မေး။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက အစ်မပြောလိုက်တာတခုရှိပါတယ် ၊ မြန်မာပြည်မှာ
အပြောင်းအလဲတွေ ဖြစ်နိုင်တဲ့ အခြေအနေ ရှိနေပြီဆိုတာ၊ အဲဒါဟာ အစ်မ
အစိုးရပိုင်းက ပုဂ္ဂိုလ်တွေနဲ့ ထိတွေ့ ပြောဆိုတာက မြင်လာတာလား ၊
ကျွန်တော်တို့အများပြည်သူတွေပါ မြင်နေရတဲ့အနေအထားတွေ ၊ ဥပမာ - သမ္မတ
မိန့်ခွန်းတို့ ၊ လွှတ်တော်ဥက္ကဠ မိန့်ခွန်းတို့ ၊ လွှတ်တော်မှာဆွေးနွေးတာတို့
၊ စီးပွားရေး အပါအ၀င် ကဏ္ဍတွေမှာ ဆွေးနွေးတာတို့ စတာတွေအရပြောတာလား။
ဖြေ။
ဆွေးနွေးပွဲတွေ ဘာတွေထက် တကယ်ထိထိရောက်ရောက် ဖြစ်နိုင်တဲ့
လုပ်ငန်းတွေကိုပဲ အလေးထားပါတယ် ။ ဥပမာဆိုရင် အလုပ်သမား သမဂ္ဂတွေနဲ့
ပတ်သတ်တဲ့ ထွက်လာတဲ့ ဥပဒေတွေ ၊ အဲ့ဒီဟာက ကျွန်မ နားလည်သလောက်ကတော့ ILO
ကတင်ပြတဲ့ အတိုင်း ဒီစည်းမျဉ်း စည်းကမ်းတွေက ကိုက်ညီတယ်လို့ နားလည်ပါတယ် ။
အဲ့ဒါဆိုလို့ရှိရင်တော့ ဒါကတော့တကယ့်တိုးတက်မှုလို့ပြောနိုင်ပါတယ်။
လွှတ်တော်ထဲမှာ ဆွေးနွေးတာတွေကတော့အခုထက်ထိ ဥပဒေဖြစ်လာတယ်လို့ မကြားသေးဘူး ။
ဆွေးနွေးတာကတော့ ဆွေးနွေးတာပေါ့ ။ အဲဒါထက်ပိုပြီး
အရေးကြီးတာကတကယ်ဖြစ်ပေါ်လာတဲ့ အခြေအနေ ။
ဘာပဲပြောပြော မီဒီယာတွေက နည်းနည်းပါးပါး အတိုင်းအတာ တစ်ခုထိ ပိုပြီးတော့ လွတ်လပ်မှု ရလာတယ် ။
နောက်တခုက ဧရာဝတီကိစ္စမှာ ဆိုလို့ရှိရင် လွှတ်တော်ထဲမှာ ဆွေးနွေးရတဲ့အထိ
ရောက်လာတယ်ဆိုတာ ပြည်သူရဲ့အသံကြောင့်။ ပြည်သူအသံက ဘာပဲပြောပြော
လျစ်လျူရှုလို့ မရတော့ဘူးဆိုတဲ့ အသိက ၀င်လာတယ်လို့ ကျွန်မ ထင်တယ်။
အဲ့ဒါကြောင့်မို့လို့ ပြည်သူရဲ့အသံကို လူတွေကနားထောင်ရပြီ ဆိုလို့ ရှိရင်
ပြောင်းလဲမှု ဖြစ်နိုင်တဲ့ အခြေအနေ ရောက်လာပြီ ။ ပြောင်းလဲမှု
ဖြစ်သွားပြီလို့တော့ မပြောနိုင်သေးဘူးပေါ့။
စတင်နေပြီလို့ ဆိုရလောက်အောင်
မေး
။ ပြောင်းလဲမှု ဖြစ်ဖို့ အနေအထားတော့ မြင်နေရပြီလို့ ဆိုတာပေါ့နော် ။
သို့သော် ပြောင်းလဲမှု တကယ်စတင်နေပြီလို့ ဆိုရလောက်အောင် ဆိုရင်
နောက်ထပ်ဘယ်လိုဟာမျိုးတွေ မြင်ရဖို့ လိုပါသလဲ ။
ဖြေ ။
အလုပ်သမားသမဂ္ဂနဲ့ ပတ်သတ်လို့တော့ စတင်နေပြီလို့ ပြောနိုင်ပါတယ် ။
ဘာဖြစ်လို့လဲဆိုတော့ ဒါက ဥပဒေဖြစ်သွားပြီ ။ ဒီဟာကို ဘယ်လောက်အထိ
ထိထိရောက်ရောက အကောင်အထည်ဖော်မှာလဲ ဆိုတာတော့ ကြည့်ရမှာပေါ့ ။
တခြားပြောင်းလဲမှုတွေက အများပြောနေတဲ့ ကိစ္စကတော့ အကျဉ်းသားလွှတ်ပေးဖို့ကိစ္စ ။
ဒါက အင်မတန်အရေးကြီးပါတယ် ။ အရေးကြီးတယ် ဆိုတာ ဘာဖြစ်လို့လဲဆိုတော့
အခုဆိုလို့ရှိရင် အကျဉ်းသားတွေအစား ယုံကြည်ချက်ကြောင့်
အကျဉ်းကျနေသူများလို့ ပြောတာကို ဒါကို ကျွန်မလက်ခံပါတယ် ။
ဘာဖြစ်လို့လဲဆိုတော့ ဒီဟာကလည်း ဒီပေါ်မှာ အခြေခံပြီးတော့ ပြောရတာ
ပိုပြီးတော့လည်း လွယ်တယ် ။ ဒီမိုကရေစီစနစ်မှာ ဆိုရင် မတူညီတဲ့ သဘောထားတွေ ၊
မတူညီတဲ့ ယုံကြည်ချက်တွေ လက်ခံနိုင်ရမယ် ။ အဲ့ဒါတွေကို ခွင့်ပြုနိုင်ရမယ်။
အဲဒါကြောင့်မို့လို့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေနေရသူတွေကို
လွှတ်ပေးဖို့ဆိုတာ ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ တကယ်ပဲသွားနေပြီလားဆိုတာ
ဆုံဖြတ်ဖို့အတွက် သိပ်အရေးကြီးတာ ဖြစ်တယ် ။
တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး
မေး
။ ပြောင်းလဲမှုဆိုတဲ့ ကိစ္စနဲ့ဆက်စပ်ပြီး ပြောဆိုကြတဲ့ ထဲမှာ
တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးဆိုတဲ့အကြောင်းတခုလည်းပါပါတယ် ။
အဲဒါနဲ့ ပတ်သတ်ပြီးဘယ်လို မြင်ပါသလဲ ။
ဖြေ ။
တိုင်းရင်းသားနဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သတ်လို့ လူတိုင်းက စိုးရိမ်ကြတယ် ။
ဒါလည်း ဖြစ်သင့် ဖြစ်ထိုက်တာပဲ ။ ဒီနိုင်ငံက ပြည်ထောင်စု ။
တိုင်းရင်းသားလူမျိုးစုတွေနဲ့ တည်ဆောက်ထားတဲ့ ပြည်ထောင်စု ။
ဒီပြည်ထောင်စုကနေ တိုးတက်ဖို့ ဆိုတာ ငြိမ်းချမ်းရေးရှိမှ ။
ငြိမ်းချမ်းရေးမရှိပဲနဲ့ ဘယ်တိုင်းပြည်မှ တကယ့်တိုးတက်မှုကိုမရနိုင်ဘူး ။
အဲဒီဟာကိုလည်း အားလုံးက ၀ိုင်းပြီးတော့ ပြောကြဆိုကြ တာကို ကျွန်မသဘောကျတယ် ။
စပြီးတော့ ပြောတာ ၊ ဒီအသံတွေ ထွက်လာတာ ။ ဒါကြောင့်မို့လို့ အပြောင်းအလဲ
ဖြစ်နိုင်တဲ့ အခြေအနေတွေ မြင်နေရပြီဆိုတာ ဒါတွေပေါ့ ။ အသံတွေကြားနေရတာ ။
အသံတွေကြားနေရုံနဲ့တော့ မပြီးသေးဘူး ။ အသံတွေ ကြားပြီးတဲ့ အခါကျတော့
ဒီအသံတွေ နားထောင်ပြီးတော့ နောက်တခါ ဘာဆက်လုပ်ဦးမလဲဆိုတာကတော့ အဲဒါတွေက
စောင့်ပြီးတော့ ကြည့်ရမယ် ။
ပြည်သူတွေကို အသိပေးနိုင်မယ့်အချိန်
မေး
။ အစိုးရပိုင်း ပုဂ္ဂုလ်တွေနဲ့ ဆွေးနွေးတဲ့ အကြောင်းအရာတွေကို
