မအေးစိန်
မအေးစိန်က
နာမည်နဲ့လိုက်အောင် အနေရိုးတဲ့ ရှမ်းအမျိုးသမီးတစ်ဦးဖြစ်တဲ့အပြင်
သူရဲ့အလုပ်က လူတွေကို ကယ်တင်ကုသပေးတဲ့ နပ်စ်မအလုပ်ဖြစ်တယ်။
အရပ်မြင့်မြင့်နဲ့ မအေးစိန်ရဲ့ ဝိုင်းစက်တဲ့မျက်နှာက သူ့ပင်ကိုယ်
စိတ်နေသဘောထားကို ဖော်ညွှန်းထားတဲ့အလား အမြဲပြုံးရွှင်လို့နေတယ်။
အော်ငေါက်ပြီး တစ်ခါမှမပြောဖူးတဲ့ မပီကလာသူ့စကားသံမှာ ကိုယ်ချင်းစာတရား၊
ကြင်နာမှုတွေ အမြဲပြည့်လို့နေတယ်။
မအေးစိန်မှာ
သားသမီးငါးယောက်ရှိတယ်။ သူတို့လေးတွေက အမေတူပါပဲ။
သူတို့ရဲ့လိမ္မာရေးခြားရှိပုံက မိခင်ကောင်းတစ်ဦးရဲ့
ပြုစုပျိုးထောင်မှုအောက်က ကြီးပြင်းလာကြောင်းကို သက်သေပြလို့နေတယ်။
အဲဒီထဲမှာ ဒုတိယသမီးလေး နန်းရွှေအိက မအေးစိန်ကို နားအလည်ပေးဆုံး၊ အသိတတ်ဆုံး
သမီးလေးဖြစ်တယ်။
နယ်စပ်ဒေသမှာ နေထိုင်တယ်ဆိုပေမယ့်
တစ်ဖက်နိုင်ငံရဲ့ ယဉ်ကျေးမှုတွေက မအေးစိန်တို့ရဲ့ မိသားစုထဲ
ထိုးဖောက်မဝင်ရောက်ခဲ့ပါဘူး။ အမျိုးဘာသာကို လေးစားမြတ်နိုးသူပီပီ
သားသမီးတွေကိုလည်း ကိုယ်နိုင်ငံရဲ့ ယဉ်ကျေးမှု၊ စာပေတွေ ချစ်မြတ်နိုးတတ်ဖို့
မအေးစိန်သင်ကြားပေးခဲ့တယ်။ မြန်မာစာ၊ စကားကို မြန်မာတစ်ယောက်လို
တတ်ကျွမ်းနားလည်စေဖို့ နယ်စပ်မြို့မှာ ကြီးပြင်းလာတဲ့ သားသမီးတွေကို
မိထ္တီလာမြို့အထိလွတ်ပြီး ပညာသင်ကြားစေခဲ့တယ်။ အဲဒီထဲမှာ နန်းရွှေအိလည်း
အပါအဝင်ဖြစ်တယ်။
တစ်နှစ်တစ်ခါ ကျောင်းပိတ်ရက်တွေမှာ
အိမ်ပြန်လာတတ်တာကလွဲလို့ မအေးစိန်ရဲ့ သားသမီးတွေက တစ်နယ်တစ်ကျေးကို
မိဘအုပ်ထိန်းသူမပါဘဲ စေလွတ်ရကျိုးနပ်ခဲ့ပါတယ်။ အချိန်တန်အိမ်ပြန်လမ်းမှာ
အောင်မြင်မှုတွေခင်းပြီး ပြန်လာခဲ့ကြတယ်။ အဲဒီထဲမှာ သမီးအလိမ္မာ
နန်းရွှေအိလည်းပါတယ်။
နွေရာသီကျောင်းပိတ်ရက်မှာ
တက္ကသိုလ်အဖွင့်ကိုစောင့်ရင်း နပ်စ်မအမေကို တစ်ဖက်တစ်လမ်းက ကူညီနိုင်ဖို့
