Thursday, September 1, 2011

မစိုးရိမ်အလွမ်း (၇)

by Dhamma Ganga on Friday, September 2, 2011 at 12:56pm
(ပိတောက်ပင်နဲ့ ရေချမ်းစင်)

(၁)

မိဂဒါဝုန်နံနက်ခင်းသည် မိုးစွပ်စိုမှုမရှိတော့သော်လည်း စိမ်းလန်းတောက်ပနေသည် ။
တိဘက်တက္ကသိုလ်ပရိဝုဏ်အတွင်းရှိ မြူးတူးခုန်ပေါက်မတတ် ယိမ်းထိုးနေသည့် သစ်ပင်ပျိုများကြားတွင် သူ ဖြတ်လျှောက်မိသောအခါ သူ့ခြေလှမ်းများသည်ပင် သွက်လက်စိုရွှမ်းလာသယောင်ထင်ရသည်။
သစ်ပင်များကို ရဟန်းတစ်ပါးဖြစ်သော သူက မြတ်နိုးရပါသည်။


သစ်ပင်သည် ရဟန်း၏ မှီရာ ဟု ဗုဒ္ဓအရှင်က ရဟန်းအားလုံးကို သညာပေးလိုက်သည်။
ရဟန်းတစ်ပါးအဖြစ်ခံယူလိုက်သည့်နေ့မှ စ၍ သစ်ပင်ရင်းကို ကျောင်းအမှတ်ဖြင့် နေနိုင်ရပေမည် တဲ့..။
ရဟန်းတစ်ပါးသည် တိုင်းသားပြည်သူတို့၏ ၀န်ထုပ်ဝန်ပိုးမဖြစ်စေရ..။
ရဟန်းတစ်ပါးကသာ လောကသားအားလုံးအတွက် ဓမ္မ၀န်ဆောင်ပုဂ္ဂိုလ်အဖြစ် ရဲရင့်ရမည် ဟူသော မူကို အသေချမှတ်ခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ဗုဒ္ဓအရှင်နှင့် မဟာသာဝကအဆက်ဆက်တို့၏ ဓမ္မ၀န်ဆောင်မှုကို
ကျေးဇူးတုန့်ပြန်လိုသော ပြည်သူတို့က ခမ်းနားပြည့်စုံသော ကျောင်းတော်ကြီးများကို ဆောက်လုပ်လှူဒါန်းခဲ့ကြသည်သာ။
ထိုကျောင်းတော်ကြီးများသည်ပင် ဓမ္မ၀ိဇ္ဇာလယခေါ် တက္ကသိုလ်ကြီးများအဖြစ် စည်ပင်လာရသည်။
သက်ဆိုင်ရာတိုင်းပြည်နှင့် လူမျိုးအတွက် ဓမ္မအသိနှင့် ယဉ်ကျေးမှုတို့ သီးပွင့်ရာ ပညာသစ်ပင်ကြီးများဖြစ်လာရသည်။
ခေတ်အဆက်ဆက် မြန်မာ့ရေမြေတွင် ဗုဒ္ဓဓမ္မ၏ ယဉ်ကျေးမှုအရိပ်များဖြင့် ငြိမ်းချမ်းအေးမြခဲ့ရလေသည်မှာ ထိုဝိဇ္ဇာလယကျောင်းတော်ကြီးများ၏ ကျေးဇူးပင်ဖြစ်လေသည်။