လောလောဆယ်မပြောနိုင်သေးတဲ့အကြောင်း အစ်မဖြေလေ့ရှိတာ တွေ့ရပါတယ် ။
အဲ့ဒါတွေနဲ့ ပတ်သက်လို့ ဘယ်အချိန်လောက် ရောက်ရင် အများပြည်သူကို
အသိပေးနိုင်မှာလဲ ခင်ဗျား ။
ဖြေ ။ တိတိကျကျတော့
မပြောနိုင်ပါ ။ သိပ်ပြီးတော့အချိန်ဆွဲထားရင်တော့ မကောင်းဘူးဆိုတာ
ကျွန်မတို့ နားလည်ပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုကိစ္စတွေက သိပ်ပြီးတော့
အချိန်ဆွဲတာနဲ့ အမျှ ပြည်သူလူထုကလည်း ယုံကြည်မှုတွေ နည်းသွားတတ်တယ် ။
အဲဒါကြောင့်မို့လို့ ဒီလိုကိစ္စတွေဖြစ်ဖို့ ဆိုတာက အချိန်အကန့်အသတ်
တခုအတွင်းမှာလုပ်ဖို့ လိုတယ်လို့တော့ ကျွန်မတို့ ကြိုးစားမှာပါ ။
ပြည်သူကနေပြီးတော့ လက်ဆုပ်လက်ကိုင် သြော် ဒါကတော့ တိုးတက်မှုတစ်ခုပဲ
ဆိုပြီးတော့ မြင်နိုင်တဲ့ အခြေအနေဟာ အမြန်ဆုံးရောက်ဖို့ လိုတယ်ဆိုတာ
ကျွန်မလက်ခံပါတယ်။
မေး ။ အစ်မတို့ ပုံမှန်တွေ့မယ်လို့ ညှိနိုင်းထားတာ ရှိသလား ခင်ဗျ ။
ဖြေ ။ ဒီလိုသဘောမျိုး ရှိပါတယ် ။ တိတိကျကျတော့ ဘယ်အချိန် ၊ ဘယ်အချိန် ၊ ဘယ်အချိန် လို့တော့ မရှိပါဘူး။
တူညီတဲ့ကိစ္စတွေ
မေး
။ အစိုးရနဲ့ မတူတာတွေ ဘေးထားပြီး တူတာတွေမှာ
တွဲလုပ်မယ်လို့ပြောတာကြားရပါတယ် ။ တူတယိဆိုတာ ဘယ်ကိစ္စတွေပါလဲ ။ တချို့ကတော့
တူတာကော ရှိရဲ့လားလို့ ဝေဖန် ပြောဆိုတာတွေလည်းရှိပါတယ် ။
ဖြေ
။ တူတယ်ဆိုတာကတော့ တိုင်ပြည်အကျိုးနဲ့ သက်ဆိုင်တဲ့ကိစ္စတွေပေါ့ ။
အစိုးရကလည်း ဘာပဲပြောပြော ငြိမ်းချမ်းရေး လိုချင်တယ်ဆိုတာ ကျွန်မတို့သိတယ် ။
နောက် စီးပွားရေး တိုးတက်စေချင်တယ် ။ ပြည်သူတွေရဲ့ အခြေအနေ ပိုပြီးတော့
ကောင်းစေချင်တယ်။ ကျန်းမာရေး ၊ ပညာရေး ၊ အခြေအနေတွေပေါ့နော် ။ အဲဒါတွေကတော့
တူညီတဲ့ကိစ္စတွေပဲ ။ အဲဒီဟာတွေနဲ့ ပတ်သတ်လို့လည်း ကျွန်မ ပြောပြီးပါပြီ ။
တချို့က တူညီတာတွေများ ရှိလို့လားဆိုတာ ။တူညီတာတွေမရှိရင် ပိုပြီးတော့
စကားပြောဖို့လိုတယ် ။ တူညီတာတွေမရှိရင် ပိုပြီးတော့ဆွေးနွေးဖို့လိုမယ် ။
အဲ့သလိုနည်းနဲ့ပဲ တူညီတဲ့ဟာတွေ ရှိအောင်ဆောက်တည်ရမှာပေါ့ ။
ဒီတိုင်ပြည်မှာနေတဲ့သူတွေ အားလုံးဟာ လုံးဝ တူညီတာ မဟုတ်ဘူးဆိုတာတော့
မဖြစ်နိုင်ဘူး ။ ဘာပဲပြောပြော လျှပ်စစ်မီး မလုံလောက်ဖူးဆိုတာလောက်တော့
အားလုံး သိကြတာပဲ ။ ဥပမာ အားဖြင့်ပြောတာပါ ။ ဒီတိုင်းပြည်မှာ
နေတဲ့လူတွေကြားထဲမှာ တူညီမှု လုံးဝ မရှိဘူးဆိုတာ လုံးဝ မဖြစ်နိုင်ဘူး ။
နိုင်ငံခြားသားတွေတောင်မှ ဒီတိုင်ပြည်မှာ ခဏလာနေတဲ့ အချိန်မှာ ပြည်သူနဲ့
အတူတူ ခံစားရတဲ့ဟာတွေ ရှိတာပဲ ။ ဥပမာ လမ်းမကောင်းဘူးဆိုရင်
သူတို့ကားတွေလည်း ခုန်တာပဲ ။ ဗမာတွေရဲ့ ကားတွေမှ ခုန်တာမှ မဟုတ်တာ ။
အစိုးရအပေါ်ယုံကြည်မှု
မေး
။ အခုအစ်မ ပြောခဲ့တဲ့ စကားတွေအရဆိုရင် အစ်မအနေနဲ့ အစိုးရနဲ့ ပတ်သတ်တဲ့
အမြင် ၊ အစိုးရနဲ့ပတ်သတ်လို့ ယုံကြည်မှုနည်းနည်းပိုရှိလာတယ်လို့ မြင်ရပါတယ် ။
အဲဒါဟုတ်ပါသလား ။
ဖြေ ။ ကျွန်မပြောပြီးပါပြီ ။
ကျွန်မအနေနဲ့တော့ သမ္မတ ဦးသိန်းစိန်က ကောင်းတဲ့ဘက်ကို သွားချင်တယ်ဆိုတာတော့
ကျွန်မယုံကြည်တယ် ၊ ပြုပြင်ပြောင်းလဲမှုကို တကယ်လိုလားတယ်ဆိုတာ ကျွန်မ
ယုံကြည်တယ် ။
လူထုအုံကြွမှု သဘောထား
မေး
။ အခြေအနေတွေက ပြောင်းလဲနိုင်တဲ့ အခြေအနေ ရောက်နေပြီလို့ အစ်မ ယုံကြည်တယ်
၊ တဖက်ကလည်း ဆွေးနွေးမှုတွေ လုပ်နေတယ်ပေါ့ ။ ဒါပေမယ့် တချို့အင်အားစုတွေက
တပ်မတော်အခြေခံတဲ့ အစိုးရတစ်ရပ်အနေနဲ့ ပြောင်းလဲမှု တွေကို
လွယ်လွယ်ကူကူနဲ့ပြုလုပ်မှာ မဟုတ်ဘူး ။ ဒါမျိုးက လူထုအုံကြွမှုတွေနဲ့ တိုက်မှ
ပြောင်းလဲမှာလို့ တစ်စွန်းတစ်စ ပြောနေတာ ကြားရတယ် ။ အစ်မသဘောထား
သိချင်ပါတယ်။
ဖြေ ။ အဲဒါတော့ ကျွန်မတို့အနေနဲ့ ဒါကို
ပညာပေးပြီးတော့ စည်းရုံးဖို့ လိုတာပေါ့ ။ ဘာဖြစ်လို့လဲဆိုတော့ လွတ်လပ်ရေး
ကာလကို သွားမယ် ( ပြန်ကြည့်မယ်) ဆိုရင် လွတ်လပ်ရေး ရပြီးတာတောင်မှ
ဒါရွှေရည်စိမ် လွတ်လပ်ရေးပါ ဆိုပြီးတော့ ပြောတာ ရှိတယ် ။ ဒါမျိုးကတော့
ရှိတာပေါ့ ၊ ဒါမျိုးကတော့မတူတဲ့ သဘောထားပေါ့ ။ ကျွန်မတို့က ဒီမိုကရေစီကို
ယုံကြည်တာမို့လို့ မတူတဲ့ သဘောထား ရှိတယ်ဆိုတာ လက်ခံတယ် ။ မတူတဲ့
သဘောထားတွေကို ညှိမယ် ။ တိုင်ပြည်အတွက် ကောင်းတဲ့ ကိစ္စတွေကို သဘောမတူတဲ့
သူရှိလို့ ရပ်ရမယ် မဟုတ်ဘူး ။ သဘောမတူတဲ့ သူတော့ ရှိမှာပဲ ။ ဒါလူံသဘာဝပဲ ၊
သဘောမတူတဲ့သူတွေ ရှိပေမယ့်လည်း တကယ်တမ်း တိုင်းပြည်ကို
ကောင်းကျိုးပြုမယ်ဆိုတဲ့ ကိစ္စတွေ ယုံကြည်လို့ရှိရင် ဇြစ်လာမှာပဲ ။
သဘောမတူတဲ့သူတွေကိုသဘောတူအောင် လုပ်နိုင်ရင်တော့ ကောင်းတာပေါ့ ။ ဒါပေမယ့်
တစ်ရာရာခိုင်နှုန်းကတော့ မဖြစ်နိုင်ဘူး ။ ဒါ သဘာဝမကျဘူး ။ ဘယ်တော့မှ တစ်ရာ
