Friday, October 28, 2011

မုန်တိုင်းသက်ရောက်မိုးကြောင့် ပျက်စီးခဲ့သော ပုဂံဒေသမှ ရှေးဟောင်းစေတီ၊ ပုထိုးနှင့် အဆောက်အအုံများ ပြန်လည်ပြုပြင်

by General Knowledge on Friday, October 28, 2011 at 11:37pm
မုန်တိုင်းသက်ရောက်မိုးကြောင့် ပျက်စီးခဲ့သော ပုဂံဒေသမှ ရှေးဟောင်းစေတီ၊ ပုထိုးနှင့် အဆောက်အအုံများ ပြန်လည်ပြုပြင် ထိန်းသိမ်းရန် စီစဉ်ဆောင်ရွက်လျှက်ရှိ

Thursday, 27 October 2011 03:27

မိုးကြောင့်ပျက်စီးသွားသော ဘုရား အမှတ် ၁၉၅၅ အား ပြုပြင်ရန် ရှင်းလင်းဆောင်ရွက်နေစဉ်
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် အောက်တိုဘာလ ၂၀ ရက်နေ့က စံချိန်တင် ရွာသွန်းခဲ့သောမိုးကြောင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် စေတီ၊ ပုထိုးအဆောက်အအုံများ တံတိုင်းမြို့ရိုးများ ပျက်စီးမှုတချို့ရှိခဲ့ရာ ပြန်လည်ပြုပြင် ထိန်းသိမ်းရေးဆောင်ရွက်ရန် ရှေးဟောင်းသုတေသနဌာနမှ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

 ''ပုဂံဘုရားတွေက အုတ်တွေနဲ့ တည်ဆောက်ထားပြီး နှစ်ကလည်း ထောင်ချီကြာတော့ မိုးများတဲ့ဒဏ်ကို မခံနိုင်ဘူး။ ပြန်ပြီးပြုပြင်ထိန်းသိမ်းရေးလုပ်တဲ့နေရာမှာလည်း အလွန်အရေးကြီးပါတယ်'' ဟု ရှေးဟောင်းဘုရားများ ပြုပြင်ထိန်းသိမ်းတည် ဆောက်ရေး လုပ်ငန်းများတွင် အတွေ့အကြုံရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။

ထိုနေ့ကရွာသွန်းခဲ့သော မိုးကြောင့် ရှေးဟောင်းစေတီ၊ ပုထိုး၊ အဆောက်အအုံအချို့ ပျက်စီးသကဲ့သို့ ညောင်ဦးမြို့ရှိ ဆပဒ (ဘုရားနီ) ဘုရားအရှေ့ဘက်တံတိုင်း အစိတ်အပိုင်း တချို့သည်လည်းကောင်း၊ ပုဂံသရပါတံခါး မြောက်ဘက်ရှိ မြို့ရိုး အစိတ်အပိုင်းအချို့သည်လည်းကောင်း၊ ဓမ္မရာဇိကဘုရား၏ အနောက်မြောက်ဘက်တံတိုင်း အစိတ်အပိုင်းအချို့သည်လည်းကောင်း ပျက်စီးမှုများရှိခဲ့ကြောင်း သိရှိရပါသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်စေတီ၊ ပုထိုး၊ အဆောက်အအုံများ၊ ဗိသုကာအနုလက်ရာများသည် သဘာဝဘေးဒဏ်များကြောင့် အများအပြား ပျက်စီးဆုံးရှုံးရလေ့ရှိရာ ၁၉၅၆ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့ ငလျင်နှင့် ၁၉၇၅ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့ ငလျင်များကြောင့်လည်း အများအပြား ဆုံးရှုံးပျက်စီးခဲ့ရကြောင်းလည်း စုံစမ်းသိရှိရပါသည်။ 

No comments:

Post a Comment