၊ လုပ်ငန်းဆောင်ရွက်ခြင်းစသည်ဖြင့် အဆပေါင်းများစွာကျော်လွန်၍ အလုပ်လုပ်ရပါသည်။ အဆင့် များစွာ ကျော်ဖြတ်ခြင်း၊ အချိန်များစွာကြန့်ကြာရခြင်းကြောင့်ငွေကြေးကုန်ကျ လွန်စွာများတတ်ပါသည်။ဝန်ထမ်း
များ၏သွားလာနေထိုင်မှု စရိတ်များလည်း အဆမတန်တတ်လာတတ်ပါသည်။ သို့ဖြစ်၍ လုပ်ငန်းဆောင်တာ အကောင်အထည်ဖော်နိုင်မှုက နည်းနည်း၊ ကုန်ကျစရိတ်ကများများဖြစ်နေတတ်ပါသည်။ တစ်ချိန်တုန်းက ဆို လျှင် ဆိုင်ရာပိုင်ရာကို ပေးရ ကမ်းရသေးသည်ဖြစ်သောကြောင့် ဝန်ထမ်းအချင်းချင်း မယုံသင်္ကာများ ခဏခဏ ကြုံဆုံရပါတယ်။ လုပ်ငန်းလုပ်ဆောင်ရာ၌ကွန်ပျူတာကိန်းဂဏန်းအထောက်အထားကိုသာ အဓိကထားရသည်
ဖြစ်၍ လက်တွေ့ဘဝနှင့်Report တင်ရာ၌ အသုံးပြုသည့်ကိန်းဂဏန်းများလွဲချော်လေ့ ရှိပါသည်။ ဤအချင်းအ ရာများကို Donorများက သိသိနှင့် လက်ခံရသည်ဖြစ်၍ လုပ်ငန်းအောင်မြင်ခြင်း၊ မအောင်မြင်ခြင်းကိစ္စမှာ  C.R ၏ကျွမ်းကျင်စွာ စီရင်ခံတတ်မှုပေါ်တွင် လုံးဝမူတည်ပါသည်။
          သို့ဖြစ်၍ မြန်မာနိုင်ငံ INGOတစ်ခု၏လုပ်ငန်းတိုးတတ်မှု အစီရင်ခံစားကိုလေ့လာကြည့်မည်ဆိုပါက အမှန်ပကတိအခြေအနေနှင့် ကွာဟနေပါသည်။ အရေးကြီးသည်မှာ C.R မှDonorထံသို့စာရင်းဇယားကို လှလှ ပပလေး တင်ပြနိုင်မှုက ခရာကျပါသည်။ လုပ်ငန်းဆောင်တာ အမှန်တကယ်အောင်မြင်မှုက ဒုတိယအရေးကြီး၍ တတိယ လုပ်ငန်းဆောင်ရွက်ရာတွင် တိုင်စာ တောစာများ ဝင်မနှောက်ယှက်ဖို့ရန်သာ လိုအပ်ပါသည်။

(ဃ) ဒီမိုကရေစီကျင့်စဉ်လား၊ ဗျူရိုကရေစီယန္တရားလား
          INGO/NGOများ၏ နဂို သရုပ်သကန်သည် civil society နှင့် နီးစပ်ပါသည်။ သို့ဖြစ်၍ civil society ၏ သဘောတရား ဒီမိုကရေစီကျင့်စဉ်များကိုလိုက်နာမှသာလျှင်အောင်မြင်မည်ဖြစ်ပါသည်။ တကယ်လက်တွေ့တွင်မူ C.R (country Representative)၊ CD (country Director) ၏ တစ်သံတစ်မိန့် တည်းနှင့် စခန်းသွားနေသည် သာ များနေပါသည်။ Donorကိစ္စ၊ ဘတ်ဂျက်ကိစ္စ၊ လစာကိစ္စနှင့် ပတ်သက်၍ အထူးလျှို့ဝှက်သည်ဟုဆိုကြပါ သည်။ Top Secretဖြစ်၍ bottom openဖြစ်နေပါသည်။ ပစ္စည်းဝယ်ခြမ်းမှုProcurement ကိစ္စများ၌ ထင်သာမြင်သာ မရှိပါ။
          C.R လျှို့ဝှက်ချက်က လျှို့ဝှက်၍ဖွင့်ချချင်က  ဖွင့်ချတတ်ပါသည်။ ဝန်ထမ်းလောက၌ အသံ ကောင်းဟစ် ရသည်မှာ ခြစားမှု corruption ကင်းရမည်ဟူ၍ဖြစ်သည်။ သို့ရာတွင် နိုင်ငံခြားသား အချင်းချင်း၌ သည်ပြဿနာ အတွက် အသံတိတ်နေတတ်ကြပါသည်။ မိမိသားမယားများကိုတစ်နေ့ဓာတ်ပုံရိုက်ခ ဒေါ်လာ ခြောက်ရာ၊ ခုနစ် ရာထုတ်ခိုင်းသည့်ကိစ္စမျိုး၊ကြံဖန်ပြီး consultant နာမည်တပ်၍ အလုပ်ခန့်လိုက်သည့်ကိစ္စမျိုး ပြောမဆုံးပေါင် တောသုံးထောင်ဖြစ်နေပါသည်။ သတိထားရသည်မှာသူတို့အချင်းချင်းထဲ၌ ‘ခြ’ သတ္တဝါမရှိသော်လည်း ဝန်ထမ်းလေးတစ်ယောက်က တစ်ဒေါ်လာမျှကိုအလွဲသုံးစားလုပ်မိခဲ့သော် ခြ ကြီးတစ်ကောင်အလား သဘောထားလျှက် တစ်ဒေါ်လာ ကြောင့် ဝန်ထမ်းလေးခမျာ ထမင်းအိုးကွဲသွားရပါသည်။  
          အဖွဲ့အစည်းအတွင်းအပေါ်မှအောက်တိုက်ရိုက်စီမံအုပ်ချုပ်ခိုင်း၍ အောက်မှ အပေါ်သို့ ဘာဆင်ခြေမှ မ တတ်ရပါ။ ဘေးနှစ်ဖက်ကိုတော့ တစ်ထောင်ဆစ်နှင့် အချင်းချင်းတွတ်ခိုင်းလေ့ရှိပါသည်။ ဤကဲ့သို့သော ဗျူရို ကရက်များ မြန်မာပြည်၌ အသက်ဆိုးမရှည်သင့်တော့ပါ။ ဝန်ထမ်းများကို အကျိုးမပြုသကဲ့သို့ ပြည်သူအတွက် လည်း ဘာကောင်းကျိုးမျှ ပေးနိုင်မည်မဟုတ်ပါ။

