Wednesday, September 21, 2011

ရွာဓလေ့မို့ ( ၃ )

by May Kyi on Wednesday, September 21, 2011 at 7:17pm
 
ဝါတွင်းသုံးလလုံးလုံး ဥပုသ်နေ့မနက် ဆွမ်လောင်းဘို့အတွက် လုပ်ကြတဲ့မုန့်တွေ အကြောင်းကို ပြောချင်သေးတယ်။ ပြောခဲ့တဲ့အတိုင်း ကျွန်မတို့ရွာက အနီးအနားပတ်ဝန်းကျင် ရွာ ၅ ရွာက ဘုန်းကြီးကျောင်းအကုန်လုံး ပင့်ပြီး ဥပုသ်နေ့မနက်တိုင်း ဆွမ်းနဲ့ မုန့်မျိုးစုံ လှုတန်းကြပါတယ်။ ဒီတော့ အဖိတ်နေ့တိုင်းလိုလို အိမ်တိုင်း မုန့်လုပ်ကြပါတယ်။

ကျွန်မတို့အိမ်က လုပ်နေကြမုန့်က ပလောပီနံဥမုန့် ( ထားဝယ်လို တန်းဥမု )။ ပီလောပီနံအစိမ်းကို ခြစ်ပြီး ထန်းလျက်နဲ့ နယ် အုန်းသီးဖြူးပြီး ဖက်နဲ့ထုပ်ကာ ရေနွေးငွေနဲ့ပေါင်းတဲ့ မုန့်ပါ။ ဖက်က ထားဝယ်လို “ယစ်ဖတ်” လို့ခေါ်တဲ့ ဖက်ရွက်တမျိုးနဲ့ ထုပ်တာပါ။ မုန့်ပေါင်းလို့ ကျက်သွားရင် ဖက်အနံ့ ပီလာပီနံအနံ့ အုန်းနို့အနံ့ ရောနေတဲ့ မွှေးပျံ့လှတဲ့အနံ့ကို ကျွန်မ ကြိုက်တယ်။ ပီလောပီနံဥကို အုန်းနို့နဲ့ပေါင်းစားတာကိုလဲ တအားကြိုက်ဘဲ။ ထားဝယ်အိမ်က လူကြုံပို့တိုင်း ကြာဥ နဲ့ ပီလောပီနံဥ အမြဲပါတယ်။ ( ရန်ကုန်က ပီလောပီနံဥက ပြုတ်လို့မကျက်ဘူး။)


ကျွန်မတို့ ကပ်ရက် အရှေ့အိမ်က မိမိညီမ၀မ်းကွဲအိမ်ပါ။ သူတို့အိမ်က အမြဲလုပ်တဲ့မုန့်က ဖွတ်မုန့်ပါ။ မုန့်ပေါင်းလို မုန့်တမျိုးဘဲ။ လင်ပန်းထဲ မုန့်နှစ်ထည့်ကာ မိုးဗြဲဒယ်ကြီးနဲ့ပေါင်းတာပါ။ ပူနေတုန်း စားကောင်းပေမဲ့ အေးသွားရင် လုံးလုံး စားမကောင်းတဲ့ မုန့်။ ကျွန်မ လုံးဝ မကြိုက်ဘူး။ မိမိက ကိတ်မုန့်ကို အင်္ဂလိပ်ဖွတ်မုန့်လို့ခေါ်ပြီး လုံးဝမကြိုက်ဘူး။ ကိတ်စားရင် အပေါ်ယံ ကရင်မ်တွေစားပြီး ကိတ်မုန့်သားကို ဘယ်တော့မှမစားဘူး။


မျက်နှာချင်းဆိုင် အိမ်က ဘွားကျင်နွယ်ကတော့ မုန့်ကျွဲသည်း ထိုးတယ်။ ရွာအနောက်ပိုင်းထဲက ကျွန်မတို့ဘွားလေးလှသီးကတော့ မြရာရွက်နဲ့ ထုပ်တဲ့ မုန့်ဖက်ထုပ်အမြဲလုပ်တယ်။ မြရာရွက်အနံ့မွှေးနေတဲ့ မုန့်ဖက်ထုတ်သေးသေးလေးတွေကို ကြိုက်လွန်းလို့ ဘွားလေး လှသီးကို မုန့်များများထုပ်ပေး ကျွန်မအတွက် ချန်ပေးလို့ တကူးတက တောင်းဆိုရတယ်။ တခါတလေ ဘွားလေးက ထားဝယ်လို ဘွတ်ဝက်လို့ခေါ်တဲ့ ကတွတ်ရွက်နဲ့ ထုပ်တဲ့ ထန်းသီးမုန့်လုပ်တယ်။ အား ကတွတ်ရွက်နဲ့ထုပ်တဲ့ မုန့် ဘယ်လောက် စားကောင်းလဲ။ ဘွတ်ဝက်နဲ့ ငါးတွတ်(ငါးမီးအုံး) စားတာလဲအရမ်းကောင်းတယ်။