ရာခိုင်နှုန်းက သဘောတူ လက်ခံတဲ့ကိစ္စ ဆိုတာမရှိခဲဘူး ။ ဥပမာ- ထမင်းဆိုင်မှာ
သွားစားရင်တောင် တစ်ယောက်တစ်မျိုး စားကြတာပဲ ။ အားလုံးဒါပဲစားဆိုရင်
ဘယ်ဖြစ်နိုင်မလဲ။ ဒါပေမယ့် ကိုယ်က တကယ်စေတနာနဲ့ ဒါလေးစားကြည့်ပါလားလို့
ပြောလို့ စားကြည့်လို့ အားလုံးကြိုက်သွားတာတော့ ရှိမှာပေါ့။
ဥပဒေစိုးမိုးရေး လက်တွေ့ကျဖို့
မေး
။ ကျွန်တော်တို့ တိုင်းပြည်မှာ ဒီမိုကရေစီဖြစ်ထွန်းဖို့နဲ့ ပတ်သတ်လို့
ဒီမိုကရက်တစ် အင်စတီကျူးရှင်းတွေ ရှိဖို့လိုတယ် ၊ ခိုင်ခိုင်မာမာ
ဖြစ်လာဖို့လိုတယ် စသဖြင့်ပြောကြတာတွေရဲ့ အခြေအနေက လောလောဆယ် ဘယ်လိုဘယ်ပုံ
ဖြေ ။
ကျွန်မတို့ကတော့ ပထမဆုံးစရာမှာတော့ ဥပဒေရေးရာ ။ ကျွန်မတို့အနေနဲ့
ဒီတိုင်းပြည်မှာ ဥပဒေစိုးမိုးရေး ရှိပြီလားဆိုရင် မမြင်ရသေးဘူးလို့
ဆိုရမှာပေါ့ ။ ဥပဒေစိုးမိုးရေးကို ဦးတည်တယ်ဆိုတာကတော့ သမ္မတ ကိုယ်တိုင်က
မိန့်ခွန်းထဲမှာ ပြောခဲ့ပြီးပြီ ။ ဒါပေမယ့် ဦးတည်တယ်ဆိုယုံနဲ့ မပြီးသေးဘူး
။ လက်တွေ့ကျကျ ပြနိုင်ဖို့ လိုမယ် ။အဲ့ဒီတော့ ဒီမိုကရေစီ
ထူထောင်မယ်ဆိုလို့ရှိရင် ဥပဒေစိုးမိုးရေးက အင်မတန်မှ အရေးကြီးပါတယ် ။
နောက်တခုအရေးကြီးတာက စောစောက ပြောတဲ့ဟာတွေနဲ့ ဆက်နွယ်နေပါတယ် ။
မတူတဲ့သဘောထားတွေ ရှိတယ်ဆိုတာ လက်ခံတာ ။ အဲ့ဒါက ဒီမိုကရေစီရဲ့ အခြေခံ
တန်ဖိုးတစ်ခုပဲ ။ လက်မခံနိုင်ဘူး ငါတို့နဲ့ သဘောထားချင်း အားလုံးက
တူရမယ်ဆိုရင် အဲ့ဒါ ဒီမိုကရေစီ မဟုတ်ဘူး ။ ဒါကတော့ အပြန်အလှန်ပေါ့ ။
ကျွန်မတို့ အနေနဲ့ လက်ခံရမယ်။ ကျွန်မတို့နဲ့ သဘောထားချင်း မတူတဲ့ဟာတွေ
ရှိတယ်ဆိုတာ လက်ခံရမယ် ။ အဲဒီအတိုင်းပဲ တစ်ဘက်နဲ့တစ်ဘက် လက်ခံရမယ် ။
ဒါပေမဲ့ ဒီမိုကရေစီရဲ့ လုပ်ပုံလုပ်နည်းအရဆိုရင် မတူတဲ့ သဘောထားတွေကို
နောက်ဆုံးကျတော့ ဘယ်သူက ညှိလဲဆိုရင် ပြည်သူကညှိတာပဲ ။ ပြည်သူရဲ့ ဆန္ဒ
သဘောထားက လွှမ်းမိုးရမယ် ။ အဲဒီတော့ ပြည်သူ့ဆန္ဒ လွှမ်းမိုးပြီဆိုရင်
မတူညီတဲ့အဖွဲ့အစည်းတွေ ပုဂ္ဂိုလ်တွေကြားထဲမှာ ညှိနိုင်တာ မညှိနိုင်တာထက်
ပြည်သူက ညှိသွားမယ် ။ ပြည်သူက ဆုံးဖြတ်သွား မယ့်သဘော ရှိတယ် ။ အဲဒီတော့
ပြည်သူကို စည်းရုံးရမှာပေါ့ ။ ကိုယ့်ရဲ့ အမြင်ကိုလက်ခံစေချင်ရင် ။ အဲဒီတော့
ကျွန်မတို့က ဒီမိုကရေစီကို ဘာဖြစ်လို့ ယုံကြည်သလဲဆိုတာကို
ပြည်သူလက်ခံအောင်လုပ်နိုင်မှ ပြည်သူကလည်းဒီစနစ်ကို အင်တိုက်အားတိုက်
အားပေးထောက်ခံမှာ ။ ပြီးတော့ ဒီလို အဆောက်အအုံတွေ ရှိလာဖို့ ဆိုတာက
ဥပဒေစိုးမိုးရေးက အရေးကြီးတယ် မတူညီတဲ့ သဘောထားတွေကို လက်ခံနိုင်ဖို့
ကအရေးကြီးတယ်။ ဥပမာ- လွှတ်တော်ထဲမှာ ၊ လွှတ်တော်ထဲမှာ
ဘယ်လောက်ထိပြောနိုင်ဆိုနိုင်လဲ ၊ ဘယ်လောက်ထိ ထိရောက်အောင်
သယ်ဆောင်နိုင်သလဲဆိုတာ ဒါတွေက အများကြီး စကားပြောတယ်။
လွှတ်တော်ထဲမှာပြောဆိုနေတာတွေ
မေး
။ ဒီကနေ့ လွှတ်တော်ထဲမှာ ပြောဆိုဗနတာတွေအရကော အဲဒီအနေအထားတွေ
မတူတဲ့အယူအဆတေ တင်ပြနိုင်တဲ့ အနေအထားတွေ တော်တော်တန်တန် ရှိနေပြီလို့
ဆိုနို်င်ပါသလား ။
ဖြေ ။ အဲဒီဟာကတော့ ရှင်းရှင်းလင်းလင်း
ပြောလို့မရသေးဘူး ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မက လွှတ်တော်မှာ တင်လိုက်တဲ့
အဆိုတွေမှာ မတူညီတဲ့ သဘောထားတွေ ဘယ်လောက် ပါလဲ ဆိုတာနည်းနည်းစဉ်းစားစရာ
ဖြစ်တာပေါ့ ။ ဘာဖြစ်လို့လဲ ဆိုတော့ အခုတင်တဲ့ထဲမှာ ဆိုလို့ရှိရင်
ကျွန်မမှတ်မိသလောက်ကတော့ လုံးဝလက်မခံတာတွေထဲမှာ ရပ်ကွက်ကျေးရွာ
အုပ်ချုပ်ရေးမှူးကိစ္စ လက်မခံဘူး ။ နောက် ဆွေးနွေးမယ်ဆိုတဲ့ဟာတွေရှိတယ် ၊
အဲဒီဆွေးနွေးမယ်ဆိုတဲ့ဟာတွေထဲမှာ ဆိုရင် မြစ်ဆုံကိစ္စ ပါတယ် ။
ဆွေးနွေးဆိုတဲ့ ဟာတွေကတော့ ကျွန်မတို့က သဘောကျတယ် ။ ဘာပဲပြောပြော
ဆွေးနွေးမယ်ဆိုတဲ့ဟာက ပထမဆင့်ပဲ ၊ ဆွေးနွေးပြီး ဆုံးဖြတ်တာကျတော့
အင်အားရှိတဲ့ ပါတီက ဆုံးဖြတ်မှာပဲ ဆိုပြီးတာ့ ပြောတဲ့သူကလည်း ပြောတယ်ပေါ့။
ဒါလည်း မှန်ပါတယ် ။ ဘာပဲပြောပြော ပြည်သူရဲ့ အသံကို နားထောင်ပါတယ် ဆိုတာတော့
ဒါတိုးတက်မှုလို့ ဆိုရမယ် ။တခြား ကိစ္စတွေမှာဆိုလို့ရှိရင် အကျဉ်းသားများ
လွတ်မြောက်ရေးနဲ့ ပတ်သက်တဲ့ တင်တဲ့ အဆိုကိုဆိုရင်လည်း ဆွေးနွေးမယ်ဆိုတဲ့
သဘော ၊ စဉ်းစားမယ်ဆိုတဲ့ သဘောရှိတယ် ။ ဒီဟာကို တိုးတက်မှုလို့ ကျွန်မတို့
လက်ခံတယ်။ ဒါပေမဲ့ ဒါတွေကတော့ ကျွန်မတို့သိတဲ့ ကိစ္စတွေပေါ့။ တင်ခွင့်ကို
မရှိတဲ့ အဆိုတွေရှိတာ မရှိတာတွေတော့ ၊ ကြိုပြီး တင်ထားရတာဆိုတော့ ကျတော့
မကျတာတွေ ဘာတွေလဲဆိုတာတော့ ကျွန်မတို့ ပြောရခက်တယ်။
တရားရုံးတွေ စီမံခန့်ခွဲရေး
မေး ။ ဥပဒေစိုးမိုးရေး ရရှိဖို့အတွက်ကိုကော ဘယ်သူတွေက ဘယ်လို လုပ်နိုင်မလဲ ။
ဖြေ
။ ဥပဒေစိုးမိုးရေး ရ၇ှိဖို့အတွက်က အလုပ်နိုင်ဆုံးကတော့ အစိုးရပဲ ။
