မြန်မာ့နိုင်ငံရေးဖြစ်စဉ်တွင်
အာဏာသိမ်းစစ်အစိုးရ၊ အတိုက်အခံအင်အားစုများ၊ နိုင်ငံတကာအသိုင်းအ၀ိုင်း
သုံးဘက်မြင်အရ ဒေါ်အောင် ဆန်းစုကြည်မှာ တဦးတည်းသော အရေးအပါဆုံးသူ ဖြစ်သည်။
စစ်အစိုးရဘက်မှ အရွေ့ရွေ့သို့တိုးနိုင်ရန် ဒေါ်စုကို ကန့်သတ်သည်။ ဒေါ်စု
ကန့်သတ်ခံရလျှင် အတိုက်အခံဘက်မှအရွေ့ နောက်သို့ဆုတ်သည်။ ဒေါ်စုလွတ်လပ်လျှင်
အတိုက်အခံဘက်မှအရွေ့  ရှေ့သို့တိုးသည်။ ပစ်ပယ်၍မရသော
အခြားအင်အားစုများနှင့် အချက်အလက်များ မည်သို့ပင်ရှိစေကာမူ
နိုင်ငံရေးပြဒါးတိုင်အတက်အကျမှာ ဒေါ်စုနှင့် တိုက် ရိုက်အချိုးကျနေခဲ့သည်။
ဒေါ်စု၏
နိုင်ငံရေးရည်မှန်းချက်မှာ ဒီမိုကရေစီနိုင်ငံ၊ လမ်းစဉ်မှာ အာဏာရှင်မှ
ဒီမိုကရေစီသို့ ငြိမ်းချမ်းသော အကူးအပြောင်းလမ်းစဉ် ၊ မဟာဗျူဟာမှာ
နိုင်ငံရေးအရ တွေ့ဆုံအဖြေရှာမှု၊ နည်းပရိယာယ်မှာ အမာအပျော့ အလျော့အတင်းကို
အခြေအနေကိုက်လိုက်လျော ညီထွေဖြစ်အောင် သုံးခြင်းဖြစ်သည်။
အမျှော်အမြင်ကြီးမားသော ခေါင်းဆောင်ကောင်းပီပီ စစ်ပွဲများဖြင့်အဆုံးသတ်သော
အာဏာအကူး အပြောင်းလမ်းစဉ်ကို အနာဂတ်သို့ သယ်မသွားလို။ မျိုးဆက်သစ်သို့
သမိုင်းအမွေမပေးလိုကြောင်း ထင်ရှားသည်။
ပြည်တွင်းစစ် နှစ် (၆၀) ကျော်
လက်နက်ကိုင်လမ်းစဉ်နှင့် မြို့ပြလူထုအုံကြွမှုလမ်းစဉ်တို့သည်
အာဏာအကူးအပြောင်းကို တိုက်ရိုက် မဖော်ဆောင်နိုင်၊ သွယ်ဝိုက်အထောက်အပံ့သာ
ဖြစ်ခဲ့သည်။ အာဏာ၏ဗဟိုချက်မဖြစ်သော စစ်တပ်သည် ပြည်တွင်းစစ်တွင် ရန်ငါ
အမြင်ပြတ်ခြင်း၊ မြို့ ပြလူထုအုံကြွမှုတွင် လူထုဘက်သို
့မပူးပေါင်းခြင်းတို့ကြောင့် ဒီမိုကရေစီရေး ရှေ့မတိုးနိုင် ဖြစ်နေသည်။
ဒေါ်စုသည်
၂၀၁၀ ခုနှစ် နေအိမ်အကျယ်ချုပ် လွတ်လာပြီးနောက်ပိုင်းတွင်
လက်ရှိအစိုးရနှင့် အတိုက်အခံအင်အားစုတို့ ပူးတွဲ ပဋိညာဉ်ဖြင့် သွားသော
နိုင်ငံရေးလမ်းကြောင်း၊ လက်ရှိအစိုးရ သတ်မှတ် ပြဌာန်းမှုဖြင့်သွားသော
နိုင်ငံရေးလမ်းကြောင်း၊ ၎င်းနှစ်ခုအကြား ချိန်ခွင်လျှာ အလှုပ်အရမ်းကို
သုံးသပ်နိုင်ခဲ့ပုံရသည်။ ထို့ကြောင့် နည်းပရိယာယ်ကို အမာဦးစားပေးမှ