မည်သို့ဆိုစေ
သစ်ပင်ရင်းကို ကျောင်းအမှတ်ဖြင့် သီတင်းသုံးရလေသော နေ့ရက်တို့ ကုန်ဆုံးသွားပြီဟု မဆိုလိုပေ။
သူကိုယ်တိုင် အရိပ်ခိုခဲ့ဖူးသော သစ်ပင်လေးတစ်ပင် ရှိခဲ့ဖူးပါသည်။
(ဓမ္မသီတဂူကျောင်းဆောင်)
(၂)
သူ မန္တလေးမြို့တွင်  ပညာသင်ရန်စဉ်းစားလိုက်သောအခါ မစိုးရိမ်တိုက်သစ်ကို မျက်စိကျသွားသည်။
မိမိကိုယ်ကိုယ်အာမခံချက်(အတ္တသမ္မာပဏိဓိ)သာ ပေးရသော သံဃိကကျောင်းတိုက်ကြီးတစ်တိုက်၏ အရိပ်အငွေ့ကို အပြည့်အ၀ခံစားရသည် ဟု ယုံကြည်သောကြောင့်ဖြစ်သည်။ သို့နှင့် မစိုးရိမ်တိုက်သစ်၊ဓမ္မသီတဂူကျောင်းဆောင်တွင် နေထိုင်ခွင့်ရရန် လျှောက်ထားဖြစ်ခဲ့သည်။

မစိုးရိမ်တိုက်သစ်တွင် ပညာသင်ကြားလိုသော ရှင်ငယ်ရဟန်းငယ်တစ်ပါးသည်
မိမိကိုယ်တိုင် နာယကဆရာတော်ကြီးထံ ချဉ်းကပ်ကာ ပညာသင်ကြားရန် နေထိုင်ခွင့်ပြုစေလိုကြောင်း လျှောက်ထားနိုင်သည်။ မိဘဆရာသမားများ လိုက်လံအပ်နှံဖွယ် မလို..လှူဖွယ်ပစ္စည်းမလို.။
မိမိကိုယ်တိုင် ပညာသင်ယူလိုကြောင်းအာမခံမှုသာ လိုပေလိမ့်မည်။
ပရိယတ္တိပညာရေးလောကတွင် ကျော်ဇောကိတ္တိကြီးမားလှသည့် ကျောင်းတိုက်ကြီး၏ တံခါးဝသို့ စာသင်သားရဟန်းသာမဏေတို့ နှစ်စဉ် စုပြုံတိုးဝှေ့နေကြသည်။ သို့အတွက်  ကျောင်းဒကာဒကာမများက ကျောင်းဆောင်အသစ်များ တိုးတက်ဆောက်လုပ်နေကြသည့်တိုင် စာသင်သားသံဃာနှင့် မမျှဖြစ်ကာ နေရာအခက်အခဲကတော့ ရှိနေမြဲဖြစ်သည်။ (သူနေခဲ့သောနှစ်က သံဃာငါးရာမျှသာ ရှိသော စာသင်တိုက်ကြီးသည် ယခုနှစ်တွင် သံဃာသုံးထောင်ခန့်သီတင်းသုံးလျက်ရှိသည်ဟု သိရသည်။)

ကဆုန်လပြည့်ကျော်တစ်ရက်နေ့တွင် စာသင်သားအသစ်လက်ခံသည်။ ကျောင်းခံမိတ်ဆွေရဟန်းတစ်ပါးရှိလျင်တော့ တွန့်ဆုတ်ဖွယ်မရှိဘဲ နာယကဆရာတော်ကြီးတစ်ပါးပါးထံ ၀င်ရောက်လျှောက်ထားရုံသာ ဖြစ်သည်။ သူကတော့ ကံကောင်းထောက်မစွာ ကိုယ်စားလျှောက်ထားပေးမည့် စီနီယာရဟန်းတော်များရှိနေသည်။
မည်သို့ဆိုစေ သံဃာတော်များအတွက် ရည်စူးဆောက်လုပ်ထားသော ကျောင်းသည် သံဃာတော်များအတွက် ဖြစ်ရမည် ဟူသော မူကို မြတ်နိုးတော်မူသည့် နာယကဆရာတော်ကြီးများက စည်းကမ်းနှင့် ညီညွတ်သောစာသင်သားငယ်တို့ကို အမြဲကြိုဆိုခဲ့လေသည်။