ကိုယ့်ဇာတိမြို့က ကုန်တိုက်တစ်ခုမှာ နန်းရွှေအိ အရောင်းစာရေးမ
ဝင်လုပ်ခဲ့တယ်။ နဂိုကတည်းက ချောမောလှပတဲ့နန်းရွှေအိက အလုပ်အတွက်
အပြင်အဆင်လေးကြောင့် လုပ်ဖော်ကိုင်ဖက်တွေကြားမှာ သူ့အလှက ပိုထင်းနေခဲ့တယ်။
ငယ်ရွယ်ချောမောသူ၊ အရွယ်ကောင်းသူဖြစ်တဲ့ နန်းရွှေအိမှာ ပိုးပန်းသူတွေ
မနည်းခဲ့ပါဘူး။ လှပတဲ့ ပန်းလေးတစ်ပွင့်မှာ ဝိုင်းဝိုင်းလည်နေတဲ့
ပျားပိတုန်းတွေထဲ နန်းရွှေအိ ရွေးခြယ်လိုက်သူက
ကိုယ်ပိုင်ကားလေးမောင်းနိုင်တဲ့ တစ်နယ်တည်းသား စိုင်းရှန်ဖြစ်တယ်။
စိုင်းရှန်နဲ့
နန်းရွှေအိက အလုပ်သွား၊ အလုပ်ပြန်မှာ ရံဖန်ရံခါ တွဲသွားတွဲလာ
ရှိတတ်တယ်ဆိုပေမယ့် သမီးရည်းစား မဖြစ်သေးပါဘူး။ စိုင်းရှန်ကို
အကဲခတ်အဆင့်၊ ခင်မင်ရင်းနှီးတဲ့အဆင့်၊ တစ်ယောက်အကြောင်း
တစ်ယောက်နားလည်အောင် ကြိုးစားတဲ့အဆင့်မှာပဲ ရှိနေသေးတယ်။ လိမ္မာတဲ့
သမီးလေးပီပီ နန်းရွှေအိက စိုင်းရှန်နဲ့ ခင်မင်ရင်းနှီးကြောင်း မအေးစိန်ကို
ဖွင့်ပြောထားပါတယ်။ ပွင့်လင်းရိုးသားတဲ့ မအေးစိန်လည်း ဒီလိုကိစ္စမျိုးနဲ့
ပတ်သက်ပြီး သားသမီးတွေကို လွတ်လွတ်လပ်လပ် ရွေးခြယ်ခွင့်ပေးထားခဲ့တယ်။
အရာရာပြည့်စုံတဲ့
မိသားစုလေးတစ်စု၊ လိမ္မာရေးခြားရှိတဲ့ သားသမီးတွေနဲ့
သိုက်သိုက်ဝန်းဝန်းရှိခဲ့တဲ့ အသိုက်မြုံလေးတစ်ခုက မမျှော်လင့်တဲ့
ကံကြမ္မာဆိုးတစ်ခုကြောင့် ပြိုပျက်သွားခဲ့ရမယ်လို့ ဘယ်သူမှ
တွေးထင်မထားခဲ့မိဘူး။ ပျော်ရွှင်မှုတွေက တိုတောင်းကြောင်း တစ်ခုသော ဒီဇင်ဘာက
မအေးစိန်တို့ကို သက်သေပြခဲ့တယ်။
ဒီဇင်ဘာ ဆောင်းညနေခင်းရဲ့
အလုပ်ပိတ်ရက်တစ်ရက်မှာ နန်းရွှေအိကို စိုင်းရှန်က ကားနဲ့လာကြိုခဲ့တယ်။
ပိုးပန်းစ ချစ်ခင်သူတွေအတိုင်း နားလည်မှုတွေ ပိုဖလှယ်နိုင်အောင်၊
ရင်းနှီးမှုတွေ ပိုတိုးအောင် နန်းရွှေအိနဲ့ အေးအေးဆေးဆေး စကားပြောဖို့
