Saturday, October 29, 2011
နှစ် ၁၀၀ ကျော်သက်တမ်းရှိ ဝန်ကြီးများရုံး ယဉ်ကျေးမှုဝန်ကြီးဌာနသို့ လွှဲအပ်
Popular News
နှစ် ၁၀၀ ကျော်သက်တမ်းရှိ ဝန်ကြီးများရုံးအား နိုင်ငံတော်သမ္မတမှ ယဉ်ကျေးမှု ဝန်ကြီးဌာနသို့ အပြီးအပိုင် လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း မြန်မာ့ခရီးသွားလုပ်ငန်း ဘုတ်အဖွဲ့မှ သိရသည်။ “ဒီရက်ပိုင်းအတွင်း လွှဲပြောင်း ပေးလိုက်တာပါ။ ဆိုလိုတာက ဟိုတယ် မလုပ်တော့ဘူးပေါ့” ဟု မြန်မာ့ခရီးသွားလုပ်ငန်း ဘုတ်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက အောက်တိုဘာ ၂၄ ရက်တွင်ပြောသည်။ ယင်းအဆောက်အအုံကို နိုင်ငံတော်သမ္မတ ကိုယ်တိုင် လွှဲပြောင်းပေးအပ်ခြင်း ဖြစ်ပြီး ထိုသို့ ပေးအပ်မှုကို ကြည့်ခြင်းဖြင့် ယင်းဝန်ကြီးများရုံးကို အလေးထားသည်မှာ ပေါ်လွင်နေကြောင်း၊ သမိုင်း အစဉ်အလာအရ ပြယုဂ်အနေဖြင့် သာ ထားရှိသင့်သည်ကို လက်ခံသည့် သဘောရှိနေကြောင်း ခရီးသွားလုပ်ငန်းရှင်၊ ဗိသုကာပညာရှင်နှင့် စီးပွားရေးလုပ်ငန်းရှင် အချို့တို့မှ သဘောထား မှတ်ချက်ပြုသည်။
မြန်မာနိုင်ငံ ဗိသုကာပညာရှင်များ အသင်း၏ နာယက ဦးသန်းတင်အောင်က “ဗိသုကာပညာရှင် တစ်ယောက်အနေနဲ့ ပြောရရင် မြန်မာပြည်က လူတွေရယ်၊ နိုင်ငံခြား ခရီးသွားတွေ လေ့လာကြည့်ရှုဖို့ ဝန်ကြီးများရုံးကို ပြတိုက်အနေနဲ့ ထားသင့်တာပါ၊ သမိုင်းမှတ်တမ်း အနေနဲ့ နိုင်ငံတော်က ထိန်းသိမ်းထားတယ် ဆိုတာကို ပြယုဂ်အနေနဲ့ ပြသထားသင့်ပါတယ်” ဟု ပြောသည်။
ရန်ကုန်မြို့၌ ပြုပြင်ထိန်းသိမ်းသင့်သည့် ရှေးဟောင်း အဆောက်အအုံ ၁၈၉ လုံး ရှိသည့်အနက် ထိုဝန်ကြီးများရုံးမှာ အဆောက်အအုံ ကြီးမားခြင်း၊ ပတ်ဝန်းကျင် ကျယ်ပြန့်ခြင်းနှင့် သမိုင်းအစဉ်အလာ ကြီးမားခြင်းတို့ ရှိသည့်အတွက် ထိပ်ဆုံး၌ ရပ်တည်နေသည်ဟု ပြောဆို၍ရကြောင်း၊၂၀၁၁ ခုနှစ် အတွင်းပိုင်းက ရှေးဟောင်း အဆောက်အအုံ ပြုပြင်ထိန်းသိမ်းရေး အဖွဲ့ကို ဖွဲ့စည်းပြီး လေ့လာစဉ်အခါကလည်း မူလယဉ်ကျေးမှု လက်ရာများအတိုင်း ရှိနေသည်ကို အထင်အရှား တွေ့ရှိခဲ့ရသည့် မှတ်တမ်းများလည်း ရှိခဲ့ကြောင်း ရှေးဟောင်း အဆောက်အအုံ ပြုပြင်ထိန်းသိမ်းရေး အဖွဲ့တွင် ပါဆောင်ရွက်ခဲ့သူလည်း ဖြစ်သည့် ၎င်းက ထပ်မံပြောသည်။ ထိုအဖွဲ့တွင် ကိုယ်တိုင် ဆောင်ရွက်ခဲ့သူ တစ်ဦးကလည်း နှစ်ကာလ ကြာမြင့်သည့်အတွက် ပျက်စီးယိုယွင်းမှု ရှိသည်မှာ မှန်သော်လည်း ရာခိုင်နှုန်းအနေဖြင့် တိတိကျကျ ပြောဆို၍ မဖြစ်နိုင်ကြောင်း၊ မိမိတို့အဖွဲ့ အနေဖြင့် ထိုစဉ်က ပြုပြင် ထိန်းသိမ်းခဲ့စဉ် အမိုးအား ပထမ ဦးစားပေးခဲ့ကြောင်း၊ တံခါးနှင့် ပြတင်းပေါက်များကို ဒုတိယထားပြီး နောက်မှ ကြမ်းခင်းနှင့် အုတ်တိုင်များကို ဆောင်ရွက်ခဲ့ရသည်ဟု ပြောသည်။ ထိုသုတေသန ပြုလုပ်ခြင်းကို ယမန်နှစ်က ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ၂၀၁၁ ခုနှစ် အစပိုင်း၌ ပြီးစီးခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။
မင်းသုအောင်၊ မေဇင်ဝင်း
No comments:
Post a Comment