ဘာဖြစ်လို့လဲဆိုတော့ တရားရုံးတွေကနေ စမှာ မဟုတ်လား ။ တရားရုံးတွေကို
ဘယ်သူစီမံခန့်ခွဲလဲ ။ တရားရုံးတွေကို ပြည်သူတွေကနေ သွားပြီးတော့
စီမံခန့်ခွဲလို့ မရဘူး။ နိုင်ငံရေးပါတီတွေကလည်း
သွားပြီးတော့
စီမံခန့်ခွဲလို့ မရဘူး။ အစိုးရကစီမံ ခန့်ခွဲရမှာ။ တရားရုံးတွေကနေ စရမှာ။
တရားရုံးတွေက ဆုံးဖြတ်ချက်တွေဟာ တရားဥပဒေနဲ့ ညီရဲ့လား ။ အဲဒီဟာကနေ
စပြီးတော့ ကြည့်ရမှာပေါ့ ။ လူတွေကိုဖမ်းတယ် မဟုတ်လား ။ တရားဥပဒေနဲ့
အညီဖမ်းတာမဟုတ်ရင် တရားရုံးက တရားဥပဒေနဲ့အညီ ဆုံးဖြတ်ချရင် အဲဒီလူတွေ
လွတ်ရမယ်လေ ။ အဲဒီတော့ အဓိကကတော့ တရားရုံးတွေရဲ့ စီမံခန့်ခွဲမှုပဲ ။ ဒါက
ဥပဒေ ။ ဒါကအစိုးရ ကိုင်ရမယ့်ကိစ္စ။
မေး ။ ပြည်သူတွေအနေနဲ့က ဘာတွေတက်နိုင်မလဲ ။
ဖြေ
။ ပြည်သူတွေအနေနဲ့က အသံတွေထွက်ရမှာပေါ့ ။ ဒီလို မတရားမှုတွေ
ဖြစ်နေတယ်ဆိုရင် ဒီကိစ္စတွေဖော်ထုတ်ရမယ် ။ ဒါလည်းကျွန်မတို့လုပ်နေတာ
ကြာပါပြီ ။ ဘယ်သူ့ကိုဖြင့် မတရားသဖြင့်ဖမ်းဆီးပါတယ် ။
ဘာကြောင့်မို့လို့ဥပဒေနဲ့ မကိုက်ညီပါဘူး ဆိုတာ ကျွန်မတို့ အတန်တန်ပြောနေတဲ့
ကိစ္စပဲ။
ပြည်သူလား အစိုးရလား
မေး ။ ဒီမိုကရက်တစ် အသ်စတီကျုးရှင်းတွေ ဖြစ်လာဖို့ဆိုတာ ပြည်သူလူထုပေါ်မှာအဓိက မူတည်သလား ။ အစိုးရပေါ်မှာအဓိက မူတည်သလား ။
ဖြေ
။ အစိုးရပေါ်မှာလည်း မူတည်ပါတယ် ။ ကျွန်မတို့ နိုင်ငံမှာဆိုရင် ဒီမိုကရေစီ
စနစ်ဆိုတာ မရှိတာကြာပါပြိ ။ အဲဒီတော့ အစိုးရကပဲ အာဏာအရပ်ရပ်ကို
ချုပ်ကိုင်ထားတဲ့ စနစ်က လွှမ်းမိုးခဲ့တာ ဆယ်စုနှစ်ချီလာပြီ ။ အဲဒီတော့
အခုအစိုးရပေါ်မှာ အများကြီးတာဝန်၇ှိပါတယ်။ ပြည်သူတွေက လုပ်နိုင်ကိုင်နိုင်၊
လုပ်ရဲကိုင်ရဲတဲ့ အလေ့အကျင့်က မရှိသေးဘူး ။ ဒီအလေ့အကျင့်ရအောင်လို့ ၊
ပြည်သူတွေ ကိုယ်တိုင်ကလည်း လုပ်ယူရမယ် ။ နောက်ဆုံးကျတော့ဥစ္စာရင်လို
ဥစ္စာရင်ခဲပေါ့ ။ ဒါပေမယ့် တကယ် ဒီမိုကရေစီစနစ်ကို ထူထောင်ချင်တဲ့
အစိုးရဆိုလို့ရှိရင် ကိုယ့်မှာ ဘယ်လောက်တာဝန်ရှိသလဲဆိုတာ မြင်ပြီးတော့
တက်နိုင်သမျှ လုပ်ပေးရမယ် ။
ပြည်သူနုင့် ယုံကြည်မှု
မေး ။ ကျွန်တော်တို့ တိုင်းပြည်မှာ ဖြစ်ပျက်သမျှတွေကို ခြုံငုံ သုံးသပ်ရင် တိုင်းပြည်ရဲ့အဓိက ပြသနာတွေက ဘာတွေလို့ ဆိုမလဲခင်ဗျာ။
ဖြေ
။ ဘယ်ကစရမလဲ ။ အဓိက ပြသနာလို့ပြောလို့ မရပေမယ့် ကျွန်မအနေနဲ့ အင်မတန်မှ
အရေးကြီးတဲ့ဟာတစ်ခု ပြောရမယ်ဆိုရင် ပြည်သူတွေရဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှု
မရှိတဲ့ကိစ္စ။ ပြည်သူတွေရဲ့ကိုယ့်အင်အားကိုကိုယ်မယုံကြည်တဲ့ကိစ္စပဲ ။
ပြည်သူတွေက ကိုယ့်ကိုယ်ကိုယ် ယုံကြည်ရမယ်။ ကိုယ့်ကိုကိုယ် တန်ဖိုးထားရမယ် ။
ငါတို့ ပြည်သူတွေဟာ ငါတို့ တိုင်းပြည်ရဲ့ ကံကြမ္မာကို ဖန်တီးနိုင်တယ်ဆိုတဲ့
ယုံကြည်မှု ရှိရမယ် ။ ဒီယုံကြည်မှုရှိပြီးမှ ငါတို့ ဒီဟာကိုဘယ်လိုလုပ်မလဲ
ဆိုတာကို တွေးမှာကိုး။ ယုံကြည်မှု မရှိရင် မတွေးဘူးပေါ့။ ဥပမာဆိုလို့ရှိရင်
ပန်းချီမဆွဲတတ်ဘူးလို့ ကိုယ့်ကိုကိုယ် ထင်နေတဲ့သူ ဘယ်တော့မှ
ပန်းချီစဆွဲတော့မှာ မဟုတ်ဘူး ။ ဒါပေမယ့်သူ့စိတ်ထဲမှာ ငါ့မှာတော့ အနုပညာ
ပါရမီပါတယ်။ ငါတော့ ပန်းချီဆွဲလို့ရှိရင် ရမှာပဲလို့ယုံကြည်တဲ့သူက
စပြီးတော့ စုတ်တံ ဒါမှမဟုတ်ခဲတံလေး ကိုင်ပြီး စက္ကူမှာခြစ်ကြည့်မှာပဲ ။
အဲဒီလိုမှပဲ စပြီးတော့ လုပ်နိုင်မှာပေါ့ ။ အစကတည်းက မလုပ်နိုင်ပါဘူးဆိုတဲ့
စိတ်နဲ့တော့ ဘယ်တော့မှ ဖြစ်မြောက်မှာ မဟုတ်ဘူး။
ဒီတိုင်းပြည် ပြသနာက ဘာတွေလဲ
မေး ။ ပြင်ပကနေ ကြည့်မယ်ဆိုရင်ကော ဒီတိုင်ပြည်ရဲ့ ပြသနာက ဘာတွေလို့ ထင်မြင်စရာရှိမလဲ ။
ဖြေ
။ ဒါတွကတော့ အမျိုးမျိုးမြင်ကြတာပေါ့ ၊ တချို့ကျတော့ မြန်မာတွေရဲ့
ယဉ်ကျေူးမှု ၊ သမိုင်းထုံးတမ်းစဉ်လာအရကို မြန်မာနိုင်ငံကလူတွေဟာ
ဒီမိုကရေစီနဲ့ မထိုက်တန်ဘူးဆိုပြီး ပြောတဲ့သူတွေလည်း ရှိတာ ကြားရမှာပေါ့ ။
အဲ့ဒီလိုလူတွေလည်း ရှိတာပဲ ။ ဒါပေမဲ့ ပညာရှင်တော်တော် များများက ပြောတာပဲ ၊
နိုင်ငံတွေဟာ သမိုင်းရဲ့အကျဉ်းသားတွေမဟုတ်ဘူး ။ သမိုင်းက ဘယ်လိုပဲဖြစ်ဖြစ်
သမိုင်းအစဉ်အလာကနေ ရုန်းထွက်နိုင်တဲ့ အရည်အချင်းရှိဖို့ ၊ ဒါကကိုယ့်ရဲ့ဆန္ဒ
၊ ကိုယ့်ရဲ့ဇွဲပေါ်မှာ တည်တော့ အရင်ဖြစ်ခဲ့တဲ့ အတိတ်ကိုပဲ အပြစ်ပုံချတာကို
ကျွန်မအယုံအကြည်မရှိဘူး ။ ပစ္စုပန်ကိုပဲ တည့်တည့်ကြည့် ၊ ပစ္စုပန်ကိုပဲ
ကိုယ်လုပ်နိုင်တာကိုလုပ်သွား ။ ဘာဖြစ်လို့လဲဆိုတော့ အပြောင်းအလဲတွေကလည်း
အများကြီးပဲ ။ ဥပမာဆိုရင် ထုံးတမ်းအစဉ်အလာအရ ဗမာတွေက
ဒီမိုကရေစီစနစ်ကိုမသုံးနိုင်ပါဘူးလို့ ပြောနေတဲ့သူတွေက ၊
ဒီထုံးတမ်းအစဉ်အလာမဖြစ်တဲ့ ကိစ္စတွေ ၊ အခု ဗမာတွေ အများကြီး လုပ်နေတာတွေရတယ်