မြို့ပြင်ဖက်ကို စိုင်းရှန်ကားမောင်းထွက်ခဲ့တယ်။ အမေဖြစ်သူ
မအေးစိန်ကိုခွင့်ပန်ပြီး စိုင်းရှန်နောက် နန်းရွှေအိလိုက်သွားခဲ့တယ်။
အဲဒီအသွားက အပြန်လမ်း လုံးဝမရှိတော့မှန်း နန်းရွှေအိရော စိုင်းရှန်ပါ
မသိခဲ့သလို မအေးစိန်တို့လည်း မသိခဲ့ဘူး။ ပျော်ပျော်ရွှင်ရွှင်
လက်ပြထွက်ခွါသွားတဲ့ သမီးက ထာဝရ နှုတ်ဆက်သွားခဲ့မယ်လို့
မအေးစိန်တွေးမထားခဲ့မိဘူး။
အဲဒီည အိမ်ပြန်ချိန်မှာ
နန်းရွှေအိနဲ့ စိုင်းရှန် ပြန်မလာခဲ့ကြပါဘူး။ ခိုးရာလိုက်သွားသလား?
ကားတင်ပြေးသွားသလား? မေးခွန်းပေါင်းများစွာနဲ့ သူတို့ကိုသိတဲ့လူတွေက
အမျိုးမျိုး ထင်ကြေးပေးကြတယ်။ သမီးကိုနားလည်တဲ့ မအေးစိန်ကတောင်
အဲဒီသံသယမေးခွန်းတွေနဲ့ သမီးကို ယုံမှားချင်လာခဲ့တယ်။ စိုင်းရှန်နောက်
လိုက်ပြေးသွားသလား? လူကြီးတွေလည်း သိနေတဲ့ကိစ္စပဲ သူဒီလိုလုပ်မယ်
မထင်ပါဘူးလေ.. ခိုးရာလိုက်တယ်လို့ လူတွေထင်နေကြပေမယ့် နန်းရွှေအိရဲ့
အဝတ်အစားတွေက ခြေရာလက်ရာမပျက် ရှိနေသေးသလို၊ အရေးကြီးတဲ့
နိုင်ငံသားမှတ်ပုံတင်လည်း သိမ်းထားတဲ့နေရာမှ မပျက်မယွင်းရှိနေခဲ့တယ်။
တစ်ရက်..
နှစ်ရက် သမီးရဲ့သတင်း ဘာမှမကြားမိသေးတဲ့ မအေးစိန် စိတ်ပူစပြုလာပါပြီ။
အမေကိုချစ်တဲ့သမီးမို့ ဘယ်ရောက်နေတယ်၊ ဘာလုပ်ခဲ့တယ်ဆိုတာကို နန်းရွှေအိ
အကြောင်းကြားမယ်ဆိုတာကို မအေးစိန် ယုံကြည်နေခဲ့တယ်။ ဒါပေမယ့် အခုတော့
အချိန်တွေ တဖြေးဖြေး ကုန်ဆုံးလာသလို သမီးရဲ့သတင်းအစအနက ခြေရာလည်းပျောက်
ရေလည်းနောက်ခဲ့ရတယ်။
သုံးရက်မြောက် မနက်ခင်းမှာ ပူပင်သောကတွေက မအေးစိန်ကို အငြိမ်မနေစေခဲ့တော့ပါဘူး။ ရဲစခန်းသွားပြီး မအေးစိန် လူပျောက်တိုင်ကြားခဲ့တယ်။
အဲဒီနေ့ညနေခင်းမှာပဲ
မြို့ပြင်က ချောင်းစပ်မှာ မိန်းကလေးအလောင်းတစ်လောင်း တွေ့တယ်ဆိုတဲ့သတင်းက
မအေးစိန်နားထဲ အပုပ်နံ့လို လွှင့်မျောလာခဲ့တယ်။ မဟုတ်ပါစေနဲ့.. သမီးလေး
