Wednesday, September 21, 2011

အလန်းဇယားတွေအတွက် အလန်းစကား

Cloud Cuckoo Land created a doc.
အလန်းဇယားလေးတွေကို   နေရာတကာမှာ    တွေ့ရတယ်။   ဈေးမှာ တွေ့လည်း လန်း၊   ကျောင်းမှာ တွေ့လည်းလန်း၊ ဘုရားမှာတွေ့လည်းလန်း၊ ရပ်ကွက်ထဲမှာလည်းလန်း။ အကုန်လုံးလန်း၊ ကောင်ကလေးက ကောင်မလေးကို လန်း ကောင်မလေးက ကောင်ကလေးကို လန်း၊ အဖိုးကြီးက အဖွားကြီးကို လန်း၊ အားလုံး အလန်းဇယား တွေချည်း ဖြစ်ကုန်ပါတော့တယ်။ အလန်းဇယားလေးဖြစ်ဖို့ အတွက် အလန်းစကားလေးတွေ ပြောကြည့်ရအောင်။ လန်းတယ် ဆိုတာ နှစ်မျိုးနှစ်စား ရှိလိမ့်မယ်။ ဘာတွေလည်းဆိုရင် အတွင်းစိတ် ကလေး လန်းတာရယ်၊ အပြင် ကိုယ်ခန္ဓာမှာ လန်းတာရယ် ဆိုပြီးတော့ ရှိတယ်လေ။
ဘယ်လိုအလန်းမျိုးနဲ့ လန်းကြမလဲ။
အတွင်းစိတ်လေးထဲက လန်းသွားတာဆိုရင်တော့ အကောင်းဆုံး အလန်းပေါ့။ နှင်းရည်ပက်ဖျန်း လို့ လန်းလာတဲ့ ပန်းပွင့်လေးလို ဖြူ စင်တယ်။ သန့်ရှင်းတယ်။ လှပတယ်လေ။
အတွင်းစိတ်ကလေးက မလန်းဘဲ ညစ်နွမ်းနေမယ် ဆိုရင် အပြင် ကိုယ်ခန္ဓာပေါ်မှာ အလှအပတွေ ဘယ်လောက်ပင် စီခြယ် ထားပါစေ။ "အတွင်းအပူ အပြင်မှာပေါ်" ဆိုသလို မျက်နှာပေါ် မှာ တန်ပြန် အကျိုးသက်ရောက်မှုတွေ လာပေါ်နေလိမ့်မယ်။ မျက်နှာက နီစပ်လာပြီဆိုရင် ဒေါသအတွင်းထဲမှာ ရှိနေပြီလေ။ မှုန်ကုပ်ကုပ်ဖြစ်လာပြီ ဆိုရင် မောဟအတွင်းမှာ စိုးမိုးနေပြီလေ။ အဲဒါကြောင့် အတွင်းလန်းမှ အပြင် လန်းပါလိမ့်မယ်။
... အခုခေတ်မှာ ခေတ်စားနေ တဲ့ အလန်းဇယားတွေကတော့ စုံလင်နေတာပါပဲ။ အဝတ်အစား ဒီဇိုင်းခပ်မိုက်မိုက် ၀တ်တတ်လာတဲ့သူ ဆိုရင် လန်းတယ်နော့ အလန်းဇယားပဲ ဖုန်းတကားကားနဲ့ သွားနေတဲ့သူဆိုရင်လည်း "အလန်း ဇယား"နောက်ဆုံးကုန်ကုန် ပြောရရင် ဈေးထဲကခြင်ပေါင်ရွက်၊ ကန်စွန်းရွက်ရောင်းတဲ့ အဖွားကြီး က အစ ဒီနေ့ကန်စွန်းရွက်တွေက အလန်းဇယားတွေတဲ့။ ဟုတ်မှာပေါ့လေ။ အလန်းဇယားခေတ် ရောက်ကုန်ပြီကိုး။ ကြားဖူးတဲ့ သားအဖနှစ်ယောက်ရဲ့ အလန်း ဇယား အကြောင်းက ရှိသေးတယ်။ သားလုပ်တဲ့သူက ဆံပင်ကေကို နဖူးတစ်ခြမ်းဖဲ့လေး ညှပ်လာတယ်။ အိမ်ရှေ့ထွက်တော့ အဖေလုပ်တဲ့ သူကမေးတာပေါ့။ "ငါ့သား မင်းဆံပင်က ဘာကေတုန်းကွ"ဆို တော့ "အဖေကလည်း ဒါအလန်းဇယားကေလေ"တဲ့။
