by Khaing Min on Friday, September 30, 2011 at 8:02am
်
Posted by admin on September 29, 2011 1 Comment
ညနေအိမ်ပြန်ရောက်ရောက်ချင်းပဲ DVB ရုပ်မြင်သံကြားအစီအစဉ်ကိုဖွင့်ကြည့်လိုက်တော့ မနေ့က ဆန္ဒပြပွဲမှာပါဝင်ခဲ့ တဲ့သူတွေကို အစိုးရက လိုက်ဖမ်းနေကြောင်း၊ စစ်တွေမှာလည်း ရဟန်းသံဃာတချို့ကို ထိန်းသိမ်းလိုက်တယ်လို့ ကြေ ညာသွားတာတွေ့ရတယ်။ တပြိုင်တည်းမှာပဲ နေ့ခင်းကဖတ်လိုက်ရတဲ့ မဇ္ဒ္စ္ဏ္ဈိမသတင်းဌာနက သတင်းတပုဒ်ထဲမှာ KIO ပြောရေးဆိုခွင့်ရှိသူဦးလနန်က မြန်မာစစ်တပ်က အင်အား ၈၀၀ လောက်နဲ့ KIO တပ်မဟာ (၄) တို့ လေးရက်ကြာ တိုက် ပွဲဖြစ်နေကြောင်း၊ နှစ်ဘက်အကျအဆုံးများ ရှိနေကြောင်း၊ စစ်ရေးနဲ့ ဖိအားပေးပြီး နိုင်ငံရေးအရဆွေးနွေးဖို့ အကြပ်ကိုင် တာဖြစ်တာမို့ စစ်ပြေငြိမ်းရေး ဟာ မလွယ်တော့ဘူးလို့ မှတ်ချက်ချပြောဆိုတာကို ပြေးသတိရမိပါတယ်။
လွတ်လပ်ရေးရဲ့ ဖွားဖက်တော်အဖြစ် မွေးဖွားလာတဲ့ ပြည်တွင်းစစ်ရဲ့ တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်ပြီး တဆင့်ပြီး တ ဆင့်ကြီးထွားလာတဲ့ နောက်ဆက်တွဲပြဿနာတွေကို တွေ့ဆုံဆွေးနွေး အဖြေရှာရေးဂါထာကို ရွတ်၊ ဥုံဖွမန်းပြီးပျောက် စေလို့ အမိန့်ပေးရုံနဲ့ ပြဿနာအားလုံးပြေလည်သွားမယ်လို့ ဘယ်သူကမှ မယုံကြည်ကြပါ။ သတင်းစာဆရာကြီး လူထု စိန်ဝင်းက “လမ်းလျှောက်တဲ့အခါ ခြေတလှမ်းပြီးတလှမ်း လှမ်းကြရသလို ဒီမိုကရေစီခရီးကိုလည်း တလှမ်းပြီး တလှမ်း ရှေ့တိုးလှမ်းကြရမှာဖြစ်တယ်” လို့ ပြောလိုက်တာဟာ အင်မတန်မှ နာယူလက်ခံကျင့်သုံးရမယ့် ကျင့်စဉ်တရပ်ဖြစ်ပါ တယ်။ သည်သဘောကို ခံယူနားလည်ထားပါမှ ဒီမိုကရေစီရေးဖြစ်စဉ်တလျောက်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘောသဘာ ဝကို နားလည်သဘောပေါက်ပြီး စိတ်ဓာတ်ကျတာ၊ တွေဝေတာ၊ ယုံမှားသံသယရှိတာတွေကင်းကင်း စင်စင်နဲ့၊ ဇွဲရှိရှိနဲ့ အခက်အခဲတွေကျော်လွှားပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးပန်းတိုင်ကို လှမ်းကိုင်နိုင်မှာ ဖြစ်ပါတယ်။
အပြောင်းအလဲတွေဖြစ်လာပြီဆိုတာနဲ့ ဘက်နှစ်ဘက်စလုံးမှာ ဒီအပြောင်းအလဲအပေါ် ချက်ချင်းလက်မခံနိုင် ကြသူတွေ ရှိကြစမြဲပါ။ တောင်အာဖရိက အသားအရောင်ခွဲခြားမှုဆန့်ကျင်ရေးလှုပ်ရှားသမိုင်းမှာဆိုရင် နယ်လ်ဆင်မန်ဒဲလားနဲ့ သမတ ပက်ဘိုသာတို့ တွေ့ဆုံဆွေးနွေးအပြီး အပြောင်းအလဲများ အစပျိုး လုပ်ဆောင်နေချိန်မှာတောင် လူဖြူလူမည်း အဓိကရုဏ်းတွေကြောင့် လူရာနဲ့ချီသေဆုံးခဲ့ရတဲ့ သာဓကများ ရှိပါတယ်။ ANC ရဲ့ စစ်ဦးစီးချုပ်လည်းဖြစ်၊ တောင်အာဖ ရိက ကွန်မြူနစ်ပါတီရဲ့ အထွေထွေအတွင်းရေးမှူး လည်းဖြစ်တဲ့ ခရစ်ဟာနီဟာ အဲသည့်ကာလမှာပဲ အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် နယ်လ်ဆင် မန်ဒဲလား ခေါင်းဆောင်တဲ့ အမျှော်အမြင်ကြီးတဲ့ ANC ခေါင်းဆောင်များက သူတို့ရဲ့ အရှိန်အဝါနဲ့ Destructive Elements တွေကို ထိန်းနိုင်ခဲ့သလို သမတဒီကလပ် ဘက်ကလည်း ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ခဲ့တဲ့ လုပ်ရပ်တွေကြောင့် နောက်ဆုံးမှာတော့ လူဖြူလူမည်းမခွဲခြားပဲ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေနိုင်တဲ့ တောင်အာဖရိကနိုင်ငံသစ်ကို ထူထောင်နိုင်ခဲ့တာကို ကျနော်တို့ပြည်သူတွေ အတုယူသင့်ပါတယ်။
ဘယ်လိုအတားအ ဆီးတွေ၊ အခက်အခဲတွေကြုံရပါစေ နာကျင်ခါးသီးမှုတွေကို မျိုသိပ်ပြီး ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ဦးထိပ်ပန်ဆင်ဖို့ သက်ဆိုင်သူအားလုံးက အလေးမူရမှာဖြစ်ပါတယ်။ စစ်မှန်တဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး ဖြစ်ပေါ်စေဖို့အတွက် အခြေခံလိုအပ်ချက်တွေထဲမှာ သည်းခံမှု၊ ခွင့်လွှတ်မှု၊ အနစ်နာခံမှု၊ ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်လိုမှုဆိုတဲ့ စိတ် နေစိတ်ထားများဟာ ရှေ့တန်းကတန်းစီ နေရာယူ ထားရပါမယ်။ ရန်ကုန်ဆန္ဒပြပွဲနဲ့ ပတ်သက်ပြီး တိုင်းသိပြည်သိ လူထုက လေးစားကြည်ညိုရတဲ့ ဆရာလူထုစိန်ဝင်းက “မြစ်ဆုံရေကာ တာကိစ္စ တနိုင်ငံလုံးစိတ်မကောင်းဖြစ်နေတာ နားလည်ပါတယ်။ အစိုးရအနေနဲ့ ပြန်လည်ညှိနှိုင်းပေးဖို့ ပြောဆိုထားကြ ပြီဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ဆန္ဒစောတာမဖြစ်သင့်ဘူး။ တဆင့်ပြီးတဆင့် လူယဉ်ကျေးနည်းနဲ့ ဖြေရှင်းနိုင်ဖို့ အချိန် ပေးသင့်တယ်။ ဒီဟာကို အကြောင်းပြုပြီး အမျိုးသားရင်ကြားစေ့ရေးကို မလိုလားသူတွေက ဖျက်လိုဖျက်ဆီးလုပ်မယ့် အန္တရာယ်ကကြီးမားတယ်။ ပြည်သူတရပ်လုံးအနေနဲ့ စိတ်ရှည်ဖို့လိုပါတယ်” လို့ ပြောကြားတာတွေ့ရတော့ ရတက်မ အေးဖြစ်နေတဲ့သောကများ အနည်းငယ်တော့လျော့ကျသွားပါတယ်။ Eleven Media Group က CEO ဒေါက်တာသန်း ထွဋ်အောင်နဲ့ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်က အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင် တို့ကလည်း အာရပ်ပုံစံတော်လှန် မှုဟာ မြန်မာနိုင်ငံရဲ့လက်ရှိနိုင်ငံရေးအခြေအနေများနဲ့ လျော်ကန်မှုမရှိဘူးလို့ဒေါ်အောင်ဆန်းစုကြည်ရဲ့ပြောစကားကို ကိုးကားပြီး သည်အချိန်မှာ သည်လိုနည်းမျိုးနဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုကို တိုးမြှင့်တဲ့အပေါ်သဘောမတူကြောင်း ပြောတာတွေ့ရပါတယ်။
