Wednesday, September 21, 2011

ချမ်းသာမှုဆိုတာ...........

Cloud Cuckoo Land created a doc.
လောကဓံတရားကို လူတိုင်းက မြင်မိတတ်သည်မှာ အဆိုးဘက်၌ ဖြစ်သော အကျိုးအကြောင်းများကိုသာ ထင်မှတ်နေတတ်ကြသည်။ လောကဓံတရားဟု ဆိုရာတွင် အဆိုးဘက်ဖြစ်တည်နေသော ရလာဒ်များ အပြင် အကောင်းချည်း ဖြစ်တည်နေခြင်းသည်လည်း လောကဓံပင်။ ထိုသို့ အဆိုးဖြစ်ရပ်၊ အကောင်းဖြစ်ရပ် ဟု ဆိုရာတွင်လည်း မိမိ၏ စိတ်သဏ္ဍန် သတ်မှတ်မှု၊ မိမိစိတ်က ရှုပွားတတ်မှုများက ပဓာနကျသည်။ လောက၌ နေတတ်က စိတ်ချမ်းသာစရာဖြစ်သလို သောက,ဗျာပါဒတွေသာ မိမိစိတ် သဏ္ဍန်တွင် တည်နေ ပါကလည်း စိတ်မချမ်းမွေ့ဖွယ်ရာများပင်ဖြစ်၍ နေပါမည်။ ဆင်းရဲခြင်း၌ဖြစ်သော လောကဓံ၊ ချမ်းသာခြင်း၌ ဖြစ်သောလောကဓံ ဟူသမျှကို အောင်မြင်နိုင်မှ မိမိဘဝခရီး ချောမွေ့ပေလိမ့်မည်မှာ မလွဲဧကန်ပင်။
တစ်ရက်က ၅ တန်းတွင် ကျောင်းတက်နေသော သမီးကြီးနှင့် လမ်းလျှောက်ရင်း သမီးက ပြောနေသော စကားများကို မိမိစိတ်ထဲ ထပ်ကာ တလဲလဲ ပြန်ကြားနေမိသည်။ သမီးက အထပ်မြင့် တိုက်ကြီး၏ ခမ်းနားထည်ဝါမှုကို မက်မောနေသည် ထင်သည်။ သမီးက "ဖေဖေ .. ထီပေါက်ရင် အဲလိုတိုက်ကြီးနဲ့ နေရအောင်" ဟုပြောသည်။ သမီးက ငယ်ငယ်ကတည်းက ဆိုင်ကယ်နဲ့ အပြင်ကို သွားကြရင်း မိုးမိခဲ့သည့် အခါ မှာလည်း"ဖေဖေ...ဒီဆိုင်ကယ်ကြီး ရောင်းပြီး ကားဝယ်ပါ့လားဖေဖေ၊ ကားနဲ့ဆိုရင် မိုးမစိုတော့ဘူး" ဟု ကလေးတို့၏ တွေးတောမှု အတိုင်း ပြောစဉ်ကလည်း မိမိ စိတ်ထဲတွင် သမီးကိုကြည့်ရင်းပြုံးပြကာ မည်သို့သော အဖြေစကားကိုမျှ မပြောကြားခဲ့။ ခုတစ်ချိန်မှာဖြင့် သမီးက အရာ အားလုံးကို လေ့လာနေသည့် အရွယ်ဖြစ်နေတာကြောင့် တိုက်အမြင့်ကြီး နှင့် နေချင်သည်ဟုဆိုသော သမီးစကားကို လမ်းလျှောက်ရင်း နားဝင်အောင် ပြောပြခဲ့သည်။ သမီးကလည်း နားထောင်ရင်း "ဟုတ် ဖေဖေ" ဟု ဆိုနေပြီး သူစိတ်ထဲ လိုချင်စိတ်လျော့ပါးသွားသည်ဟု ထင်ရသည်။

မိမိက သမီးကို "ရှိခြင်း" နဲ့ မရှိခြင်း" တို့၏ သောက စိတ်လျော့ပါးပုံကို သမီးနားလည်အောင် ပြောပြရသည်။ "သမီး... အရင်နေ့က သမီးရဲ့ ကွန်ပါဗူး အသစ်လေးကို ဖေဖေဝယ်ပေးတာ ဈေးလည်းကြီးတယ်၊ လှလည်း လှတယ် မဟုတ်လား" ဆိုပြီး သမီးကို မေးသည့်အခါမှာလည်း သမီးက ထုံးစံအတိုင်း "ဟုတ်..ဖေဖေ" ဟုဖြေသည်။ "အရင် ကွန်ပါဗူး အဟောင်းလေးတုန်းကတော့ သေသေချာချာ ဂရုစိုက်မကိုင်ဘူး မဟုတ်လား၊ အခု ကွန်ပါဗူးကိုတော့ သမီးပျောက်သွားမှာ မစိုးရိမ်ဘူးလား" လို့ မေးလိုက်သည်။ သမီးက "ဟုတ်...ဖေဖေ "လို့ ဆက်ဖြေပါ သည်။ မိမိကလည်း သမီး...ဖေဖေတို့မှာ တစ်စုံတစ်ခု ပိုရှိလာပြီ၊ ပိုပြီး ပိုင်ဆိုင်ခွင့်ရလာပြီ ဆိုရင် အဲဒီ တစ်စုံတစ်ခုအတွက် ဆုံးရှုံးသွားမှာ၊ ပျက်စီးသွားမှာ ဆိုတဲ့ စိုးရိမ်ကြောင့်ကြစိတ်တွေပါ ပူးတွဲ ရလာတာပါပဲ သမီးရယ်... တစ်ကယ်တော့ ရှိခြင်း ရလာဒ်တွေရဲ့ သောက,ဗျာပါဒ၊ မရှိခြင်း ရလာဒ်တွေရဲ့ လိုချင် တပ်မက်မှုလောဘ၊ စတာတွေ အားလုံးထဲမှာ မရှိခြင်းဆိုတဲ့ ရလာဒ်က လိုချင်တပ်မက်မှု ဆိုတဲ့ လောဘစိတ်ကလေးကို ပယ်ဖျောက်တတ်ရင် စိတ်ချမ်းသာသေးတာပေါ့" ဟုပြောပြသည်။

သမီးက ရှိခြင်းရဲ့ စိုးရိမ်ကြောင့်ကြမှုကို ကလေးအတွေးနှင့် ပြန်ဖြေသည်။"ဖေဖေ ဒါဆိုရင် သမီးတို့မှာ ဘာမှမရှိဘူး ဆိုရင် သူခိုးလည်းလာ မခိုးတော့ဘူးပေါ့နော်" ဆိုတော့ သမီးရဲ့ အဖြေစကားမှာ ပြုံးမိရပြန်ပါသည်။ ဓမ္မပဒတွင်လည်း "ငါတို့မှာ စိုးရိမ်ကြောင့်ကြစရာ တစ်စုံတစ်ခုမျှ မရှိ၊ ချမ်းသာစွာ ငါတို့နေကုန်၏ အာဘဿရဘုံ၌ဖြစ်ကုန်သော ဗြဟ္မာတို့သည် နှစ်သက် ဝမ်းမြောက်ခြင်း(ပီတိ)တည်းဟူသော အစာ ကိုသာအားထား၍ နေကြကုန်သကဲ့သို့ ငါတို့သည် ပီတိတည်းဟူသော အစာကို အားထား၍နေကုန်အံ့" ဟုဆိုထားသည် မဟုတ်ပါလော...။
...
posted by အယ်ဒီတာချုပ်(shade journal)

No comments:

Post a Comment