ဖေရဲ့အဒေါ် ဘွားလေးကျင်လှိုင်အိမ်ကတော့ မုတီကွေး လို့ခေါ်တဲ့ မုန့်ပေါင်း တမျိုးလုပ်ပါတယ်။ အီကွေ့လို့ စေးကပ်ကပ်မုန့်တမျိုးပါ။ သူလဲ မုန့်နှစ်အရည် နှမ်းအမည်း အုန်းသီး ငှက်ပျောသီးမှည့်မှည့် အကုန်ရောချေ မွေ ထားပြီး ရေနွေးငွေ့နဲ့ ပေါင်းတာဘဲ။ လင်ပန်းအောက်ဖက်မှာ ငှက်ပျောရွက် ခံထားပြီး မုန့် ကျက်ရင် ဒါးနဲ့လှီး စားရတယ်။ ဘွာကျင်လှိုင်လုပ်တဲ့ မုတီကွေး အရမ်းစားလို့ကောင်းတယ်။ မိအိုတို့အိမ်ကလဲ ခဏခဏ အဲဒီမုန့်လုပ်တယ်။


နောက် ဒေါ်ဒေါ်လုပ်တဲ့မုန့်က မုဖက်ကပ်။ မုန့်အ၀ိုင်းလေး အောက်က ငှက်ပျောရွက်နဲ့ခံထားတယ်။ အဲဒီမုန့်ကို တရုတ်တန်းမှာ တွေ့ရတယ်။ မုန့်သားအ၀ိုင်းမှာ ဆေးနီလေးနဲ့။ ကျွန်မတို့ရွာကလုပ်တဲ့ မုန့်တော့မတူဘူး။ ရွာမှာလုပ်တဲ့ မုန့်က မုန့်သားတွေမှာ နှမ်းအနက်တွေ အပြည့် ဖြူးထားတာ။ မုန့်သားကိုက စားကောင်းလှပြီ။ အထဲက အစာ ပဲ အုန်းသီးနဲ့ဆို သုံး လေး ခုလောက် ပါးစပ်ထဲ ပစ်သွင်းမိတာဘဲ။


မျက်စောင်းထိုးအိမ်ကလုပ်တဲ့ မုန့်က ဒွန် (ကောက်ညှင်းထုပ်)။ ဒွန်ကို အမျိုးမျိုးလုပ်ကြတယ်။ ပဲကောက်ညှင်းထုပ် ငှက်ပျောသီးကောက်ညှင်းထုပ် လုပ်တဲ့အပြင် အဖြူထည် ဖင်ချွန်းချွန်းလေးတွေ လုပ်တယ်။ အချိုမပါဘဲ အုန်းသီးဖတ်လေးတွေနဲ့ အဆိမ့်လုပ်ကြတယ်။ တခါတလေ အဖြူထည်ကို  ဒါးနဲ့လှီး သကြား အုန်းသီးနဲ့ နယ်ပြီး လုပ်ကြတယ်။ (အဲဒီမုန့်ကိုတော့ ဦးရှင်ကြီး တင်ရင် လုပ်ကြတယ်။ မုန့်ဆမ်း သို့မဟုတ် ဒွန် သကြားနယ် ပေါ့ )


နောက် ပြာရည်ထုပ်လိုမျိုး ဒွန်သေးသေးလေးတွေ လုပ်သေးတယ်။ ကျွန်မတို့က ဒွန်မ လို့ခေါ်တယ်။ အဲဒီ ဒွန်မကို ဆားနယ်ထားတဲ့ အုန်းသီးဖတ်နဲ့ စားတယ်။ နောက်ပြီး အုန်းနို့ သကြားရည်နဲ့ စိမ်စားတယ်။ ဒွန်အဖြူထည်ကိုလဲ ဒါးနဲ့လှီးပြီး ဆမ်းစားလေ့ရှိပါတယ်။ မေလ ရွာပြန်တုန်းက ကျွန်မ ကြိုက်မှန်းသိလို့ ယောက်မက အများကြီး ၀ယ်လာတယ်။