မဟုတ်ပါစေနဲ့လို့ ပါးစပ်က မအေးစိန် ဆုတောင်းနေပေမယ့် သမီးပျောက်လို့
သောကခံစားနေရတဲ့စိတ်က မအေးစိန်ရဲ့ခြေထောက်ကို အငြိမ်မရပ်နေစေခဲ့ပါဘူး။
အလောင်းတွေ့ရာ မြို့ပြင်ကို မအေးစိန် အပြေးတစ်ပိုင်း ပြေးသွားခဲ့မိတယ်။
တာဝန်ရှိသူတွေ
စစ်ဆေးနေတဲ့ ပုပ်ပွတဲ့အလောင်းကို အဝေးကနေ မအေးစိန် လှမ်းမြင်နေရတယ်။
အိမ်က ထွက်သွားတုန်းက နန်းရွှေအိ ဝတ်သွားတဲ့ အင်္ကျီဖြူ၊
ဂျင်းဘောင်းဘီအပြာကို မအေးစိန်လှမ်းမြင်နေရတယ်။ မအေးစိန် ရင်ထဲမှာ
ပလောင်ဆူနေပါပြီ။ ဘေးပတ်ဝန်းကျင်က ဘာအရာကိုမှ မအေးစိန် မမြင်တော့ဘူး။
ပါးစပ်မှာလည်း သမီး.. သမီးလို့ တကြော်ကြော်ခေါ်ရင်း ချောင်းစပ်မှာ
ပေါလောပေါ်နေတဲ့ အလောင်းရှိရာဖက် မအေးစိန်ပြေးသွားခဲ့မိတယ်။
ပုပ်ပွနေတဲ့ အလောင်းကိုဖက်ပြီး မအေးစိန် ရင်ကွဲမတတ်အော်ငိုမိတယ်။ အလောင်းကနေ လွှင့်ပြန့်လာတဲ့ အပုပ်နံ့ ဆိုးဆိုးဝါးဝါးတွေက သမီးတစ်ယောက်အပေါ်ထားတဲ့ မအေးစိန်ရဲ့ မေတ္တာကို မတွန့်လှန်နိုင်ခဲ့ပါဘူး။ မအေးစိန် ဘာကိုမှ ဂရုမစိုက်တော့ဘဲ သမီးအလောင်းကို ရင်ခွင်ထဲထည့်ဖက်ပြီး အားရပါးရ ငိုကြွေးနေခဲ့မိတယ်။
ပုံပျက်စပြုနေတဲ့
အလောင်းက နန်းရွှေအိဟုတ်မဟုတ် သေချာစစ်ဆေးဖို့ တာဝန်ရှိသူတွေက
ပြောခဲ့ပါတယ်။ သမီးရဲ့ဘယ်ဖက်တံတောင်ဆစ်မှာ ဆေးသွင်းတုန်းကရခဲ့တဲ့
ဒဏ်ရာတွေကအစ မအေးစိန် မှတ်မိနေခဲ့တယ်။ ရက်ရက်စက်စက်သတ်ပြီး ချောင်းထဲမှာ
စွန့်ပစ်ခံထားခဲ့ရတဲ့အလောင်းက သမီးနန်းရွှေအိဆိုတာ ရင်ထဲအသဲထဲက မအေးစိန်
သိနေခဲ့တယ်။ ပြုံးပြီး နေအိမ်ကနေ လက်ပြထွက်သွားခဲ့တဲ့ သမီးက
သုံးရက်မြောက်မှာ အေးစက်တောင့်တင်းနေတဲ့ ဝိညာဉ်မဲ့ခန္ဓာအဖြင့် မအေးစိန်ကို
ဆီးကြိုနေခဲ့တယ်။ သမီးနာမည်ကို အရူးတစ်ယောက်လို တကြော်ကြော် အော်ဟစ်ရင်း
မအေးစိန်ငိုနေခဲ့မိတယ်။
တာဝန်ရှိသူတွေရဲ့