အပျော့ဦးစားပေးသို့ ရွေ့ပြောင်းကစားကာ အများသဘောတူဘုံလမ်းကြောင်း (Common
Ground) ကို သတိကြီးကြီးဖြင့် ရှာဖွေနေသည်ဟု ယူဆသည်။
ဒေါ်စုသည်
နိုင်ငံရေးကြိုးပမ်းဆောင်ရွက်ရာတွင် ပုဂ္ဂလိကမဆန်၊ ဘက်နှစ်ဘက်ကစားပွဲ၏
သဘောသဘာဝကို နားလည်သည်။ ပါတီအကျိုးထက် နိုင်ငံအကျိုး ပြည်သူအကျိုးကို
အဓိကကြည့်သည်။ တိုင်းပြည် နစ်နာမည့်လမ်း ပြည်သူနစ်နာမည့်လမ်းကို
ရှောင်ကွင်း သွားလိုသည်။ တပ်ဦးခေါင်းဆောင်ပီပီ နိုင်ငံရေးပိုင်းဖြတ်ချက်
ရဲရဲတင်းတင်းဖြင့် ရန်ဘက်ပဋိပက္ခ လျော့ချရသည့်အခြေအနေကြောင့်
မိတ်ဘက်ပြဿနာလည်း ၀င်လာနိုင်သည်။ အစိုးရနှင့်တွေ့ ဆုံဆွေးနွေးခြင်းသည်
နိုင်ငံရေးရည်မှန်းချက်ကို စွန့်လွှတ်လိုက်သည်မဟုတ်၊
လက်နက်ချအညံ့ခံသည်မဟုတ်။ နိုင်ငံရေးခေါင်းဆောင်ကောင်း၏
နိုင်ငံရေးခြေလှမ်းများဟုသာ ယုံကြည်သည်။
မြန်မာ့နိုင်ငံရေးဓလေ့တွင်
ပဒေသရာဇ်ခေတ်မှစ၍ ယနေ့ ခေတ်အထိ အာဏာရှိသူနှင့် အာဏာဆက်ခံလိုသူအကြား
စစ်ရေးအကြမ်းဖက်၍ အပြန်အလှန် ဖယ်ထုတ်ရန်ကြိုးစားခြင်းသာ များခဲ့သည်။
ရီဗော်လူးရှင်းဖြစ်စဉ် အဟောင်းဖျက်သိမ်း အသစ်အစားထိုးဖြင့်သာ ယဉ်ပါးခဲ့
သည်။ အီဗော်လူးရှင်းဖြစ်စဉ် အဟောင်းနှင့်အသစ်ကြား တရွေ့ ရွေ
့ပြုပြင်ပြောင်းလဲခြင်းကို ခံတွင်းမတွေ့ ကြ။ ဘက်နှစ်ဘက် အားပြိုင်မှု တွင်
ရယ်ဒီကယ်ဝါဒ အားကောင်းလေလေ နိုင်ငံရေး ၀င်္ကဘာလမ်းပိတ်လေလေပင်။
အကျိုးရလဒ်အနေဖြင့် သူသေကိုယ်ရှင် ဇီးရိုးဆမ် ဂိမ်းမပြီးခင်
ကျဆုံးနိုင်ငံများသို့ စာရင်းဝင်သွားယုံသာ ရှိမည်။
ကမ္ဘာ့ဒီမိုကရေစီနေ
့မိန့်ခွန်းမှာ အခုဆိုရင် ကျမတို့နိုင်ငံမှာ အပြောင်းအလဲတခုဖြစ်နိုင်မယ့်
အနေအထားမှာ ရောက်နေပါတယ်၊ ဒီအပြောင်း အလဲတွေက တိုင်းပြည်အတွက်
အကောင်းဆုံး၊ ပြည်သူတွေအတွက် အကောင်းဆုံးဖြစ်အောင်
ဘယ်ပုံဘယ်နည်းလုပ်မလဲဆိုတာ လူတိုင်း လူတိုင်းမှာ တာဝန်သိသိနဲ့ လေးလေးနက်နက်
စဉ်းစားရမှာဖြစ်တယ်လို့ ဒေါ်စုက လမ်းညွှန်ခဲ့သည်။ အတိတ်နှင့် ပစ္စုပ္ပန်ကို
ရဲရဲဝံ့ဝံ့ညှိနှိုင်းပြီး အနာဂါတ်ကို သတ္တိရှိရှိရင်ဆိုင်မည်၊
အဖွဲ့ချုပ်၏မူပေါ်တွင်ရပ်တည်၍ ပျော့ပျော့ပျောင်းပျောင်း ဆက်လုပ်သွားမည်ဟု
