ပြည်သူလူထု အကျိုးစီးပွား
(Public
Interest)
ပြည်သူများအတွက်
အုပ်ချုပ်သောအစိုးရဟူသော လမ်းညွှန်သဘောတရားသည် အစိုးရအဖွဲ့တွင် ပါဝင်သော ပုဂ္ဂိုလ်များ၏
အကျိုးစီးပွား(Interest) ထက်အအုပ်ချုပ်ခံ ပြည်သူလူထု၏ အကျိုးစီးပွားကို အဓိကထား၍ အုပ်ချုပ်ရေးချမှတ်ရမည်ဟူသော
အဓိပ္ပါယ်ကိုရစေသည်။ ၁၉၉၁ ခုနှစ် ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည်
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အဖွဲ့၏ ဖမ်းဆီး ထိန်းသိမ်းခြင်းမခံရမီ ပြောကြားခဲ့သော
မိန့်ခွန်းတစ်ခုတွင် “ပြည်သူလူထုဟာ အစိုးရနေစေချင်သလို နေဖို့မဟုတ်ဘူး၊ အစိုးရများက
သာ ပြည်သူလူထုနေစေချင်သလို နေဖို့ဖြစ်တယ်” ဟုထည့်သွင်းပြောကြား ခဲ့သည်။ ထိုမိန့်ခွန်း၏
ဆိုလိုရင်း အဓိပ္ပါယ်သည် သမ္မတ အီဗရာဟမ်လင်ကွန်း၏ ပြည်သူများအတွက် အုပ်ချုပ်သော အစိုးရဆိုသည့်
လမ်းညွှန် သဘောတရား၏ အဓိပ္ပါယ်နှင့် အတူတူပင်ဖြစ်သည်။
ပြည်သူလူထု၏ အကျိုးစီးပွားများကို
အုပ်ချုပ်သော အစိုးရများက အလေးထားဆောင်ရွက်ရမည်ဟူသော လမ်းညွှန်ချက်ဖြစ်သည်။ ပြည်သူလူထုအကျိုးစီးပွားဆို
သည်ကို စီးပွားရေးတစ်ခုတည်းအဖြစ် ရှုမြင်ရန်မဟုတ်ပေ။ ပျော်ရွှင်လွတ်လပ်သော လူ့ဘ၀တစ်ခုအတွက်
စီးပွားရေးအပြင် အခြားသော လိုအပ်ချက်များရှိနေသေးသည်။ ပျော်ရွှင်လွတ်လပ်သော လူ့ဘ၀တစ်ခု
တည်ဆောက်နိုင်ရေးအတွက် မရှိမဖြစ်အခြေခံလိုအပ်ချက်အဖြစ် နိုင်ငံရေးတွေးခေါ်ပညာရှင် ဂျွန်လော့ခ်
(John Locke , 1632-1704) ၏အယူအဆများတွင် လေ့လာတွေ့ရှိရသည်။
နိုင်ငံသားတိုင်းတွင်
မိမိတို့အကျိုးစီးပွားအတွက် အစိုးရက အုပ်ချုပ်စေရန် အစိုးရကိုကန့်သတ်နိုင်သော အခွင့်အရေးများရှိသည်။
ထိုအခွင့်အရေးများသည် သဘာဝက အပ်နှင်းထားသော အခွင့်အရေးများ (Natral Rights) အဖြစ် ဂျွန်လော့ခ်
ရှုမြင်သည်။ ဘသာဝ အခွင့်အရေးများတွင် အသက်ရှင်ရပ်တည်မှု၊ လွတ်လပ်မှုနှင့် ပိုင်ဆိုင်မှု
(Life, Liberty, and Property) တို့ ပါဝင်ကြောင်း ဂျွန်လော့ခ်က ခွဲခြားတင်ပြထားသည်။