သို့သော်
(၁) ၀ါမဆိုမီ သတ်မှတ်ထားသော အတန်းနှင့် သက်ဆိုင်သည့် စာများကို အလွတ်အာဂုံ(Oral Test) ပြန်ဆိုရမည်။
(၂)ဤကျောင်းတိုက်ကြီးတွင် နေထိုင်သမျှ မိမိအား ကောင်းဆိုးနှစ်တန် အာမခံပေးနိုင်မည့် စီနီယာရဟန်းနှစ်ပါးရှိရမည်။ ဟူသော စည်းကမ်းချက်က အရေးကြီးသည်။ ထိုအချက်နှစ်ချက်ပျက်ကွက်ပါက ၀ါဆိုခွင့် မပေး ဟု သတ်မှတ်ထားသည်။
ပထမအချက်ထက် ဒုတိယအချက်က ပို၍ အရေးကြီးသည်။ သတ်မှတ်ထားသောစာကို ၀ါဆိုပြီးမှလည်း ပြန်ဆိုနိုင်သည်။ သိုသော် အာမခံရဟန်းမရှိလျင်တော့ မစိုးရိမ်စာသင်သားဖြစ်ရန် မျှော်လင့်ချက်မဲ့သွားသည်။

အာမခံရဟန်းတော်များသည် ပထမကြီးတန်းအောင်မြင်ပြီး အစိုးရဓမ္မာစရိယနှင့် သကျသီဟဓမ္မာစရိယတန်းတွင် ပညာသင်ယူနေသူများဖြစရမည်။ သူ့အတွက် အာမခံချက်ပေးခဲ့သော စီနီယာရဟန်းတော်နှစ်ပါးရှိခဲ့သည်။ မှတ်မှတ်ရရ အရှင်သုစရိတ(ငါန်းဇွန်)နှင့် အရှင်ဇနက (ခင်ဦး)တို့ဖြစ်သည်။  ထိုအာမခံရဟန်းတော်နှစ်ပါးသည် သူ့အား အချိန်မရွေး ဆုံးမနိုင်သည့် (နားရင်းအုပ်နိုင်သည့်) ပါဝါရှိသည်။ အပြစ်တစ်စုံတရာမကျူးလွန်အောင် ထိုရဟန်းတော်များက ထိန်းကျောင်းပေးရသည်။
ကျောင်းတိုက်ကြီး၏ နာယကဆရာတော်များက စာသင်သားတစ်ပါးကို အပြစ်ကျူးလွန်သည်ဟု ယူဆကာ ကျောင်းတိုက်မှ နှင်ထုတ်လျင် အာမခံရဟန်းတော်များက လျှောက်ထားကယ်တင်ခွင့်ရှိသည်။
(ကြီးမားသော ပြစ်မှုများကို ကျူးလွန်ခဲ့လျင်တော့ ဖြေဆေးမရှိပေ၊)
သို့သော် အာမခံရဟန်းတော်များက စကားမနာခံဟု ယူဆသော စာသင်သားကို အာမမခံနိုင်တော့ ဟု နာယကဆရာတော်များအား လျှောက်ထားလျင် နာယကဆရာတော်များသည်ပင် လက်ခံပိုင်ခွင့်မရှိပေ။

အာမခံရဟန်းတော်များ၏ အခြားတာဝန်တစ်ခုမှာ ဂျူနီယာစာသင်သားငယ်၏ ပညာရေးကို အရေးထားရခြင်းဖြစ်သည်။
ကျောင်းတိုက်မှ ပို့ချပေးသော အတန်းများတွင် နောက်မကျစေရန် ထိုစီနီယာရဟန်းတော်များက စာသင်သားငယ်အား အပိုကျူရှင်ပေးရသည်။
ထိုအာမခံရဟန်းတော်နှစ်ပါးတွင် အရှင်ဇနကသည် သူ့မှီရာနိသျည်းဆရာဖြစ်သည်။ သူ့ပညာရေးအတွက် စာပုံမှန်ပို့ချပေးရုံသာမက ဆွမ်းကွမ်းအဆင်ပြေအောင်ပါ စီမံပေးခဲ့သည် ။ ကျေးဇူးတွေ ဘယ်လို ကျေအောင်ဆပ်ရပါ့..။