အဖွဲ့ချုပ် ၂၃ နှစ် မြောက်တွင် သူ၏သဘောထားကို ပြောခဲ့သည်။
ဒေါ်စု၏ငြိမ်းချမ်းသော
အကူးအပြောင်းလမ်းစဉ်ကို ပြည်သူတွေကတော့ ၀ိုင်းရံပံ့ပိုးကြမှာသေခြာသည်။
သဘောမတူသူများအနေဖြင့် လက်တွေ့ကျသော အခြားရေတိုရေရှည်အစီအစဉ် (Alt Plan)
ရှိပါက ချပြစေလိုပါသည်။ ဝေဖန်ရေးသမားများ အနေဖြင့် ကိုယ့်ကိုယ်ကို
ဝေဖန်ရေးလည်း အားကောင်းဖို့ လိုပါလိမ့်မည်။ မည်သည့်လမ်းစဉ်ကိုမဆို
ကိုယ်ယုံကြည်သည့်အတိုင်း ရွေးချယ်ခွင့်ရှိပါသည်။ သို့သော် အောင်ပွဲရရန်
အောင်စိတ်နှင့်မလုံလောက်၊ လက်တွေ့ ကျကျ တိုက်ပွဲဖော်ရန် လိုပါသည်။
ဒေါ်စု
အသက် (၆၅) နှစ်ရှိပါပြီ။ သူအသက်ရှင်နေစဉ်အတွင်း
ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်အောင် တိုင်းပြည်ကို တွန်းတင်ပေး
သွားပါလိမ့်မည်။ ပန်းတိုင်ရောက်အောင် ဆက်လျှောက်ဖို့ကတော့
ဒီမိုကရေစီတောင်းဆိုသူတွေရဲ့တာဝန်ပါပဲ။ တစ်စုံလုံးပြဿနာကို ဒေါ်စုခေါင်းပေါ်
တာဝန်လွှဲပုံချထားတာမျိုး မဖြစ်သင့်သလို
ဖြေရှင်းရန်ခက်ခဲတဲ့အစိတ်အပိုင်းအတွက်လည်း ဒေါ်စုကို ဝေဖန်ပြစ်တင်တာမျိုး
မလုပ်သင့်ပါဘူး။ အနှစ် (၆၀) ကျော် နိုင်ငံရေးပြဿနာကို အချိန်တိုအတွင်း
ဖြေရှင်းနိုင်မည်မဟုတ်ပါ။ မြန်မာ့နိုင်ငံရေးဟာ ထင်တာထက်
ပိုရှုပ်ထွေးလို့တွေးနေတာထက် ကျော်တွေးရမယ့်အခြေအနေလို့လည်း ယူဆမိပါသည်။
အမျိုးသားခေါင်းဆောင်
ဗိုလ်ချုပ်အောင်ဆန်းအနေဖြင့် လွတ်လပ်ရေးတိုက်ပွဲတွင် ခေါင်းဆောင်ကောင်း
တာဝန်ကျေပွန်ခဲ့သည်။ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည်လည်း
ဒီမိုကရေစီရေးတိုက်ပွဲမှာ ခေါင်းဆောင်ကောင်းတာဝန် ကျေပွန်ရန် ကြိုးစားနေ
ပါသည်။ ဒီမိုကရေစီ ချဉ်ခြင်းတပ်နေကြသည့် ပြည်သူတွေကတော့ နောက်လိုက်ကောင်း
တာဝန်ကျေပွန်အောင် ဒေါ်စုခြေရာကို နင်းလိုက်ကြလိမ့်မည်။ ဒီမိုကရေစီခရီး
အနီးအဝေးသည် ခေါင်းဆောင်ကောင်းနှင့်နောက်လိုက်ကောင်း ရင်ခုံသံ
မည်မျှထပ်တူကျသနည်း ဆိုသည့်အပေါ် မူတည်ပါလိမ့်မည်။
ရိုးရိုးလူ
အောက်တိုဘာ ၁၊ ၂၀၁၁
No comments:
Post a Comment