Tuesday, September 20, 2011

စာနယ်ဇင်းစောင့်ကြည့်သူများ အစိုးရကို ဝေဖန်

by The Irrawaddy (Burmese Version) on Tuesday, September 20, 2011 at 6:47pm
ဇာနည်ဝင်း Tuesday, 20 September 2011 18:42

ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရန် ကတိပေးထားသည့် ဦးသိန်းစိန်အစိုးရက စာပေစိစစ်ရေး လုပ်ငန်းကို ဆက်လက် လုပ်ကိုင်နေပြီး သတင်းသမားတို့ကို ဆက်လက် အကျဉ်းချ ထားဆဲဖြစ်သည်ဟု စာနယ်ဇင်း အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် အဖွဲ့တခုက ယနေ့ ဝေဖန် ထောက်ပြလိုက်သည်။

ကိုစည်သူဇေယျနှင့် ဖခင်ဖြစ်သူ ဦးဇေယျ။ ဒီမိုကရေစီ ဖော်ဆောင်မည့် အစိုးရက ၎င်းတို့ ၂ ဦး အပါအ၀င် စာနယ်ဇင်းသမားအများအပြားကို နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ထားသည် (ဓာတ်ပုံ - Free Burma VJ)အာဏာပိုင်တို့က စာနယ်ဇင်းသမားများ အထူးသဖြင့် ပြည်ပရောက် သတင်းအဖွဲ့တို့အတွက် လျှို့ဝှက် လုပ်ကိုင်သူများကို စနစ်တကျ ပိတ်ဆို့၊ နှောင့်ယှက်၊ အကျဉ်းချနေဆဲဖြစ်ကြောင်း နယူးယောက်အခြေစိုက် Committee to Protect Journalists (CPJ) အဖွဲ့က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ရေးထားသည်။


"အနည်းဆုံး စာနယ်ဇင်းသမား ၁၄ ဦး ထိန်းသိမ်းခံနေရပြီး  သတင်းလွတ်လပ်ခွင့်ဆိုင်ရာ ဖြစ်ထွန်းမှုများအတွက် အစိုးရက လုပ်ဆောင်ခြင်းမရှိကြောင်း တွေ့ရသည်" ဟု CPJ အစီရင်ခံစာက ဆိုသည်။

CPJ နည်းတူ ယနေ့ ပေါ်ထွက်လာသော ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့၏ သတင်းထုတ်ပြန်ချက်တစောင်ကလည်း မြန်မာအစိုးရကို ထောက်ပြဝေဖန်ထားသည်။

အစိုးရက ဖမ်းထားသည့် စာနယ်ဇင်းဆရာတို့ကို အမြန်ဆုံး လွှတ်ပေးရန်လည်း ထိုအဖွဲ့၂ခုက တောင်းဆိုလိုက်သည်။

စာနယ်ဇင်းသမားတို့အား ထောင်ဒဏ်နှစ်ရှည် ချမှတ်ရာတွင် အသုံးပြုနေသည့် အီလက်ထရွန်နစ်ဥပဒေ၊ မတရားအသင်းဆိုင်ရာ ဥပဒေ၊ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဥပဒေတို့ကို ဖျက်သိမ်းရန် CPJ အစီရင်ခံစာတွင် တောင်းဆိုထားသည်။

သတင်းသမားတို့ကို နိုင်ငံ၏ရန်သူအဖြစ် သတ်မှတ်ထားခြင်းကို ရပ်ဆိုင်းပြီး နိုင်ငံတကာမှ သတင်းသမားတို့ကို ပြည်ဝင်ခွင့်ပြုရန်လည်း တောင်းဆိုချက်တွင် တွေ့ရသည်။

ဦးသိန်းစိန်အစိုးရကို ဝေဖန်ထောက်ပြမှု အများအပြား ပါဝင်သကဲ့သို့ ဖြစ်ထွန်းတိုးတက်မှုတခုကိုလည်း ချီးကျူးထားသည်။

ယခင်က မြန်မာပြည်တွင် ပိတ်ပင်ထားသော ပြည်ပ သတင်းဌာန ၀က်ဆိုက်များ အပါအ၀င် အင်တာနက်စာမျက်နှာ အများအပြားကို မကြာသေးခင်က ပြန်လည် ဖွင့်ပေးလိုက်ခြင်းကို ကြိုဆိုကြောင်း နယ်စည်းမခြား သတင်းထောက်များအဖွဲ့၏ သတင်းထုတ်ပြန်ချက်က ဆိုသည်။

ရန်ကုန်မြို့မှ ထင်ရှားသည့် သတင်းစာဆရာ မောင်ဝံသက မြန်မာစာနယ်ဇင်းများတွင် လတ်တလော ဖော်ပြနေခြင်းများကို ကြည့်လျှင် တိုးတက်မှုများ ရှိနေပြီဟု ဆိုသည်။ သူက ဒေါ်အောင်ဆန်းစုကြည်၏ လှုပ်ရှားမှုဆိုင်ရာ သတင်းများ ဖော်ပြခွင့်ရနေခြင်းကဲ့သို့သော သိသာထင်ရှားသည့် အပြောင်းအလဲကို ထောက်ပြပြောဆိုခြင်း ဖြစ်သည်။

"အာဏာပိုင်တွေရဲ့ သုံးတဲ့ အသုံးအနှုန်းအရ ဆိုရင်တော့ တဖြည်းဖြည်း ဖြေလျော့ပေးတယ်လို့ ပြောနိုင်တယ်" ဟု မောင်ဝံသက ဧရာဝတီကို ပြောသည်။

သို့သော်လည်း သတင်းသမားတို့အတွက် အာဏာပိုင်တို့၏ စိစစ်ကန့်သတ်မှုများက အဟန့်အတား ဖြစ်နေသည်ဟု ဆိုသည်။

"ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်မယ် ဆိုရင် စာပေစိစစ်ရေးဟာ လုံးဝ မလိုအပ်တော့ဘူး၊ ဖျက်သိမ်းရမယ်" ဟု မောင်ဝံသက ပြောသည်။

No comments:

Post a Comment