ပြီးတော့ ထမင်းတူတူ စားကြတာပေါ့။ သားဖြစ်တဲ့လူက ထမင်းလေးတစ်လုပ် စားဖို့အရေးကို တခြမ်းဖဲ့ထားတဲ့ ဆံပင်လေးကို နဖူးပေါ်မြှောက်မြှောက် တင်နေရတာနဲ့ကို ထမင်းကောင်းကောင်း မစားရရှာသေးဘူးဖြစ်နေ တယ်။ အဖေလုပ်တဲ့ သူက သူ့သားကိုကြည့်ပြီး စိတ်မကောင်း ဖြစ်စွာနဲ့ ကောက်ချက်ချလိုက်တဲ့ စကားက "ဪ အလန်းဇယား အလန်းဇယား... ငါ့သားကို ထမင်းကောင်းကောင်း မစားရပါလား"ဟူသတဲ့။
တချို့ ကောင်မလေးတွေ  ရှိ ကြတယ်။ အတို၊ အကွဲလေးတွေ ဝတ်ပြီး လန်းကြတာပေါ့။ ပြေးလို့မရ၊ လွှားလို့မရ၊ ငုတ်တုတ်ထိုင်လို့ မရဆောင့်ကြောင့် ထိုင်လို့ မရနဲ့ ဒုက္ခရောက်နေလိုက်ကြတာ သူတို့တွေလည်း ထမင်းကေင်းကောင်း မစားရတဲ့ အလန်းဇယားတွေပဲလေ။ အပြင်လောကက အယောင်ဆောင် အလှအပတွေ ခြယ်မှုန်းလို့ထားတာကို အလန်းဇယားလို့ခေါ်ကြတယ်လေ။ အဲဒါ တွေဟာ အလန်းအစစ်တွေ မ ဟုတ်ပါဘူး။ အလန်းဇယား(အင်) အတုတွေပါ။
အလန်းဇယား အစစ်ဆိုတာ ကုသိုလ်ကောင်းမှုတွေကို အမြဲမ ပြတ်ပြုလုပ်နေပြီး စိတ်ထားဖြူစင် တဲ့သူကိုမှ အလန်းဇယားအစစ် လို့ခေါ်တာ။ ဘုရားသွားကုသိုလ် ယူမယ်။ သံဃာတော်တွေ ဆွမ်းလှူမယ်။ ကျောင်း ပုံမှန်တက်မယ်။ စာများများကျက်မယ်။ ဘုရားရှိခိုး တရား ဘာဝနာပွားများ နေလိုက်မယ်ဆိုရင် တကယ့် အလန်းဇယားတွေပါပဲ။
ရှေးဆရာ ဆရာတော်ကြီးတွေ ရေးစပ်ထားခဲ့တဲ့ ကဗျာလေး တစ်ပုဒ်ရှိတယ်။ ဘာတဲ့ "ရှေးက ကောင်းလို့ ယခုကောင်းပါသည်။ ယခုကောင်း နောင်ကောင်းပါလိမ့်မယ်၊ ရှေးကဆိုး ယခုဆိုးပါသည်။ ယခုဆိုး နောင်ဆိုးပါလိမ့်မယ်"။ ရှေးကပြုခဲ့ဖူးတဲ့ ကုသိုလ် ကံအရှိန်အဝါတွေကောင်းရင်တော့ ယခုအချိန်မှာလည်း ကုသိုလ်ကောင်းမှုတွေပြုဖိုရရာ လွယ်ကူပါလိမ့်မယ်။ အဲဒါဆို နောင် ဘဝအတွက်လည်း ကောင်းမှုတွေများပြီး ကောင်းကျိုးသာဖြစ်ပါလိမ့်မယ်။ ရှေးကပြုခဲ့ဖူးတဲ့ ကုသိုလ်ကောင်းမှုကလည်း  ဘာမှမရှိ၊ ယခုလည်း ပြုလုပ်ဖို့ရန် ဘာတစ်ခုမှ အားမထုတ်ဘူးဆိုရင် နောင် လည်း ဘာမှဖြစ်လာစရာ အကြောင်းမရှိပါဘူး။ မကောင်းတဲ့ လမ်းကိုသာ သွားပါလိမ့်မယ်။
တကယ်တော့ အခုချိန်ဟာ အကောင်းဆုံး အချိန်ပါပဲ။ မင်းကွန်းဆရာတော် ဘုရားကြီးရဲ့ ဩဝါဒက ယခုလက်ရှိ အချိန်ကို နိဗ္ဗာန်ရသည်အထိ အသုံးချပါ"တဲ့။ အခုထ လုပ်ပါ။ ကောင်းသော အလုပ်ဆိုတာ အချိန် မဆွဲကောင်းဘူး" အခု ထလုပ်ရင် အခုကောင်း အခုလန်းပါလိမ့်မယ်။ လန်းချင်ရင်တော့ ကောင်းမှု ကုသိုလ်များ များလုပ်ပါ။ ကောင်းတဲ့ စိတ်ဓာတ် ယုတ်ညံ့တဲ့ စိတ်ဓာတ်တွကို တစ် ခါတည်းလွှင့်ပစ်လိုက်ပါတော့" ကဗျာလေးကိုလည်း တစ်မျိုးပြောင်း ပြီး ဆိုကြည့်ရအောင်လား။
"ရှေးကလန်းလို့ယခုလန်းပါ သည်။ ယခုလန်းနောင်လန်းပါ လိမ့်မယ်။
ရှေးက မလန်းလို့ ယခုမလန်း ပါသည်။ ယခု မလန်းနောင်မလန်း ပါလိမ့်မယ်"
စိတ်ဓာတ်ကလေး လန်းရင် အားလုံးကလည်း လန်းသွားပါလိမ့်မယ်။ ပတ်ဝန်းကျင်လည်း လန်း မိမိလည်းလန်းပေါ့။ စိတ်ဓာတ်က သိပ် အရေးကြီးတယ်။ ကောင်းတဲ့ အလုပ်တွေ လုပ်ချင်တာ လည်း ဒီစိတ်ပဲ၊ မကောင်းတဲ့ အလုပ်တွေချင် လုပ်ချင်တာလည်း ဒီ စိတ်ပါပဲ။ ဒါပေမယ့် ကောင်းတာ နဲ့ မကောင်းတာကတော့ ဘယ်တော့မှ ညီမျှခြင်း လက္ခဏာ၊ Balance မဖြစ်ဘူးနော်။ မကောင်းတာကပဲ အလေးသာနေလိမ့် မယ်။ ညီမျှခြင်းဖြစ်အောင်သာ အရင်ဆုံး ကြိုးစားရမယ် မဟုတ်လား။
ကဲ လန်းချင်တယ်ဆိုရင် စိတ်ဓာတ်ကလေးကို အမြန်ဆုံး ပြောင်းလဲပြုပြင်လိုက်ပါတော့၊ အလန်းဇယားလေးတို့ရေ...။
ကဗျာလေးက ဘာတဲ့တုန်း
"ရှေးကလန်းလို့ ယခု.... မလန်းပါလိမ့်မယ်"
စိတ်ကော ရုပ်ကော လန်းပြီး သံသရာအထိ အလန်းဇယား တွေဖြစ်ကြပါစေ။

posted by ရွှေထီး (ကမ္ဘားတဲ)

No comments:

Post a Comment