ရွာထုံးစံ သင်္ကြန် ၀ါဝင် ၀ါထွက် မလုပ်မဖြစ်ကတော့ မုဆီဒိုးခွာ(မုန့်ဆီကြော်)ပေါ့။ အများကြီးလဲ လုပ်ကြတော့ တအိမ်နဲ့တအိမ် ၀ိုင်း ကူလုပ်ကြရတာ အိမ်က မုန့်ဆီကြော်အိုးလဲ ရွာလုံးပတ်လည်ရောက်သလို လူကြီးတွေလဲ နေကုန်နေခမ်းဘဲ ကူကြရတယ်။


တချို့အိမ်တွေက ကြံပန်းခိုင်လေးတွေ လုပ်ကြတယ်။ လုံးဝမအားတဲ့လူတွေကတော့ ငှက်ပျောသီးမှည့် ဘီစကစ်မုန့်ထုပ် မုန့်အခြောက်တွေ လှုကြပါတယ်။ အားရက်သားနဲ့ မုန့်အစို မလုပ်တဲ့အိမ်ကို အပျင်းထူတဲ့မိန်းမတွေလို့ သတ်မှတ်ကြတယ်။ မုန့်ကလေးကိုမှ မလုပ်ဘူးပေါ့။ ဆန် ကောက်ညှင်း သကြား အုန်းသီးရှိရင် မုန့်ဆိုတာ အမျိုးမျိုးလုပ်လို့ရတာကိုး။
ကျွန်မကတော့ ဆင်အံ ငှက်ပျောသီးမှည့်မှည့် လောင်းတဲ့အိမ်နဲ့ မုန့်လဲခဲ့ပါလို့ ဆွမ်းလှုတဲ့ အမကြီးကို မှာထားတယ်။ မုန့်က အမြဲပိုလုပ်ကြတော့ ဆွမ်းလှုပြီးရင် မုန့်လဲကြတာ ထုံးစံကိုး။ ဘုန်းကြီးကျောင်းရောက်သွားတဲ့ တောင်းကြီးထဲမှာ မုန့်တွေမျိုးစုံ။ အဲဒီအထဲကမှ ကျွန်မ ကြိုက်တဲ့ ဆင်အံ ငှက်ပျောသီးအလုံးကြီးတွေ ပီလောပီနံမုန့်ထုပ်တွေ နေ့လည်ခင်းဆို ဘုန်းကြီးကျောင်းက ကပ္ပိက ဦးဘအေးဆီကတဆင့် ကျွန်မဆီ မှောင်ခိုနည်းနဲ့ ရောက်လာသေးတယ်။


ဘုန်းကြီးကျောင်းက ကပ္ပိက ဦးဘအေးက ကျွန်မတို့ရွာသားမဟုတ်ဘူး။ သူက အရင်က စစ်သားပါ။ ကွန်မြူနစ် ကြီးစိုးတဲ့ခေတ်က ရွာမှာ တိုက်ပွဲဖြစ်ပြီး သူတို့ အရေးနိမ့်ချိန် ကွန်မြူနစ်တွေ လိုက်ဖမ်းတော့ ဘုန်းကြီးကျောင်းက ဖွတ်ထားပေးခဲ့လို့ အသက်ရှင် ကျန်ခဲ့တဲ့သူပါ။ နောက် တပ်ကထွက်ပြီး သူ့အသက်သခင် ရွာ ဘုန်းကြီးကျောင်းမှာ ကပ္ပိယ လာလုပ်ပါတယ်။  ရွာ ကျောင်းထိုင်ဆရာတော်က မိအိုမောင်အရင်း ကျွန်မတို့ ဘိုးလေးပါ။ ဘုန်းကြီးကျောင်းကိစ္စရှိတိုင်း ဦးဘအေးက အမြဲလုပ်ပေးနေတော့ ကျွန်မတို့နဲ့ သိပ်ကျွမ်းဝင်ပါတယ်။


သူ ကျွန်မတို့အိမ်မှာ ရေလာ လာချိုးတယ်။ ကျွန်မတို့ကို ရေခပ်ပေးချိုးတယ်။ ကျွန်မက ၉ တန်း ၁၀ တန်းမှာ ဘက်ထရီးမီးနဲ့ စာဖတ်တော့ နေ့တိုင်း ထားဝယ်မြို့ပေါ်တက် ဘက်ထရီ အားသွင်းတဲ့အလုပ် ဒိုင်ခံလုပ်ပေးပါတယ်။ ဖေက သူ့ကို စက်ဘီးတစီး ၀ယ်ထားပေးတယ်။ အဲဒီ စက်ဘီးနဲ့ နေ့တိုင်း မြို့တက်ကာ ကျွန်မတို့အိမ်အတွက် သတင်းစာ ယူတယ်။ ကက်ဆက်ခွေ ငှားပေးတယ်။ ဘက်ထရီ အားသွင်းတယ်။ ကျွန်မတို့ လိုချင်တဲ့အရာ မှာတယ်။
 