စစ်ဆေးချက်အရ နန်းရွှေအိရဲ့ဦးခေါင်းမှာ မာကျောတဲ့အရာနဲ့ ရိုက်ထားတဲ့ဒဏ်ရာ၊
ခါးစပ်မှာ သေနတ်ဒဏ်ရာတစ်ချက်ကို တွေ့ခဲ့ရတယ်။ နန်းရွှေအိနဲ့ အတူသွားခဲ့တဲ့
စိုင်းရှန်ပျောက်နေလို့ စိုင်းရှန်ကပဲ နန်းရွှေအိကိုသတ်ပြီး
ထွက်ပြေးသွားသလား? ဘယ်သူက ဘာအငြိုးနဲ့ သတ်သွားခဲ့သလဲဆိုတဲ့ ထင်ကြေးတွေက
မြို့လေးမှာ ပြန့်လို့နေခဲ့တယ်။ ဒါပေမယ့် နန်းရွှေအိအလောင်းတွေ့ပြီး
၃ရက်မြောက်နေ့ ရေချောင်းအောက်တစ်နေရာမှာ စိုင်းရှန်ရဲ့ အလောင်းကို
တွေ့ခဲ့ကြပြန်တယ်။ စိုင်းရှန်ရဲ့ ဦးခေါင်းမှာလည်း မာကျောတဲ့အရာနဲ့
ရိုက်ထားတဲ့ဒဏ်ရာ၊ အလောင်းမပေါ်အောင် တိုင်တစ်တိုင်နဲ့
လက်ပြန်ကြိုးတုတ်ပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြတယ်။ ပုပ်ပွလာတဲ့
စိုင်းရှန်ရဲ့အလောင်းက ရေအောက်ထဲမှာ ကြာရှည်နစ်မထားနိုင်ခဲ့ပါဘူး။ သူချစ်တဲ့
နန်းရွှေအိကို သူရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာ မဟုတ်ကြောင်း၊ နန်းရွှေအိနောက်
သူပါလိုက်သွားခဲ့ရကြောင်းကို ပုပ်ပွတဲ့အလောင်းနဲ့ သက်သေပြခဲ့တယ်။
သမီးလေး
အသတ်ခံခဲ့ရလို့ မအေးစိန် မဖြေဆည်နိုင်ခဲ့ပါဘူး။
ပုရွက်ဆိတ်တစ်ကောင်ကိုတောင် မသတ်ရဲခဲ့တဲ့ သမီးမှာ
ဘာအငြိုးတွေများရှိခဲ့သလဲ? ရက်ရက်စက်စက် သတ်ရလောက်အောင် သမီး
ဘာအမှားတွေလုပ်ခဲ့သလဲ? ဘယ်လို စဉ်းစားစဉ်းစား လိုချင်တဲ့အဖြေကို မအေးစိန်
စဉ်းစားလို့မရခဲ့ဘူး။ သမီးစိတ်နဲ့ မအေးစိန် နေ့မှန်း၊ ညမှန်း ခွဲခြားလို့
မရနိုင်အောင်ဖြစ်ခဲ့တယ်။ စားရ၊ သောက်ရမှန်းလည်း မသိခဲ့တော့ဘူး။
တစ်ချိန်လုံး သမီးနာမည်ကိုပဲ တတွတ်တွတ်ရွတ်ရင်း ငိုကြွေးနေခဲ့တယ်။
သမီးအတွက်
ခံစားရတဲ့ သောကတွေကြောင့် တစ်ခါတလေ အိမ်နောက် ခြံစည်းရိုးစပ်မှာထိုင်ရင်း
မအေးစိန်တစ်ယောက်တည်း စကားတွေပြောနေတတ်တယ်။ လိပ်ပြာလေးတစ်ကောင် အနားနား
ဝဲပျံလာခဲ့ရင် သမီးလေး နန်းရွှေအိအထင်နဲ့ လိပ်ပြာကို စကားတွေ
