Thursday, September 22, 2011

အဖော်ကောင်း မိတ်ဆွေကောင်း လိုချင်လျှင်

Cloud Cuckoo Land created a doc.
ပျော်စရာ ရှိတဲ့အချိန်မှာ အဖော်မရှားပေမယ့် စိတ်ညစ်စရာရှိတဲ့ အခါမှာ အဖော်ရှားပါတယ်။ အခုခေတ်မှာ လူတွေ များပေမယ့် အဖော်ကောင်းကတော့ တော်တော်ကို ရှားပါးတယ်။ ကိုယ့်စိတ်ထဲမှာ ရှိနေတာကို ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး စိတ်ထဲ ရှိတဲ့ အတိုင်း ပြောပြလို့ ရတဲ့သူ ပြောရင် အချိန်ပေးပြီး နားထောင်ပေးမယ့်သူ ကူညီခံစားပေးမဲ့သူ ကိုယ်ချင်းစာပြီး ကူညီဖေးမမဲ့သူ တော်တော်လေးကို ရှားပါတယ်။ တကယ်လို့များ သင့်မှာ အဲဒီလို အဖော်ကောင်း တစ်ယောက်လောက် ရှိထားတယ်ဆိုရင်တော့ သင့်ကိုယ်သင် ကံကောင်းတဲ့သူလို့ မှတ်ယူ ထားလိုက်ပါ။ တကယ်လို့ မရှိသေး ဘူးဆိုရင် သင့်အတွက် အဖော်ကောင်း မိတ်ဆွေကောင်း မလိုအပ်ဘူးလား။ သင်ကိုယ်တိုင်တောင်မှ အဖော်ကောင်း မိတ်ဆွေကောင်း လိုအပ်တယ်ဆိုရင် အခြားလူတွေ အတွက်ရော အဖော်ကောင်း မိတ်ဆွေကောင်း မလိုအပ်ဘူးလား။ ကိုယ်တိုင်ကရော အခြားသူအတွက် အဖော်ကောင်း မိတ်ဆွေကောင်း ဖြစ်နိုင်ပါရဲ့လား။ သင်ကိုယ်တိုင် အဖော်ကောင်း မိတ်ဆွေကောင်း လိုချင်ရင် သင်ကိုယ်တိုင် အဖော်ကောင်း မိတ်ဆွေကောင်း ဖြစ်သင့်ပါတယ်။ ကိုယ့်ဘက်ကစ၍ ကိုယ်နဲ့ ဆက်ဆံရတဲ့ သူတွေအတွက် အဖော်ကောင်း မိတ်ဆွေကောင်း ဖြစ်အောင် ကြိုးစားကြည့်လိုက်ပါ။ အကောင်းဆုံး ဖြစ်အောင် လုပ်တယ်ဆိုတာ ကြီးကျယ်တဲ့ ကိစ္စတွေကိုမှ ပြောတာ မဟုတ်ပါဘူး။ အသေးအမွားလေးတွေကစပြီး  အကောင်းဆုံး ဖြစ်အောင် ကြိုးစားကြည့်လိုက်ပါ။ လူတိုင်းမှာ နေ့စဉ် လုပ်နေရတဲ့ အလုပ်တွေ အများကြီး ရှိပါတယ်။ တွေ့ဆုံ ဆက်ဆံရတဲ့ သူတွေလည်း အများကြီး ရှိပါတယ်။ နေ့စဉ် အလုပ်တွေကို လုပ်နေရင်း လူတွေနဲ့ ဆက်ဆံနေရင်းမှာပင် အကောင်းဆုံးစိတ်ထားနဲ့ လုပ်မယ် အကောင်းဆုံးစိတ်ထား နဲ့ ပြောဆိုဆက်ဆံမယ်ဆိုရင် ကိုယ့်ရဲ့ ပြောဆို ဆက်ဆံပုံ ပိုကောင်းလာပါလိမ့်မယ်။ အကောင်းဆုံး စိတ်ထား အကောင်းဆုံး စေတနာနဲ့ လုပ်မယ်ဆိုရင် ကိုယ်တိုင်က ကောင်းတဲ့သူ ဖြစ်လာပါလိမ့်မယ်။ ကိုယ့်ဘက် က ရှုံးတယ်လို့ မထင်လိုက်ပါနဲ့ ကိုယ်တတ်နိုင်တဲ့ အကူအညီကို မပေးလိုက်တာ သည်းခံသင့်မှန်း သိရက်နဲ့ သို့မဟုတ် သည်းခံနိုင်ပါရက်နှင့် သည်းမခံတာ ၊ ပေးသင့် သလောက် မပေးလိုက်တာတွေဟာ ပြန်တွေးကြည့်ရင် စိတ်ကျေနပ်စရာ မကောင်းပါဘူး။ လူမှုဆက်ဆံရေးမှာ ကိုယ့်ရဲ့ အကောင်းဆုံးစိတ်ထားနဲ့ ဆက်ဆံမှသာ အဲဒီဆက်ဆံရေးမှာ ကိုယ့်အတွက်ရော ကိုယ်နဲ့ ဆက်ဆံရတဲ့သူအတွက်ပါ ကျေနပ်စရာကောင်းပြီး အကျိုးများမှာ ဖြစ်ပါတယ်။ ကိုယ့်အတွက် အသုံးချဖို့ ဆိုတဲ့ ဆက်ဆံရေးနဲ့ ဆက်ဆံနေမယ်ဆိုရင် ကျေနပ်စရာ မကောင်းပါဘူး ။ တစ်ယောက်နဲ့ တစ်ယောက်ဆက်ဆံရေးမှာ ဟန်ဆောင်နေတယ် ၊ ညာနေတယ် ဆိုရင် တကယ်ကို ပင်ပန်းပါတယ်။ လွတ်လပ်မှု မရှိပါဘူး။ လူတွေမှာ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ လွယ်ပေမယ့် စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက် မေတ္တာနဲ့ အားပေးမှု နားလည်ခံစားပေးနိုင်မှု ကိုယ်ချင်းစာပေးနိုင်မှု စတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ခက်ခဲပါတယ်။  ငါကောင်းရင် သူတို့မဆိုးပါဘူးလို့ တွေးကြည့်လိုက်ပါ ပေါင်းသင်းလို့ ကောင်းတဲ့လူတွေ အများကြီး ရှိတယ်ဆိုတာ သင်ကိုယ်တိုင် တွေ့လာပါလိမ့်မယ်။ ကိုယ့်ဘက်က စေတနာ မှန်ဖို့ပဲ လိုပါသည်။ လူမှုဆက်ဆံရေးတွင် သင်ကောင်းလျှင် ကျွနုပ် မဆိုးပါ မဟုတ်ပဲ သင်မကောင်းလည်း ကျွနုပ်မဆိုးပါ ဖြစ်နေသင့်ပါသည်။

posted by unknown

No comments:

Post a Comment