သူက ဥပုသ်နေ့ ညနေတိုင်း  သူ ရေလဲပုဆိုးလေးနဲ့ ထုပ်ပြီး မုန့်တွေ ငှက်ပျောသီးတွေ ကျွန်မအတွက် ယူ ယူ လာတတ်တယ်။ တော်သလင်းလပြည့် ဆွမ်းတော်ကြီးတင်ပြီး နောက်ရက်ဆို ဘုန်းကြီးကျောင်း မောင်း ထု လိုက်ရင် တရွာလုံးက ကလေးတွေ ကျောင်းသွား မုန့် ယူကြတယ်။ ကျွန်မကတော့ အိမ်ကနေပြီး ဦးဘအေး လာပို့တာ ထိုင် စားတယ်။

ဆွမ်းလှုတဲ့မုန့်မဟုတ်ဘဲ ရွာမှာ အပျော် မုန့်လုပ်စားကြသေးတယ်။ ဥပုသ်နေ့ နေ့လည်ဆို ရွာက အပျိုတွေ ထုပ်ဆီးထိုး ဂုံညင်းထိုး ကစားနည်းတွေ ကစားကြတယ်။ ပြီးရင် သူတို့ မုန့်လုပ်ကြတယ်။ မုကျေးယားကြာယား လို့ ထားဝယ်ခေါ်တဲ့ မုန့်တမျိုးဆို လုပ်ရတာအရမ်းကြာလို့ လက်ဝင်လို့ အပျိုတွေ လူစုံမှ အင်အားများများနဲ့ လုပ်ကြတာ မှတ်မိသေးတယ်။ မုခွက်ဟား လို့ခေါ်တဲ့ မုန့်လင်မယားကိုလဲ လုပ်ကြတယ်။ ကျွန်မတို့ဆီက မုန့်လင်မယားက သေးသေးကလေးကို ဆီနဲ့ကြော်တာ  မဟုတ်ဘူး။ လုပ်တဲ့အိုးက မြေအိုးကလေးပါ။ မုန့်ရည်ထည့်တဲ့ခွက်ကကြီးတယ်။ ခွက်ကိုဆီသုတ်ပြီး မုန့်ရည်ထည့် ပလောပီနံဥပြုတ်ကိုချေထည့် အုန်းနို့အများကြီးထည့်ပြီး လုပ်တာပါ။ ဆီတရွှဲရွှဲနဲ့ကြော်တာ မဟုတ်ဘူး။ အုန်းနို့ကဆိမ့် ပလောပီနံဥကဆိမ့်တော့ အရမ်းစားကောင်းတယ်။ ပီလောပီနံဥ မပါဘဲ အုန်းနို့အများကြီးထည့်ပြီးလဲ လုပ်ကြတယ်။  အုန်းသီးပေါတဲ့အရပ်ဆိုတော့ မုန့်တိုင်းလိုလို အုန်းသီးမပါတာကို မရှိဘူး။

အခုတော့ ရွာမှာလဲ မုန့် မလုပ်ကြတော့ဘူး။ အဖိတ်နေ့တွေလဲ လွယ်လွယ် ၀ယ်လို့ရတဲ့ မုန့်ထုပ်တွေဘဲ လှုကြတော့တယ်တဲ့။ ရွာမှာနေတဲ့ ကျွန်မညီမဆို  ကျောင်းတဖက်နဲ့ မအားဘူး အကြောင်းပြကာ ၀ါဝင်ဝါထွက် တောင်မှ မုန့်လုပ်ရောင်းတဲ့လူဆီက မုန့်ဆီကြော် ၀ယ်ပြီး ဆွမ်းတော်တင်ကြတော့တယ်။ ရန်ကုန်မှာနေတဲ့ ကျွန်မတို့ကသာ ရွာ လွမ်း စိတ်နဲ့ မုန့်ဆီကြော် အိုးသေးသေးလေးနဲ့ မုန့်လုပ်နေကြသေးတယ်။ ဓလေ့ထုံးစံတွေ ရိုးရာမုန့်တွေ တဖြည်းဖြည်းနဲ့ ပျောက်ကွယ်လာပြီး ရွာက ကလေးတွေ မုန့်လုပ်နည်းတွေ မသိကြတော့ဘူး။ ဓလေ့ရိုးရာ ပျောက်ကုန်တဲ့အထိ ငွေကြေးရော စိတ်ဓာတ်ပါ မွဲတေဆင်းရဲသွားကြပြီ။

No comments:

Post a Comment