။ ဥပမာဆိုရင် အစားအသောက်ကိုပဲကြည့် ၊ ကျွန်မတို့ ငယ်ငယ်တုန်းကဆိုရင်
ဒီဗမာပြည်မှာ ဘာအစားအစာရလဲ ။ ဗမာ အစားအစာ ၊ နောက်အိန္ဒိယ အစားအစာ
နည်းနည်းရတယ် ။ တရုတ် အစားအစာ နည်းနည်းရတယ် ။ ဒါပဲ ဗမာအများစုက
ဗမာအစားအစာပဲ စားတတ်ကြတာပဲ ။ အခုကြတော့ ကျွန်မတို့ မတွေ့ဘူးတဲ့ အစာတွေ
အမျိုးမျိုးပဲ စားကြတယ် ။ စားရုံတင်မကဘူး ။ အရသာတွေ့သွားတယ် ။ အဲဒီလိုပေါ့ ၊
မပြောင်းလဲနိုင်ဘူးဆိုတာ မဟုတ်ဘူး ။ အဲဒီတော့ ဘယ်နိုင်ငံ ဘယ်လူမျိုးမှ
သမိုင်ရဲ့ အကျဉ်းသားတွေ မဟုတ်ဘူးဆိုတဲ့ အမြင်ကို ကျွန်မ အများကြီး
ထောက်ခံတယ် ။ ကိုယ့်ဘာသာကိုယ် လုပ်ယူနိုင်ရမယ် ။
မအောင်မြင်တဲ့တိုင်းပြည်တောင်မှ အောင်မြင်အောင်လုပ်နိုင်တဲ့ နည်းတွေ
ရှိပါတယ် ဆိုပြီးတော့ နိုင်ငံရေး ၊ စီးပွားရေး ၊ ပညာရှင်တွေက ပြောလာပြီ။
ပြောလာပြီဆိုရင် အခုနက ကျွန်မပြောလိုက်တဲ့အပေါ်မှာ အခြေခံတာပေါ့နော် ။
ကျွန်မတို့အားလုံးက အတိတ်ကနေ ရုန်းထွက်ပြီးတော့ ပစ္စုပန်ကို သုံးပြီးတော့
အနာဂတ်ကို တည်ဆောက်နေတယ် ။ တချို့ကတော့ ဒါက ဘာမှ မလုပ်နိုင်ပါဘူးလို့
မြင်တဲ့သူတွေလည်း ရှိမှာပေါ့နော် ။ တခုပြောရမယ်ဆိုရင် ကျွန်မ ရ၀မ်ဒါကို
ဥပမာထားပြီး ပြောချင်တယ် ။ ရ၀မ်ဒါဆိုရင် တခါတည်း တော်တော်ကို
ဆိုးဆိုးရွားရွား ဖြစ်ခဲ့တဲ့ နိုင်ငံတစ်ခုပဲ ။ ဒါပေမယ့်
သူတို့နိုင်ငံခေါင်းဆောင်ရဲ့ စွမ်းဆောင်မှုကြောင့် မို့လို့ ရ၀မ်ဒါကို
တချို့ကဆိုရင် ဘယ်လိုတိုးတက်ပြောင်းလဲနိုင်တယ်ဆိုတဲ့ စံပြနိုင်ငံ တစ်ခု
အနေနဲ့တောင်မှ ထောက်ပြနေကြတယ် ။ ဒီတော့ အပြောင်းအလဲဆိုတာ
မဖြစ်နိုင်ဘူးဆိုတာ မဟုတ်ဘူး ။ နံပါတ်တစ်က ဆန္ဒပေါ့ ။ ကျွန်မ
ထပ်တလဲလဲပြောတဲ့ အောင်မြင်ချင်းတရားလေးပါးဆိုတာ ဆန္ဒနဲ့ စရမယ် ။ တကယ်ပဲ
ကိုယ်လုပ်ချင်တဲ့ ဆန္ဒရှိပြီဆိုရင် ဆန္ဒရှိက လမ်းစရ ၊ လမ်းစကို ရှာရမှာပေါ့ ။
ဖွံ့ဖြိုးမှုနဲ့ ဒီမိုကရေစီ
မေး
။ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုနဲ့ ၊ တိုင်းပြည်မှာ ဒီမိုကရေစီ
ထွန်းကားမှုနဲ့ ဘယ်ဟာက အရင်ကျသလဲ ဆိုတာ ပြောကြတာတွေ ရှိတယ် ။ အစ်မအနေနဲ့
ဘယ်လိုမြင်ပါသလဲ။
ဖြေ ။ လက်တွဲသွားရမှာပေါ့ ၊ ဒီလို
ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဒီမိုကရေစီကိုခွဲပြီး လုပ်တယ်ဆိုတာ ဒါဟာ သဘာဝမကျတဲ့
ခွဲခြားမှုပါ ။ ဒါက ခွဲခြားမယ်ဆိုပြီး ဆုံးဖြတ်ထားတဲ့ ခွဲခြားမှုပဲ ။
တကယ်တော့ ခွဲခြားလို့မရပါဘူး ။ တိုင်းပြည်တပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုတာ
ဒီတိုင်းပြည်ရဲ့နိုင်ငံရေးစနစ်နဲ့ အများကြီးဆိုင်တယ် ။ ဒီနိုင်ငံရေးစနစ်
ဆိုတာ ဒီမိုကရေစီ ဟုတ်လား မဟုတ်လားဆိုတဲ့ စကားတွေက ပြောလာတာပေါ့ ။
ကျွန်မတို့က ဒီမိုကရေစီစနစ်က ဖွံ့ဖြိုးတိုးတက်မှုကို
အားပေးတယ်လို့ဘာလို့ယုံသလဲဆိုတော့ ဒိမိုကရေစီစနစ်မှာဆိုရင် အရေးကြီးဆုံး
ကိစ္စတစ်ခုက တာဝန်ယူမှု ( accountability ) ပေါ့ ၊ မြင်သာမှု ( transparency
) ပေါ့ ။ အဲ့ဒါတွေ ရှိရမယ် ။ အဲဒီဟာတွေက ဖွံဖြိုးမှုအတွက် အရမ်း
အရေးကြီးတယ် ။ ကြားဖူးလား မသိဘူး ။ နိုင်ငံရေး ဟာသကွက် တစ်ကွက် ရှိတယ်လေ ။
တံတားကြီးဆောက်လိုက်လို့
နိုင်ငံခေါင်းဆောင်
တစ်ယောက်က တခြားနိုင်ငံကို သွားတဲ့အခါကျတော့ အာဏာရှင် အချင်းချင်း
တခြားနိုင်ငံက အာဏာရှင်က တော်တော်ချမ်းချမ်းသာသာ ခံ့ခံ့ညားညားဆိုတော့
ဟိုတစ်ယောက်ကအားကျလို့ ဘယ်လိုကြောင့်လဲ မေးတော့ ၊ ဟိုမှာကြည့်
ဟိုတံတားကြီးဆောက်လိုက်လို့ ဒီလိုဖြစ်လာတယ်လို့ ပြောတယ်တဲ့ ၊
နောက်တော့ဧည့်သည် အာဏာရှုင်က သင်ခန်းစာယူပြီး ပြန်သွားပြီး
နောက်နည်းနည်းကြာတော့ သူ့မိတ်ဆွေ အာဏာရှင်ကြီးကို ပြန်ဖိတ်လို့သွားတဲ့အခါ
ကျတော့ သူကပိုတောင် ခမ်းနားသေးတာပေါ့ ၊ နေပုံထိုင်ပုံက ။
ဟိုတစ်ယောက်ကမေးတယ်တဲ့ ၊ ခင်ဗျားဘယ်နှယ်ကြောင့် ဒီလောက်
ချမ်းသာသွားတာလဲဆိုတော့ သူက ပြတင်းပေါက်ကနေ ဟိုတံတားကြီးကိုကြည့်ဆိုပြီး
ပြတယ်တဲ့ ၊ ဘယ်မှာလဲ တံတားလည်း မမြင်ဘူးပေါ့ ။ ( တံတားက မရှိဘူး )
အဲဒါကြောင့် ချမ်းသာတာပေါ့ ။ အဲဒါမျိုးတွေဆိုတာက ဒီမိုကရေစီ စနစ်မှာ
မဖြစ်နိုင်ဘူး ။ ဘာဖြစ်လို့လဲဆို ဒါတွေက မေးတာမြန်းတာတွေ ဖြစ်မယ် ဘယ်မှာလဲ
တံတားဆိုတဲ့ မေးနိုင်တဲ့ အခွင့်အရေးတွေ ရှိရမယ် ။ ဒါကြောင့်မို့
ဖွံ့ဖြိုးမှုနဲ့ ဒီမိုကရေစီဆိုတာ ဒွန်တွဲ ပြီးတော့ မြင်ရမယ်လို့
ကျွန်မကတော့ ယုံကြည်တယ် ။
မေး ။ ဒီမိုကရေစီနိုင်ငံ
ဖြစ်ပေါ်ဖို့ institution တွေအကြောင်း စောစောက နည်းနည်းပြောခဲ့ပါတယ် ။
civil society ဆိုတဲ့ လူမှုအဖွဲ့အစည်းတွေ ထွန်းကားမှုကရော ဒီမိုကရေစီ အတွက်
ဘယ်လောက်အထွ အထောက်အကူပြု ပါသလဲ ။