သွားပြောနေတတ်တယ်။ ရပ်ကွက်ထဲမှာ ကလေးတစ်ယောက်မွေးရင် သမီးလေးများ
ဝင်စားလေမလားလို့ ဘယ်လက်တံတောင်ဆစ်ကို မအေးစိန် လှန်လျှောကြည့်တတ်ခဲ့တယ်။
ခါးစပ်မှာ မှဲ့လေးပါလာတဲ့ကလေးကို သမီးဝင်စားတယ်ဆိုပြီး အဝတ်အစား ဝယ်ပေးနဲ့
ကလေးမိဘတွေ စိတ်ပူငြိုငြင်တဲ့အထိ သမီးကိုချစ်တဲ့ မအေးစိန်ရူးသွပ်ခဲ့မိတယ်။
အဆိုးဆုံးက
နန်းရွှေအိရဲ့ တက္ကသိုလ်ဝင်တန်း အကြောင်းကြားစာ ရတဲ့နေ့ကဖြစ်တယ်။ မအေးစိန်
အပါအဝင် တစ်အိမ်သားလုံး အကြောင်းကြားစာ,စာရွက်ဝါကြီးကို ကိုင်ပြီး
ဘာမှမပြောနိုင်ခဲ့ကြဘူး။ နန်းရွှေအိရဲ့ အစ်မ၊ မောင်လေးတွေ အခန်းကိုယ်စီထဲ
ဝင်ပြီး တရှုံ့ရှုံ့ငိုနေခဲ့ကြတယ်။ မအေးစိန်ရဲ့ ရင်တွေ၊ အသဲတွေလည်း
ထက်ခြမ်းကွဲသွားသလား ထင်ရလောက်အောင် နာကျင်ခံစားခဲ့ရတယ်။
(၆)နှစ်တိုင်တိုင်
ရှိခဲ့ပါပြီ။ လူသတ်တရားခံရဲ့ သတင်းအစအနက နန်းရွှေအိနဲ့ စိုင်းရှန်ရဲ့
အလောင်းထဲ မြေမြုပ်သဂြိင်္ိုလ်လိုက်သလိုပဲ လုံးဝ သဲလွန်စ ပြတ်သွားခဲ့တယ်။
စိုင်းရှန်မောင်းသွားတဲ့ ကားကလည်း မြေလျှိုးမိုးပျံသွားတဲ့အလား ဘာခြေရာမှ
မကျန်ခဲ့ပါဘူး။
အချိန်တွေ တရွေ့ရွေ့ပြောင်းလဲခဲ့သလို
အခုဆိုရင် မအေးစိန်တစ်ယောက်လည်း ဘုရားတရားရိပ်အောက်မှာ ခိုလှုံရင်း
သမီးအတွက် ခံစားနေရတဲ့ သောကတွေကိုဖြေလျှော့ဖို့ ကြိုးစားနေခဲ့တယ်။
သမီးအတွက် ကုသိုလ်ကောင်းမှုတွေပြုလုပ်ရင်း နောင်သံသရာအဆက်ဆက်မှာ
ဒီလိုအဖြစ်မျိုး မကြုံဖို့ ဆုတောင်းပေးနေခဲ့တယ်။
တစ်ခါတလေ
မအေးစိန်က "တစ်ခါခါမှာ သမီးနန်းရွှေအိကို သတ်သွားတဲ့လူကို ကျွန်မအရမ်း
တွေ့ဖူးကြည့်ချင်တယ်။ သူ့ကိုရိုက်ဖို့၊ ထောင်ထဲပို့ဖို့ မဟုတ်ပါဘူး။
သမီးလေးမှာ ဘာအပြစ်ရှိလို့ ဒီလို ရက်ရက်စက်စက် သတ်သွားခဲ့ရတာလဲလို့ပဲ
ကျွန်မ မေးကြည့်ချင်တယ်။ တကယ်လို့ သူ့ဆွေမျိုးသားချင်းမှာလည်း