ဘက်နှစ်ဘက်စလုံးမှာ အပြောင်းအလဲများအပေါ် လက်မခံနိုင်တဲ့ အင်အားစုများရှိနေတာတွေ့နေရပေမယ့် ထိန်းထိန်းသိမ်းသိမ်း လုပ်ကိုင်နိုင်စွမ်းရှိနေတာတွေ့ရတာ အားတက်စရာပါ။ အစိုးရအဖွဲ့ထဲမှာ ဦးဇော်မင်း၊ ဦးကျော်ဆန်းတို့လို ပုဂ္ဂိုလ်မျိုးတွေရှိနေပေမယ့် သူတို့လည်း ဆန္ဒအရမဟုတ်တောင် ဘဝအရ အပြောင်း အလဲများကို လက်ခံကြရမယ့် အရိပ် အယောင်များတွေ့နေရပါတယ်။ လက်ရှိဖွဲ့စည်းပုံအရ “ကာလုံ” ဟာ အရင်တော်လှန်ရေးကောင်စီ၊ နဝတ၊ နအဖ လို အာ ဏာအရှိဆုံးစစ်ကောင်စီပဲဖြစ်ပါတယ်။ အရေးကြီးဆုံး အပြောင်းအလဲများအတွက် အဆုံးအဖြတ်ကို သူကပဲပေးမှာပါ။ အခုလည်း တပ်မတော်ရဲ့ပုံမှန်ခေါ်ယူနေကျ (၄) လပတ်အစည်းအဝေးကို ပုံမှန်ကျင်းပချိန်ထက် (၂) လ စောပြီး ခေါ် ထားပါတယ်။ သည် (၄) လပတ် အစည်းအဝေးတွေက စစ်တပ်ရဲ့ တိုင်းပြည်နဲ့ပတ်သက်တဲ့မူ ပေါ်လစီလုပ်ငန်းစဉ် တွေ ချမှတ်လေ့ရှိတယ် ဆိုတာ သတင်းမဟုတ်ပါ။ သည်အစည်းအဝေးကပဲ တိုင်းပြည်ရဲ့ရှေ့ရေးကို ဆုံးဖြတ်မှာဖြစ်ပါ တယ်။ စစ်တပ်ရဲ့ထုံးစံအတိုင်းပါပဲ “ကာလုံ” က ချမှတ်ထားပြီးဖြစ်တဲ့ မူ ပေါ်လစီလုပ်ငန်းစဉ်တွေကို တပ်မှူးတွေကို အသိပေး ရှင်းပြဖို့က များပါတယ်။ “ကာလုံ” ရဲ့ အလုပ်တွေကို စစ်တပ်က ထောက်ခံမှုရဖို့လုပ်တဲ့ အစည်း အဝေးပါ။ စစ်တပ်တွင်း ညီညွတ်ရေးလုပ်တာဆိုလည်း မမှားပါ။သည်အခြေအနေတွေကိုကြည့်ရင် ကြံ့ဖွံ့ အစိုးရက ဘယ်အတိုင်းအတာအထိ ဒီမိုကရေစီဖြစ်ထွန်းမှုမှာ ပူးပေါင်းဆောင် ရွက်မယ်ဆိုတာ မကြာတော့ တဲ့ကာလ (ဘယ်နည်းနဲ့မှ သည်နှစ်မကျော်ပါ) အတွင်းမှာ လူသိရှင်ကြားပြောရတော့မှာ ဖြစ်ပါတယ်။
စီးပွားရေးစကားနဲ့ပြောရရင် သူရောင်းမယ့်ဈေးကို သတ်မှတ်ရတော့မှာပါ။ နိုင်ငံရေးအကျဉ်းသား များလွှတ်ရေး ပါဝင်တဲ့လွှတ်တော်က သမတဆီကို တရားဝင်မေတ္တာရပ်ခံထားတဲ့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်၊ NLD ပါတီ တရားဝင် ရပ်တည်ရေး၊ တိုင်းရင်းသားအဖွဲ့များနဲ့ ဆက်ဆံရေးနဲ့ ၂၀၀၈ အခြေခံဥပဒေကိစ္စတို့မှာ သူတို့အတွက် အနိမ့်ဆုံးနဲ့ အမြင့် ဆုံးဈေးတွေကို “ကာလုံ” က အခုလောက်ဆို သတ်မှတ်ပြီးဖြစ်လောက်ပါပြီ။သေချာတာကတော့ လိုချင်သလောက်ရမှာမဟုတ်ပါ။ ရသင့်သလောက်ရဖို့ပဲလိုပါတယ်။ သည် ရချက်ကတဆင့် မှန် ကန်တဲ့၊ ဖြောင့်မတ်တဲ့လုပ်ဟန်နဲ့ ပြည်သူလူထုရဲ့ အဓိကလိုအပ်ချက်ဖြစ်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုက ရေစီဖြစ်ထွန်းရေးကို တလှမ်းချင်းတိုးသွားကြရမှာမဟုတ်ပါလား။ မိုင်တထောင်ခရီးကို ခြေတလှမ်းကစရတယ်လို့ ဆိုပါ တယ်။ ဒီမိုကရေစီခရီးရှည်ကို အခု မြင်တွေ့နေရတဲ့ခြေတလှမ်းကပဲ စကြပါစို့လား။
မြင်းရည်တက်ဦးသာ
27th, September 2011
No comments:
Post a Comment