ပြည်သူတွေ တာဝန်ယူနိုင်ပြီဆိုရင်
ဖြေ
။ ဒါကလည်း အရေးကြီးပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ ဒါက ပြည်သူနဲ့ဆိုင်တယ်။
ပြည်သူရဲ့ကဏ္ဍက သိပ်ပြိး အရေးကြီးတယ် ။တကယ်စစ်မှန်တဲ့ civil society ဆိုတာ
ပြည်သူကို အခြေခံပြီး ပြည်သူထဲက ပေါက်ဖွားလာတာ ။ အဲဒီတော့ တစ်နည်းအားဖြင့်
civil society အင်အားကြီးလာတယ်ဆိုရင်တော့ ဒိနိုင်ငံတခုရဲ့ တိုးတက်မှုဟာ
အင်မတန် အားရစရာ ဖြစ်လာမယ် ။ civil society ဆိုတာ အစိုးရနဲ့မဆိုင်တဲ့
အဖွဲ့အစည်းတွေ ၊ အစိုးရမဟုတ်ဘဲ ပြည်သူတွေက မိမိတို့ရဲ့ လိုအပ်ချက်အရ
လုပ်တာပေါ့။ ကျွန်မတို့ ဒိမိုကရေစီ ကွန်ရက်ထဲမှာဆိုရင် ဒီလိုဟာမျိုးတွေ
အများကြီးမြင်ရတယ် ။ အဲဒီရပ်ကွက်မှာ ကျောင်းသူတွေ ကိုယ့်ဟာကိုယ်
စုပြီးစာသင်ကျောင်းလေး တစ်ခုထူထောင်လိုကတယ်။
ဘုန်းတော်ကြီးကျောင်းတော်တော်များများ မှာလည်း ကလေးတွေကို စာသင်ပေးနေတာ
ရှိတယ် ။ ဒီ့အပြင် တခြားနည်းတွေနဲ့ ဆေးကုတဲ့နည်းတွေနဲ့ ကူညီနေတာတွေ ရှိတယ် ။
အဲဒီလိုပေါ့ ပြည်သူတွေက ငါတို့ဟာ ငါတို့ ကူညီနိုင်တယ် ၊ ကိုယ့်ကိုကိုယ်
ကူညီနိုင်တယ် ၊ကိုယ့်အတွက် ကိုယ်လုပ်နိုင်တယ် ၊ဘယ်သူ့ကိုမှ အားမကိုးရဘူး ။
စောစောက ကျွန်မပြောတဲ့ ယုံကြည်ချက်ပေါ့ ။ ငါတို့ လုပ်နိုင်တယ်ဆိုတဲ့
ယုံကြည်ချက်က စလာပြီဆိုရင် ဒီမိုကရေစီကို အများကြီးအထောက်အကူပြုပေးပါတယ် ။
Civil Society များရဲ့ အနေအထား
မေး ။ အခု မြန်မာပြည်မှာရှိနေတဲ့ civil society တွေ အဖွဲ့အစည်းတွေရဲ့ အနေအထားက ဘယ်လောက်အားကောင်းနေပြီလို့မြင်လဲ ။
ဖြေ ။ စနေဆဲလို့ ပြောရမှာပေါ့ ။ အားကောင်းလာပြီလို့တော့ မပြောနိုင်ဘူး ။ ဒါပေမယ့် အားယူလာပြီလို့တော့ ပြောနိုင်တယ်လို့ ထင်တယ်။
မေး ။ သူတို့ အားကောင်းဖို့ ဘာတွေ လုပ်သင့်တယ်လို့ အကြံပေးချင်တာ ရှိလဲ ။
ဖြေ
။ ဟိုဘက် ဒီဘက်ပေါ့ ၊ အားကောင်းလာဖို့ဆိုတာမှာ လုပ်ပိုင်ခွင့်တွေလည်း
ရှိရမယ် ။ ဒါကတော့ နိုင်ငံရေးစနစ်တွေ ဥပဒေတွေနဲ့လည်းဆိုင်တယ် ။ ဥပဒေတွေ
နိုင်ငံရေးစနစ်တွေ ပြောင်းဖို့ဆိုတာစ်ဘက်ကလည်း လုပ်ယူရတယ် ။ စပြီးတော့
ကြိုးစားရမှာပဲ။ အခု ဒီအင်တာဗျုးထည့်ချင်လို့ရှိရင် ထည့်တော့
ကြည့်ရမှာပေါ့ ။ ထည့်မကြည့်ဘဲနဲ့တော့ ထည့်ရမရ ဘယ်သိမလဲ ။
ထည့်ကြည့်လို့ရှိရင် ရရင်လည်း ရမှာပေါ့ ။ လုပ်ကြည့်ရမှာပေါ့ ။ အဲ့ဒီတော့
လုပ်ကြည့်ရင်းနဲ့ ဒီတခါမရရင် နောက်တခါက် ကြိုးစားရမှာပေါ့ ။
လုပ်ကြည့်ရင်းနဲ့လည်း ရသွားမှာပေါ့ ။
အစိုးရကူညီရင် ပိုမြန်မယ်
မေး ။ civil society တွေ အားကောင်းဖို့အတွက် အစိုးရဘက်ကနေ ခွင့်ပြုတဲ့ အားပေးကူညီတဲ့ အစိတ်အပိုင်းလည်း လိုတယ်လို့ ပြောချင်တာလား။
ဖြေ
။ အစိုး၇ဘက်က ကူညီရင်တော့ ပိုပြီးမြန်မြန် ဆန်ဆန် အားကောင်းလာမှာပေါ့
အစိုးရဘက်ကလည်း ကူညီသင့်တာပေါ့ ။ ဒါပေမဲ့ တစ်ခုတော့ ရှိပါတယ် ။
ဒီမိုကရေစီနိုင်ငံတွေမှာတောင်မှ အစိုးရဘက်က ဒီလို civil society တွေကို
ကူညီတယ်ဆိုတာထက် civil society တွေ ဖြစ်ပေါ်နိုင်တဲ့ အခြေအနေကို
ဖန်တီးတယ်လို့ပဲ ပြောရမှာပေါ့။ civil society ဆိုကတည်းက government
မဟုတ်တော့ဘူးလေ ။ အစိုးရက ၀င်ပြီးပါနေတယ် ဆိုရင်တော့
ဒါအစိုးရကိစ္စဖြစ်သွားပြီ ။ ဒါပေမဲ့ နိုင်ငံရေး အခင်းအကျင်းက civil society
တွေ ရှင်သန်အားကောင်းနိုင်တဲ့ အခင်းအကျင်းဖြစ်ဖို့ဆိုတာ အစိုးရနဲ့
အများကြီး ဆိုင်တာပေါ့ ။ ဒါပေမဲ့လည်း ပြည်သူတွေကိုယ်တိုင်က လုပ်ယူရမယ် ။
အစိုးရလုပ်ဖို့ပဲ ထိုင်ပြီး စောင့်နေလို့ မဖြစ်ဘူး။
ပြည်သူတွေလည်း ပါရမယ်
မေး ။ civil society ရဲ့ သဘာဝက အစိုးရနဲ့အပြိုင်သဘောမျိုး ရှိတယ်လို့ကော ဆိုနိုင်လား။
ဖြေ
။ ကျွန်မကတော့ အဲလို၇ှိတယ်လို့ မပြောချင်ဘူး ။ မကြာခင်ကတောင်မှ ကျွန်မ
ဆောင်းပါးတစ်ခု ရေးထားတယ် ။ ဒါပေမဲ့ ဒါကတော်တော်နဲ့ ထွက်မှာ မဟုတ်သေးဘူး ။
အဲဒီမှာ ကျွန်မပြောထားတာရှိတယ် ။ အခုဆိုရင် civil society တွေက civic
responsibility ပြည်သူတွေရဲ့ ကိုယ့်ရဲ့ တာဝန်သိစိတ်နဲ့ အစိုးရရဲ့
အလုပ်တွေကို ဖြည့်ဆည်းပေးတယ်ဆိုတဲ့ သဘောနဲ့ ကျွန်မက မြင်ချင်တယ် ။
အစိုးရနဲ့ပဲ မလုံလောက်ဘူးဆိုတဲ့ အသိအမြင် ပေါ်လာမှာပေါ့ ။ အစိုးရတစ်ခုနဲ့
မလုံလောက်ဘူး ။ တိုင်းပြည်တစ်ပြည်တိုးတက်ဖို့
တိုင်းပြည်တစ်ပြည်ဖွံ့ဖြိုးဖို့ဆိုတာ ပြည်သူတွေလည်းပါရမယ် ။ အစိုးရကို
ပြိုင်တာ ၊ အစိုးရကို မကျေနပ်တာ ဆိုတာထက် အစိုးရရဲ့ ကန့်သတ်ချက်တွေကို
အသိအမှတ်ပြုတယ် ဆိုတဲ့ သဘောပေါ့ ။ အစိုးရဆိုတာလည်း အကန့်အသတ်နဲ့ပဲ
လုပ်နိုင်တာ ။ အစိုးရ မလုပ်နိုင်တဲ့ ကိစ္စတွေရှိတယ် ။ အဲဒါတွေိ
ငါတို့ပြည်သူတွေက လုပ်ရမယ်ဆိုတဲ့ အသိအမြင်တွေဟာ တိုင်းပြည်တစ်ပြည်ရဲ့
