Sunday, August 28, 2011

အရုပ်ဆိုးသောငှက်

“ပေါ်ဦး”
“ခစားလျှက်ရှိကြောင်းပါဘုရား”

“အနော်မာမြစ်မှ ယူဇနာသုံးဆယ်ကွာတဲ့နေရာမှာ……. အရန်တောင်ငါးလုံးရှိတဲ့ ရာဇဂြိုလ်ပြည် ရှိတယ်လို့ ဗုဒ္ဓဝင်မှာ တွေ့ရပေတယ်။ ဟုတ်ပေရဲ့လားပေါ်ဦးရဲ့”

“ဟုတ်မှန်ကြောင်းပါဘုရား”
“ကဲကွယ် ………..အဲ့ဒီတောင်ငါးလုံးအနက်မှာ……….ဂိဇ္ဈကုဠ်တောင်ဆိုတာပါတယ်။ ဂိဇ္ဈကုဠ်လို့ခေါ်တွင် ရလောက် အောင် အဲ့ဒီတောင်ကိုက လင်းတနှင့်တူလို့လား ။ ဒါမှမဟုတ် ………အဲ့ဒီတောင်မှာလင်းတတွေနေလို့လားဆိုတာ……..ရှင်းလင်းအောင်လျှောက်တင်စမ်းပါအုံးကွယ့်”

“မှန်လှပါဘုရား……..ပုရပိုက်ထက် အက္ခရာတင်၍ မြင်သာရှင်းလင်းအောင် တင်လျှောက်ခွင့် ပြုတော်မူပါဘုရား”

“အိမ်း………ခွင့် ပြုတော်မူပါတယ်………ပေါ်ဦး”


ဦးပေါ်ဦးလည်း မင်းကြီး၏ ခွင့်ပြုချက်ရရှသဖြင့် ပုရပိုက်ယူကာ ရေးသားဆက်သွင်းလေသည်။

“တောင်ငါးလုံး၏အမည်များမှာ ………ဝေဘူလတောင်၊ဝေဘာလတောင်၊ က္ကသိဂိလိတောင်၊မကုဠတောင်၊ ဂိဇ္ဈကုဠ်တောင် တို့ဖြစ်ပါတယ်ဘုရား……..၊ဂိဇ္ဈကုဠ်တောင်၏ အထွက်မှာ ငှက်ဠင်းတတို့ နေထိုင်ကျက်စား သောကြောင့်ပါဠိအလိုအားဖြင့်ဠင်းတကို ဂိဇ္ဈဟု ခေါ်သောကြောင့် ဂိဇ္ဈကုဠ်တောင်ဟု ခေါ်တွင်ခြင်းဖြစ်ကြောင်း တင်လျှောက်အပ်ပါသည်ဘုရား………”

မင်းတရားကြိးက ပေါ်ဦး၏ လျှောက်တင်စာကို ဖတ်သည်။ (လင်းတ)ကို ( လကလေး)နှင့်မရေးဘဲ( ဠင်းတ) ဟု ( ဠကြီး)နှင့်ရေးထားကြောင်း သတိပြုတော်မူသည်။

“လင်းတ ကိုဘဇာ့ကြောင့် ဠင်းတ ဟု ရေးသတုံး၊ခွဲထားသတ်ပုံများရှိသလား ပေါ်ဦးရဲ့”

“ခွဲထားသတ်ပုံ မရှိကြောင်းပါဘုရား”

“သဟာ ဖြင့် ဘဇာ့ ကြောင့် ဠကြီး နှင့်ရေးထားသတုန်း”

“မှန်လှပါ……………ဘဝရှင်မင်းတရားကြီးဘုရား………ငှက်တကာတွင် အရုပ်ဆိုးသောငှက် ဖြစ်သဖြင့် အက္ခရာတို့တွင်အရုပ်ဆိုးသောအက္ခရာဖြင့်ရေးမှ သဘာဝ ယုတ္တိရှိမည်ဟုထင်မှတ်ကာ ရေးသားရခြင်းဖြစ်ကြောင်းပါဘုရား

“ပေါ်ဦးတို့ကတော့ …………ကြံကြံဖန်ဖန် စဉ်းစားပါပေ့ကွယ်”

ဘိုးတော်မင်းတရားကြီးက ပြုံး၍ မိန့်တော်မူလေသည်။

အရုပ်ဆိုးသောငှက် ဖြစ်သဖြင့် အက္ခရာတို့တွင်အရုပ်ဆိုးသောအက္ခရာဖြင့်ရေးကြောင်း ……….

ဦး ပေါ်ဦး၏လျှောက်တင်ချက်ကို ကြားသိသူတိုင်းက ပြုံးမိသည်ချည်းဖြစ်ပါသည်။

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

No comments:

Post a Comment