လောကဓံတရား၏ လူမှုရေးဆန်ဆန်ပြုံးလိုက်မှုအောက်တွင်
မနက်ဖြန်တို့၏ရှက်သွေးရောင်သည်ဖြာခွင့်မရတော့…
ကမ်းခြေမှတစ်စုံတစ်ခုလိုလှိမ့်တက်လာသော မျိုသိပ်မှုများ
ထိုင်စရာခုံတစ်လုံးသာချန်ထားပေးခဲ့ပါလေ…
လေနုသည် အေး၏… အေးသောကြောင့်တစ်ခါတစ်ရံတုန်ရီနေတတ်ပြန်
ပျော်တတ်သလိုပျော်ပစ်မိသူမှာ ဝတ်ကြေတန်ကြေဆက်ဆံခံလိုက်ရပေါင်းများပြီ
ခံနိုင်ရည်ရှိသလောက် ..ပျော်မည်
ချိုမြိန်မှုသည်ချောင်းဆိုးစေနိုင်ကြောင်း
ဖခင်က(ကလေးအဖေ)သူ၏ကလေးအားဝန်ခံလိုက်ရ
နေဝင်သွားသော်လည်း ဤအိမ်အတွင်းသို့ သူတို့ပြန်မဝင်ဖြစ်တော့ချေ
ထို့ကြောင့် လွတ်လပ်ခြင်းမှာရဲရင့်သင့်သလောက် ခရီးရှည်သွားရတော့၏…
ဝမ်းနည်းနေစဉ်မငို ဝမ်းသာနေစဉ်မငို ယဲ့ယဲ့လေးသာပြုံးလိုက်စဉ်သာ
ငို လိုက် မိ ရာ .. .. ..
ထိုအပြုံးသည် နာကျင်မှုများနှင့်ကောင်းကောင်းကြီး ပခုံးချင်းယှဉ်ခွင့်ရသွားပြန်
နွေ=ပူလောင် ၊ မိုး=စိုစွတ် ၊ ဆောင်း=အေးမြ ၊ ရာသီဥတု=ဖောက်ပြန်
ကျွန်ုပ်တို့ ခပ်ဝေးဝေးမှာသာကျန်ခဲ့တော့သည်
အရွေ့စွမ်းအင်ကြောင့်လူငယ်လေးတစ်ယောက် ဘုံဆိုင်၏ခုံပေါ်မှာမှောက်နေပြီ
သူ့အားထူပေးစဉ် သူအိပ်မက်မမက်ပါစေနှင့်
သို့မဟုတ်ပါက ပန်းများသည် ဈေးတောင်းထဲ၌ စွင့်စွင့်ကားကား
ဖူးပွင့်လှရွနေကြပေမည်
အဖြေများသည်မှန်လွန်းသောကြောင့် ဖြေရန်ပင်မလို
စာရွက်ဟာလည်း အဖြူလွလွ ဗလာဆန်ဆန်ပဲ လှပ
နှုတ်ဆက်လိုက်မှရင့်သီးသွားသောဆက်ဆံရေးကို
မျက်နှာဖုံးလှလှသာဝယ်တပ်ပေးပါ
နောက် ကြုံလျှင်ကြုံသလိုနှုတ်ဆက်နေပါဦးမည်
ကိုယ်ဆိုနေသည့်စာသား အလွမ်းလား အမုန်းလား အလကားလား အလွတ်လား
မသိသောကျွန်တော်
ကိုယ့်စာသားကိုယ်မနည်းချော့မော့တောင်းပန်လိုက်ရဖူးသည်
လောကဓံတရားသည်ပန်းပန်လျှက်ပင်လှပနေဦးတော့မည်
မေတ္တာ + နားလည်မှု = အိမ်ထောင်ရေး(သို့)မိသားစုဟုပြောသံများကျယ်လောင်လေစွ
ထို့ကြောင့် နားလည်မှု = အိမ်ထောင်ရေး(သို့)မိသားစု - မေတ္တာ ဟုတိုးတိုးလေးခေါင်းခါသံများ ကြားခဲ့ဖူးပြီ
ထို့ကြောင့် လောကဓံတရားသည်ပန်းပန်လျှက်ပင်လှပနေဦးတော့မည် ။ ။
( တေးခက် )

No comments:
Post a Comment