အနာဂတ်အတွက် ပိုပြီးကောင်းတယ်လို့ ကျွန်မ ထင်တယ် ။
ပညာရေး ၊ ကျန်းမာရေး တိုးတက်ဖို့
မေး
။ ကျန်းမာရေးတို့ ပညာရေးတို့နဲ့ ပတ်သတ်တဲ့ ကိစ္စတွေမှာ အစ်မတို့က
စိတ်ဝင်စားပြီး တကယ်လည်း လုပ်ကိုင်ပေးနေတာ ရှိတယ်ဆိုတာ မြင်ပါတယ် ။ အဲဒါတွေ
ဒီထက်ပိုပြီးကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာဖို့ဆိုရင် ဘယ်လို အနေအထားတွေ
လိုမလဲ ။
ဖြေ ။ ကျွန်မတို့လုပ်နေတဲ့ လုပ်ငန်းတွေ ပိုပြီး
ကျယ်ပြန့်ဖို့ဆိုတာ ကျွန်မတို့အပေါ်မှာတည်တာပေါ့ ။ ကျွန်မတို့
ပိုပြီးကြိုးစားရမယ် ၊ ပြည်သူလူထုရဲ့ ထောက်ခံမှုတွေကို ရအောင် လုပ်ရမယ်။
ဒါပေမဲ့ ဒီတစ်နိုင်ငံလုံးမှာ ပညာရေး ကျန်းမာရေး တိုးတက်ဖို့ ဆိုတာ
အစိုးရရဲ့ ကဏ္ဍက အင်မတန်မှ အရေးပါတယ်။
ဆင်းရဲနွမ်းပါးမှု လျော့ပါးရေး
မေး ။ ဆင်းရဲနွမ်းပါးမှုလျော့ပါးရေး ဆိုတာမှာလည်း ဒီသဘောမျိုးပဲ ဖြစ်မှာလား ။
ဖြေ ။ ဆင်းရဲနွမ်းပါးမှု လျော့ပါးရေးဆိုတာ ဒါက အင်မတန်မှ ယေဘုယျလည်း
ကျတယ် ၊ ကျယ်ပြန့်တဲ့ ကိစ္စလည်းဖြစ်တယ် ။ အဲဒီဟာက အစိုးရက ဦးဆောင်ပြီး
လုပ်ရမှာပေါ့ ။ ဒါပေမဲ့ ကိုယ့်ဘာသာကုယ်လည်း လုပ်ယူရမှာပေါ့ ။ ကျွန်မတို့
အနေနဲ့ ဆင်းရဲမှု ဆိုတာဘာလဲ ၊ အဓိပ္ပာယ် ဖော်တာက စရမှာပေါ့ ။ နောက်ဆုံးကျတော့
အခု အဓိပ္ပာယ်ဖော်ပုံက လူတစ်ယောက်ဟာ သူ့ရဲ့ပတ်ဝန်းကျင်မှာ သူ
ဆင်းရဲတယ်လို့ ခံစားရရင် ၊ သူမှာ လိုအပ်နေတဲ့ အချက်တွေ ရှိနေတယ်လို့
ခံစားရတယ်ဆိုရင် ဆင်းရဲတာပဲ ။ ဥပမာ - လူတိုင်း ကြက်သားစားနေတဲ့
အသိုင်းအ၀ိုင်းမှာ ပဲစားရတဲ့လူက ဆင်းရဲတာပေါ့ ။ လူတိုင်းပဲစားရတဲ့
အသိုင်းအ၀ိုင်းမှာဆိုရင် ထမင်းချည်းပဲစားရတဲ့ လူက ဆင်းရဲတာပေါ့ ။
ဒီလိုဟာမျိုးတွေ ရှိတယ်ပေါ့ ။ဲဒီတော့ ၊ ဆင်းရဲမှုပပျောက်ရေးဆိုတာ အင်မတန်
ကျယ်ပြန့်တဲ့ ကိစ္စပဲ ။ တစ်နည်းအားဖြင့် ပြောရရင် ပြည်သူလူထုရဲ့
လူနေမှုစနစ်မြှင့်တင် ပေးရးပါ။ poverty reduction ဆိုတာ တစ်ဘက်ကနေ
ကြည့်လိုက်ရင် ပြည်သူ လူထု ရဲ့ လူနေမှု အဆင့်အတန်းကို မြှင့်တင်ရေးပဲ။
အဲဒါအတွက်ကတော့ ကျွန်မတို့လည်း တတ်နိုင်သလောက် လုပ်တာပဲ ။ ဒီလို ပညာရေး
ဘက်ကနေ ကူညီတယ်ဆိုတာ ဒါလည်း အဆင့်အတန်းမြှင့်ပေးတာပဲ ။ ကျန်းမာရေး ဘက်က
ကူညီတယ်ဆိုရင်လည်း အဆင့်အတန်း မြှင့်ပေးတာပဲ ။ ဒါပေမဲ့ တချို့ကိစ္စတွေမှာ
တာဝန်သိတဲ့ အစိုးရက ၀င်ပြီးလုပ်ဆောင်ရမယ့် ကဏ္ဍတွေကအများကြီးရှိပါတယ်။
ပြည်သူလုပ်နိုင်တဲ့ အတိုင်းအတာ
မေး ။ ကျန်းမာရေး ပညာရေး ဆင်းရဲမွဲတေမှုလျော့ပါးရေးတို့မှာအစိုးရ လုပ်နိုင်တဲ့ အပိုင်းက အဓိကလို့ ပြောချင်တာပေါ့ ။
ဖြေ
။ အင်မတန်မှအရေး ကြီးပါတယ် ။ ကျွန်မကလေ ဒီမိုကရေစီကို ဦးတည်တဲ့လူဆိုရင်
အစိုးရကအဓိကကျတယ်ဆိုတဲ့ အသုံးအနှုန်းကိုတက်နိုင်သမျှ ရှောင်ချင်တယ် ။
ပြည်သူတွေ အဓိကကျတယ် ဆိုတာသာဖြစ်ရမယ် ။ ဒါပေမဲ့
အစိုးရမှာတာဝန်အများကြီးရှိတဲ့ ကဏ္ဍတွေက ရှောင်လို့မရဘူး ။
မေး
။ စောစောက အစိတ်အပိုင်းတွေမှာ အစိုးရမဟုတ်တဲ့ ကျန်တဲ့အဖွဲ့အစည်းတွေ
ပြည်သူတစ်ဦးချင်းတွေရဲ့ လုပ်နိုင်တဲ့ အတိုင်းအတာက ဘယ်လောက်အထိရှိလဲ ။
ဖြေ
။ ဒါကတော့ လုပ်ယူရမှာပဲ ။ ဘယ်လောက်ထိ ရှိလဲဆိုရင် ဒီတိုင်းပြည်မှာ
သိပ်ပြီးတော့မရှိသေးဘူး ။ ဒါပေမဲ့ အခု ကျွန်မပြောသလိုပေါ့ ။ civil society
တွေက စလာပြီ ၊ လမ်းစပေါ်လာပြီ ၊လှုပ်ရှားလာပြီ ၊ အားယူလာပြီပေါ့ ။
ဒါတွေကိုပိုပြီး လုပ်နိုင်ဖို့ ပိုပြီးအားတွေများလာဖို့ဆိုတာ
ပြည်သူတွေကလည်း ရုန်းကန်ရမယ် ၊ဒီဟာကိုလည်း အစိုးရအနေနဲ့ အားပေးရမယ် ။
ပိုပြီး အားယူနိုင်တဲ့ အခြေအနေမျိုး ဖန်တီးပေးရမယ် ။
ကူညီနိုင်တဲ့အင်အား
မေး
။ ဆင်းရဲနွမ်းပါးမှုက တစ်ပြည်လုံး အတိုင်းအတာနဲ့ ရှိနေတဲ့အနေအမှာ
ဆင်းရဲတဲ့လူအချင်းချင်းပြန်ပြီးကူညီနိုင်တဲ့ အင်အားက ရိုးရိုး စဉ်းစားရင်
တော်တော်နည်းနေမယ်လို့ထင်ရတာပေါ့ ။ အစိုးရက သူကိုယ်တိုင်
သိပ်ပြီးမစွမ်းဆောင်နိုင်တဲ့ အချီန်မှာ civil society ကတစ်နည်းနည်းနဲ့
အားကောင်းရှင်သန်လာတဲ့အခါမှာ စောစောကပြောတဲ့ အစိုးရလာက်က
သာလျှင်လုပ်နိုင်တယ်လို့ ယူဆရတဲ့ ကြီးကျယ်တဲ့ အလုပ်မျိုးတွေကိုပါ civil
society အဖွဲအစည်းတွေ အင်အားစုတွေက လုပ်နိုင်မလား ။
မူချပြီးလုပ်ရမှာတွေ အများကြီး
ဖြေ
။ အစိုးရကမှသာ လုပ်နိုင်တယ်ရယ်လို့ မဟုတ်ဘူး ။ အစိုးရက
ပိုပြီးထိထိရောက်ရောက် လုပ်နိုင်တဲ့ အခွင့်အရေးတွေ အများကြီးရှိတယ်။ ဥပမာ -
ပညာရေး ကဏ္ဍမှာ မြန်မြနဆန်ဆန် တိုးတက်ချင်လို့ရှိရင် civil society
တွေလုပတာကို စောင်နေလို့မရဘူး ။အစိုးရက မူချပြီးလုပ်ရမှာတွေ
အများကြီးရှိတယ် ။ ဥပမာ -ကျောင်းတွေပြုပြင်ရေး