(၃)

ဝါဆိုလပြည့်နေ့တွင် မစိုးရိမ်စာသင်သားတရားဝင်ဖြစ်သွားသည်နှင့် နေရာချထားပေးသည်။
သူနေထိုင်ရာဓမ္မသီတဂူကျောင်းဆောင်အပါအ၀င် မစိုးရိမ်တိုက်သစ်ကျောင်းဆောင်များက အကာအရံမရှိသော ဟောလ်(Hall)ခန်းများသာဖြစ်သည်။ (ဓမ္မဒီပကျောင်းဆောင်တစ်ခုသာ တက္ကသိုလ်အဆောင်ကဲ့သို့ အခန်းဖွဲ့ထားသည်း)
လေးဘက်လေးတန် နံရံခေါင်းပြုထားသော နေရာများကို နှစ်ချို့စာသင်သားများအတွက် ဦးစားပေးသည်။ ခေါင်းရင်းမှာ သေတ္တာထားခွင့်ရသည်။ အလယ်ကွက်လပ်ကို စာသင်သားအသစ်များကို နေရာချပေးသည်။ သေတ္တာထားစရာနေရာမရှိ။ မြေအောက်ခန်းထဲမှာ သွားထားရသည်။ ဓမ္မသီတဂူကျောင်း၏ မြေတိုက်ခန်းက စာသင်သားများ၏ သေတ္တာများဖြင့် ပြည့်နေသည်။

စာသင်သားအသစ်တစ်ပါးအနေဖြင့် ၀ါဆိုလပြည့်မရောက်မချင်း အဆင်ပြေသလို နေရသည်။ ကျောင်းခံမိတ်ဆွေစာသင်သားရှိလျင်တော့ ကပ်ရပ်နေထိုင်ကာ အဆင်ပြေနိုင်သည်။ အစိမ်းသက်သက်ဆိုလျင်တော့ ညပိုင်း အားလုံးအိပ်စက်ဖို့ နေရာယူပြီး ကွက်လပ်ကျန်သည့်နေရာကို ချောင်းရသည်။ ကွက်လပ်မကျန်တော့ဘူးဆိုလျင်တော့ လှေကားထိပ်မှာ သို့မဟုတ် ၀ရံတာမှာ ..။ နောက်ဆုံးတော့ ကျောင်းရှေ့က ပိတောက်ပင်လေးအောက်မှာ..။

သူ့အတွက်  ဓမ္မသီတဂူကျောင်းဆောင်(တတိယထပ်) အလယ်ပိုင်းတွင် ပထမဆုံး ကျောတစ်ခင်းစာနေရာရပါသည်။ သူ့ထံသို့ အာဂန္တုတစ်ပါပါးးကြွလာလျင်တော့ သူ့အိပ်ရာကို ပေးကာ သူကိုယ်တိုင်ကတော့ ပိတောက်ပင်ရိပ်လေးဆီ ပြေးရပါလေသည်။ ပိတောက်ပင်လေး၏ ကွပ်ပြစ်လေးပေါ်တွင် သုံးပါးခန့်တော့ အိပ်လို့ ရတတ်သည်။
တခါတရံ ကိုယ့်ထက်ဝီရိယကောင်းသော မောင်ရှင်များရှိနေလျင်တော့ လူမနေသောဆောက်လက်စဆွမ်းစားကျောင်းဆောင်ပျဉ်ပုံကြား တိုးဝှေ့ အိပ်ရပါလေမည်..။
သစ်တစ်ပင်ရင်း ၀ါးတစ်ပင်းရင်း ဟူသော ဝေါဟာရကို သူလည်း နားလည်ခဲ့ဖူးလေသည်။


ဓမ္မဂင်္ဂါ
(၂-၉-၂၀၁၁)

No comments:

Post a Comment