အသက်ရှင် ရပ်တည်မှုနှင့် ပတ်သက်ဆက်စပ်သော အခွင့်အရေးများ၊ လွတ်လပ်မှုနှင့် ပတ်သက်ဆက်စပ်သော အခွင့်အရေးများ ဥစ္စာဓန ရှာဖွေပိုင်ဆိုင်မှုနှင့်
ပတ်သက်ဆက်စပ်သော အခွင့်အရေးများသည် လူသားတိုင်း ပျော်ရွှင် လွတ်လပ်မှုအတွက်လိုအပ်သော
အခွင့်အရေးများ တနည်းအားဖြင့် ပြည်သူလူထုကြီး တရပ်လုံး၏ အကျိုးစီးပွားလည်းဖြစ်သည်။
ဂျွန်လော့ခ်၏ သဘာဝအခွင့်အရေး ဆိုသည်ကို အသက်ရှင်ရပ်တည်မှု ၊ လွတ်လပ်မှုနှင့် ပိုင်ဆိုင်မှု
အခွင့်အရေးများဟု နားလည်ရမည်ဖြစ်သကဲ့သို့ မျက်မှောက်ခေတ်တွင် ပြည်သူလူထု၏ အကျိုးစီးပွား
(Public Interest) ဟု ဆိုလျှင်လည်း ဤအခွင့်အရေးများပင်ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းအပါအ၀င်
ကုလသမဂ္ဂပြဌာန်းချက်များက အာမခံသည့် အခြေခံလူ့အခွင့်အရေးများလည်း ဖြစ်နေသည်။ ထိုအခွင့်အရေးများသည်
ဘသာဝအခွင့်အရေးများပင် ဖြစ်သည်ဟုလည်း မျက်မှောက်ခေတ်တွင် အသိအမှတ်ပြုကြသည်။
အသက်ရှင်ရပ်တည်မှု၊ လွတ်လပ်မှုနှင့် ပိုင်ဆိုင်မှု
အခွင့်အရေးများကို တွဲဖက်၍သာ ပုဂ္ဂိုလ်တဦးချင်းစီ၏ အခွင့်အရေးအဖြစ်လည်းကောင်း၊ ပြည်သူလူထုကြီး၏
အကျိုးစီးပွားအဖြစ် လည်းကောင်း သတ်မှတ်ရမည် ဖြစ်သည်။ အုပ်ချုပ်သော အစိုးရများသည် တခုစီ
သို့မဟုတ် နှစ်ခုကိုကန့်၍ အာမခံလုပ်ဆောင်ပေးရုံမျှဖြင့် အစိုးရတာဝန် ကျေပြီဟု ဒီမိုကရေစီအရှိန်အဟုန်ဖြင့်
ထွန်းကားလာနေသော ယနေ့ခေတ်ကာလတွင် ဆင်ခြင်ပေး၍ မရနိုင်ချေ။ အာရှတိုက်နိုင်ငံများနှင့်
အချို့သော တတိယကမ္ဘာနိုင်ငံများသည် ၁၉၉၃ ခုနှစ်၊ ဇွန်လအတွင်းက ဗီယင်းနာမြို့တွင် ကျင်းပခဲ့သော
ကမ္ဘာ့လူ့အခွင့်အရေး ညီလာခံတွင်းလည်းကောင်း၊ အခြားအချိန်များတွင် လည်းကောင်း စီးပွားရေး
(ပိုင်ဆိုင်မှုအခွင့်အရေး) သည်သာ နိုင်ငံသားများအတွက် အဓိကကျသဖြင့် ၄င်းကိစ္စကိုသာ အစိုးရများအနေဖြင့်
တာဝန်ခံ လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ပြောဆိုကာ လွတ်လပ်မှု အခွင့်အရေးနှင့် (ရံဖန်ရံခါ