ကျောင်းကသင်ရိုးညွှန်းတမ်းတွေပြုပြင်ရေး ၊ ဒါတွေလုပ်ရမှာ အစိုးရကလုပ်ရမှာ ။
ကျွန်မတို့လို civil society တွေကဘာလုပ်သလဲဆိုတော့ အခမဲ့ကျောင်းတွေပေါ့ ။
အခမဲ့ကျောင်းတွေက မူလတန်းအဆင့်ကနေ စပြီး သင်ရတယ် ။ဒါပေမဲ့
အခုအထက်တန်းအဆင့်အထိ ရောက်ပါပြီ ။ဒါပေမဲ့ သင်ရိုးညွှန်းတမ်းကတော့ ဒါ အစိုးရ
ဆုံးဖြတ်ထားတာ။ ကျွန်မတို့ဒီကျောင်းတွေ ဖွင့်ရတယ်ဆိုတာကိုကပဲ
အစိုးရကျောင်းတွေ မလုံလောက်လို့ ၊ ပြီးတော့တချို့ ကိစ္စတွေမှာ အစိုးရက
ထိထိရောက်ရောက်နဲ့ မြန်မြန်ဆန်ဆန် လုပ်နိုင်တာတွေရှိတယ် ။
အပြင်ကလူတွေလုပ်ရတာအကန့်အသတ်နဲ့ လုပ်ရတာ ။ နိုင်ငံတကာကအကူအညီတွေ အခုလည်း
ရယူနေတာပဲ။ အခုဆိုရင် နိုင်ငံတကာကပံ့ပိုးထားတဲ့ NGO တွေ အများကြီးရှိတယ် ။
အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ ၊ အခုဘုန်းတော်ကြီးပညာသင် ကျောင်းတွေ ဆိုရင်
နိုင်ငံတကာကဖွံ့ဖြိုးရေး ကူညီမှု အဖွဲတွေကနေ ထောက်ပံ့ထားတဲ့ ကျောင်းတွေ
အများကြီး ရှိတယ်။ အများကြီးဆိုတာ တကယ်တော့ အမှန်ပြောရရင်
တိုင်းပြည်တစ်ပြည်လုံးနဲ့ ကြည့်လိုက်ရင် မများဘူးပေါ့ ။ ဒါပေမဲ့
နည်းနည်းများလာပြီလို့ ပြောရမှာပေါ့။
သြဇာရှိနိုင်တဲ့ အခြေအနေ
မေး
။ အစိုးရပိုင်းက လုပ်တာ သိပ်အားနည်းနေလို့ရှိရင် civil society တွေက
လုပ်တာသိပ်အားများလာရင် သူက ပိုပြီး လွှမ်းမိုးသွားနိုင်သလား ။ သို့မဟုတ်
မလွှမ်းမိုးတောင် သူရဲ့ ဆောင်ရွက်ချက်တွေသည် ပိုပြီး ကြီးကြီးမားမား
သိသိသာသာကြီး ဖြစ်လာနိုင်ပါသလား ။
ဖြေ ။ သိသာမှုတော့
ဖြစ်နိုင်ပါတယ် ။ ကျွန်မ လေ့လာ ကြည့်တဲ့အခါမှာတော့ အင်အား
အင်မတန်ကြီးတဲ့တိုင်းပြည်တွေမှာတောင်မှ အစိုးရကိုလွှမ်းမိုးတာထက် အစိုးရ
အပေါ်မှာ သြဇာ ရှိနိုင်တယ်ဆိုတဲ့ အခြေအနေမျိုးပဲဖြစ်လာပါတယ် ။
ဥပမာဆိုလိုရှိရင် အမေရိကန် ပြည်ထောင်စုလို နိုင်ငံမျိုးမှာ ကြည့်မယ်ဆိုရင်
civil society တွေက တော်တော်သန်ပါတယ် ။ အဲဒီတော့ lobby group တွေက
အစိုးရရဲ့ ဆုံးဖြတ်ချက်တွေ ဘာတွေအပေါ်မှာ သြဇာ ရှိလာတာပေါ့ ။
မေး
။ အခုတလော ဖြစ်နေတဲ့ မြစ်ဆုံ ပြသနာကို အကြောင်းပြုပြီး
သဘာဝပတ်ဝန်းကျင်ကိစ္စမှာ လူတွေစိတ်ဝင်စားမှု ပိုများလာပါတယ် ။ အစ်မအနေနဲ့
ကျွန်တော်တို့ တိုင်းပြည်မှာ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု
ဘယ်လောက်ကြီးမားတယ်လို့ မြင်ပါသလဲ ၊ အဲဒီအပေါ်မှာ
ထိန်းသိမ်းစောင့်ရှောက်မှုကော ဘယ်လောက်လိုအပ်နေတယ်လို့ မြင်ပါလဲ။
ပတ်ဝန်းကျင် ထိန်းသိမ်းရေး
ဖြေ
။ ထိန်းသိမ်းစောင့်ရှောက်မှုကတော့ အတော့်ကိုလိုအပ်နေတယ် ။ ပြည်သူတွေကို
ပညာပေးဖို့ပဲ ။အများပြည်သူက သိမှ ၊ ပတ်ဝန်းကျင်က လူတိုင်လူတိုင်ဟာ
ကိုယ်နဲ့ဆိုင်တယ်ဆိုတဲ့ အသိရှိမှ ။ ဥပမာ -ပလတ်စတစ် အိတ်လေးတစ်အိတ်
လွှင့်ပစ်လိုက်ရင် ပေါ့ပေါ့တန်တန် မဟုတ်ဘဲ ငါ ဒါကို ဒီနာဒမှာလွှင့်မပစ်ဘူး ။
ဟိုနားမှာ အမှိုက်တောင်းရှိတဲ့အထိုသွားမယ်။ အမှိုက်တောင်းရှိတဲ့နေရာ
ရောက်မှပဲ ထည့်မယ် ၊ အဲဒီလို အသိလေးပေါ့ ။ကျွန်မတို့ ငယ်ငယ်တုန်းကဆိုရင်
ကျောင်းက ကိုသင်တယ် ။ ကလေးတွေကို ငယ်ငယ်ကတည်းက ဒီအသိတွေ ထည့်ပေးရမယ်
။ကိုယ့်ပတ်ဝန်းကျင်ကို ကိုယ်ထိန်းသိမ်းရမယ် ၊ ကိုယ့်နိုင်ငံရဲ့ အနာဂတ်အတွက်
ကိုယ်တာဝန်ယူရမယ်။
နိုင်ငံရေးမှာ ပြည်သူတွေပါဝင်လာရေး
မေး
။ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ပြည်သူလူထုပါဝင်လာဖို့အတွက် ကျတော့ရော
လူထုကို ပညာပေးဖို့ ဘယ်လို လုပ်နိုင်ပါသလဲ ၊ အစ်မဘယ်လိုမြင်လဲ ။
ဖြေ
။ လုပ်နိုင်တဲ့နည်းတွေအများကြီး ရှိပါတယ် ။ ဥပမာ -
မီဒီယာကလည်းလုပ်နိုင်တာပဲ ၊ မဂ္ဂဇင်းတွေ ဂျာနယ်တွေထဲမှာ
ဒီကိစ္စတွေအကြောင်းထည့်ရမယ် ၊ ပြည်သူတွေ ဖတ်တဲ့လူတွေက သိအောင်လို့ပေါ့ ။
ဒါတွေကကျောင်းမှာကတည်းက သင်၇မှာ။ ကလေးတွေက ငယ်ငယ်ကတည်းက မဖြစ်မနေ
သင်ယူရတဲ့ပုံစံမျိုး ၊ ကျောင်းရောက်တော့ မဖြစ်မနေသင်ယူရတဲ့
ပုံစံမျိုးဖြစ်သွားတာပေါ့။ ဂျာနယ်ကျတော့ ဖတ်ချင်မှ ဖတ်မှာပေါ့ ။
ဖတ်ချင်တဲ့လူဖတ်မယ် ၊မဖတ်ချင်တဲ့လူမ ။ ဒါပေမဲ့ ကျောင်းတွေမှာ
သင်မယ်ဆိုရင်တော့ အလိုလို ကျောင်းတက်တဲ့ လူတိုင်က သိသွားတာပေါ့
။အစိုးရမှာအများကြီးတာဝန် ရှိတယ်ဆိုတာ ဒါတွေပါ။ ကျွန်မတို့ အခမဲ့
ကျောင်းတွေမှာဆိုရင် ကျွန်မတို့ ဆရာတွေက သင်ပါတယ်။ ကျယ်ကျယ်ပြန့်ပြန့်
ဒီအသိတွေ ရှိအောင်လို့ပါ ။ ကျွန်မတို့ကျောင်းတွေက
တစ်တိုင်းပြည်လုံးကကျောင်းတွေနဲ့စာရင် နည်းနည်းလေးပဲ ။ လူဦးရေ
ဘယ်လောက်ရှိလဲ ၊ ရာဂဏန်းလောက် ရှိတာ ။ အခုဆိုရင် ထောင်ဂဏန်းလောက် ရှိတာပေါ့
။ ဒါလည်း အင်မတန်မှ နည်းပါတယ် ။ ကျွန်မတို့တိုင်းပြည် အတိုင်းအဆနဲ့
ဆိုရင်ပေါ့။
No comments:
Post a Comment