ဒီလိုအဖြစ်မျိုး ကြုံခဲ့ရင် ဘယ်လိုခံစားရမလဲ ဆိုတာကို မေးကြည့်ချင်တယ်။
သူတို့မှာလည်း တစ်ချိန်တစ်ခါမှာ သားသမီးတွေ ရှိလာနိုင်ပါတယ်။ ကျွန်မလို
အဖြစ်မျိုး မကြုံပါစေနဲ့လို့ ကျွန်မဆုတောင်းပေးလိုက်ပါတယ်" လို့
ရှမ်းသံဝဲဝဲနဲ့ ဆွေးဆွေးမြေ့မြေ့လေး ပြောပြတတ်တယ်။
သမီးကို
လွမ်းတဲ့စိတ်နဲ့ ရင်ထဲက ခံစားနေတာတွေ ပေါ့သွားအောင် ခံစားချက်တွေကို
စာရွက်ပေါ် ချရေးတတ်တယ်လို့ မအေးစိန်က ပြောပါသေးတယ်။ (၆)နှစ်ကာလအတွင်းမှာ
မအေးစိန်ရေးခဲ့တဲ့ စာရွက်ပေါင်းက သေတ္တာတစ်လုံးစာ ရှိခဲ့တယ်။ ဒါပေမယ့်
သားသမီးအပေါ်ထားတဲ့ မိခင်တစ်ဦးရဲ့ မေတ္တာတွေက သေတ္တာထဲထည့်ပြီး ရေတွက်လို့
မရနိုင်ခဲ့ပါဘူး။ သားသမီးတိုင်း၊ မိဘတိုင်း ပူပင်သောကတွေ ကင်းဝေစေဖို့
မအေးစိန် နေ့တိုင်းဆုတောင်းမေတ္တာ ပို့သနေခဲ့ပါတယ်။
မိခင်တစ်ဦး၏ မေတ္တာ
သားသမီးအပေါ်မှာ
ထားရှိတဲ့ မိခင်ရဲ့မေတ္တာဟာ ကျောက်တောင်ကြီးပမာ ခိုင်မာမြဲ
ခိုင်မာနေပါတယ်။ ကမ္ဘာလုံးရဲ့ လမ်းဆုံးဟာ ရှိကောင်းရှိနိုင်ပါသေးတယ်။
သားသမီးအပေါ်မှာ ထားရှိတဲ့ မေတ္တာလမ်းဆုံးဆိုတာ မရှိပါ။
ရေဟာ
အပူဓာတ်နဲ့ ထိတွေ့ရင် ဆူပွက်သွားနိုင်တယ်။ အအေးဓာတ်နဲ့ ထိတွေ့ရင်လဲ
ခဲသွားနိုင်တယ်။ ဒါပေမဲ့ သားသမီးအပေါ်မှာ ထားရှိတဲ့ မိခင်ရဲ့မေတ္တာကတော့
အပူဓာတ်ဖြစ်စေ၊ အအေးဓာတ်ဖြစ်စေ ထိတွေ့ရင်လည်း ဘယ်လိုမှ မပြောင်းလဲဘဲ
တသမတ်တည်း စမ်းရေလိုဘဲ အမြဲအေးမြနေပါတယ်။
လူသားအားလုံးရဲ့
စိတ်နှလုံးသားထဲမှာ မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာ၊ ဗြဟ္မစိုရ် တရားလေးပါး
အမြဲထာဝရရှိနိုင်ကြပေါစေလို့ ဆန္ဒပြုလျှက်....... မအေးစိန် (၁၄.၁၂.၂ဝဝ၈)
ဖြစ်ရပ်မှန်တစ်ခုကို နာမည်လွဲပြောင်းပြီး ခံစားရေးဖွဲ့သည်။
နိုင်းနိုင်းစနေ (Wednesday, December 24, 2008)
No comments:
Post a Comment