(င) ကိုယ့်ကိုယ်ကို တာဝန်ယူတတ်ရန် အဓိက
          ဘယ်နေရာမဆို၊ ဘယ်လုပ်ငန်းမဆို အဆိုးအကောင်း ဒွန်တွဲနေပါသည်။ အထူးသဖြင့် ယခုအချိန် ကဲ့သို့ အခြေအနေအချိန် အခါ ပြောင်းလဲဖြစ်ထွန်းသည့် ကာလတွင် INGOနှင့်NGO များ၌ အလုပ်လုပ်နေ ကြသော ဝန်ထမ်း အကြီးအငယ်အားလုံးသည် သမရိုးကျပုံစံ၊ ခေါက်ရိုးကျိုးထားသည့် ပုံသဏ္ဍာန်မျိုးကနေ နိုးထကြဖို့ လို အပ်နေပါပြီ။ မြန်မာပြည်၌ဒီမိုကရေစီဖွံ့ဖြိုးလာသည်နှင့်အမျှ INGOနှင့် NGOများ အမြောက် အများတိုးဝင်လာကြ
မည်ဖြစ်ပါသည်။ INGOနှင့် NGOများအနေဖြင့် မိမိတို့အားပြန်မပြောရဲသူ၊ ဝေဖန်ရဲသူ၊ ရေမြွေပါမွှားလေး များဟု သတ်မှတ် မခံရမိကြဖို့ရန်လိုအပ်ပါသည်။NGO အလုပ်သည် အစိုးရအလုပ်မဟုတ်သောကြောင့် အထက်အရာရှိ၏ ခိုင်းရာလုပ်၊ စေရာသွား၊ ပြန်မပြောရဲ ဥခွံထဲကနေဖောက်ထွက်ပြီး လက်တွေ့ အလုပ်ဖြစ် သော ဖန်တီးမှု (Innovative Idea)များဖြင့်  အလုပ်လုပ်တတ်ဖို့ရန် လိုအပ်ပါသည်။ မိမိတို့သည် မူဟောင်စနစ်ဟောင်းကိုစွန့်ရဲ မှသာလျှင် မူသစ်စနစ်သစ်ကို ထွေးပိုက်နိုင်မည်ဖြစ်ပါသည်။ ယခုအခါ INGOနှင့် NGOများ၌ အလုပ်လုပ်နေကြ ကုန်သော C.R မှအစ  ညစောင့်ဝန်ထမ်းအဆုံး အကျင့်ပျက် ခြစားမှုများကို ရှောင်ရှားလျှက် အကျင့်ကောင်းရှိပြီး ခြမစားသည့်ဝန်ထမ်းများဖြစ်ကြဖို့ရန် လိုအပ်လှ ပါသည်။
          မြန်မာပြည်၌ ဒီမိုကရေစီစနစ်တည်ဆောက်ရာတွင် ဝန်ထမ်းများ၌ အကျင့်ပျက်ခြစားမှု လုပ်ငန်းများ ဆိတ်သုန်းပ ပျောက်ရန်အတွက် မိမိကိုယ်မိမိ တာဝန်ယူလျက် ဆင်းရဲသား အောက်ခြေ လူတန်းစား ဒုက္ခသည် များ အတွက် မေတ္တာ၊ စေတနာအမှန်ဖြင့် အလုပ်လုပ်ပေးကြဖို့ရန် တိုက်တွန်း ဆွေးနွေးလိုက်ရပါသည်။

              လူသတ္တဝါအပေါင်းစိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေ။ 5.Oct.2011
                                            ပြည်သူ့ခေတ်၊ အတွဲ(၂)၊ အမှတ်(၆၅) မှ

No comments:

Post a Comment