ညှဉ်းပမ်းနှိပ်စက်ခြင်းအားဖြင့် အသက်ရှင် ရပ်တည်မှု အခွင့်အရေးများ) ကို ငြင်းပယ်ပြောဆိုခဲ့သည်။
တနည်းအားဖြင့် ဒီမိုကရေစီဖွံ့ဖြိုးပြီး နိုင်ငံများတွင် လက်ခံကျင့်သုံးသည့် ပြီးပြည့်စုံသော
ပြည်သူလူထု အကျိုးစီးပွား (အခြေခံလူ့အခွင့်အရေး)သည် အဆိုပါနိုင်ငံများနှင့် ခြားနားကြောင်း
ပေါ်ပေါ်တင်တင် ငြင်းဆန်လိုက်ခြင်းဖြစ်သည်။ ဤငြင်းဆန်မှုသည် အခိုက်အတန့်အားဖြင့် အနိုင်ရနေမည်ဖြစ်သော်လည်း
ဒီမိုကရေစီသို့ ပြောင်းလဲရေး အရှိန်ရလာသည့်အခါ ကျဆုံးကွယ်ပျောက် ရမည့် ငြင်းချက် ဖြစ်ပေလိမ့်မည်။
ထိုသို့သော ငြင်းချက်ပြုလုပ်သည့် နိုင်ငံများတွင်
တရုတ်နိုင်ငံသည် ထိပ်တန်းမှပါဝင်ပြီး စီးပွားရေးလုပ်ငန်း တခုတည်းကို အဓီကအာရုံထား လုပ်ဆောင်လျက်ရှိသည်။
ယခုအခါ တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် စီးပွားရေးဖွံ့ဖြိုး တိုးတတ်မှုနှုန်း အမြင့်မားဆုံး
နိုင်ငံအဆင့်သို့ ရောက်နေသော်လည်း တရုတ်ပြည်သူတို့၏ တဦးချင်းဝင်ငွေသည် ဒီမိုကရေစီထွန်းကားသော
ကမ္ဘာ့မြောက်ခြမ်းနိုင်ငံများမှ ပြည်သူ တဦးချင်းဝင်ငွေ နှင့်များစွာ ခြားနားနေသေးသည်။
ပြည်သူလူထု၏ အကျိုးစီးပွားဖြစ်သော အသက်ရှင်ရပ် တည်မှု လွတ်လပ်လပ်မှုနှင့် ပိုင်ဆိုင်မှု
အခွင့်အရေးတည်းဟူသော အကန့်(၃)ကန့်ပါဝင်သည့် ပြည်သူ့ အခွင့်အရေးကို တရုတ်အစိုးရအနေဖြင့်
ပိုင်ဆိုင်မှု အခွင့်အရေးဟူသော အကန့်ကို စီးပွားရေးဖွံ့ဖြိုး တိုးတတ်အောင် ပြုလုပ်ခြင်းဖြင့်
ဖြည့်စွက်နေသည်နှင့်တူသည်။
တပြိုင်နက်တည်းတွင် အခြားအကန့်နှစ်ခုမှ အခွင့်အရေးများသည်လည်း
ဆိုးရွားသထက် ဆိုးရွားလာ သဖြင့် နောက်တကြိမ် လူထုအုံကြွပေါက်ကွဲမှုဆီသို့ ဦးတည်နေသည်။
အသက်ရှင်ရပ်တည်မှု၊ လွတ်လပ်မှုနှင့် ပိုင်ဆိုင်မဟူ၍ သရုပ်ခွဲနိုင်သော သဘာဝ အခွင့်အရေးများအားလုံး
ပိုင်ဆိုင်ခွင့်သည် ပြည်သူလူထု၏ အကျိုးစီးပွားဖြစ်သည်ကို မည်သူမျှ ငြင်းပယ်၍ ရနိုင်မည်မဟုတ်ပေ။
ABSDF မှထုတ်ဝေသော ဒီမိုကရေစီ လေ့လာရေးစာစဉ်မှ ကူးယူဖေါ်ပြပါသည်။
No comments:
Post a Comment