"ဟေ့ရောင် မင်းက ဟိုဖက်ဝိုင်း" "ငါက ဒီဖက်ဝိုင်း"
"သွား..သွား..ရေသန့်ဗူး သွားကောက်ချေ"
"ငါက ငါးခေါင်း အရမ်းကြိုက်တာ"
"မင်း ရွှေရင်အေး သောက်ချင်လား...ငါတောင်းပေးမယ်"
အချိန်က သြဂုတ်လ ၂၅ရက် ၂၀၁၁ရဲ့ ညနေချိန် ဈေးတန်း လမ်းဘေး စားသောက်ဆိုင်ကလေးတွင် ရစ်သီရစ်သီလုပ်လို့ ကိုယ်စီကိုယ်ငှ တောင်းရမ်းစားသောက်ရန် ခွဲတမ်းချနေကြသော လူငယ်လေး ၂ဦးရဲ့အသံပင် ဖြစ်သည်။
ကျွန်တော် ရောက်ရှိနေသော နေရာက မြန်မာနိုင်ငံရဲ့ နာမည်ကြီးသီးချင်းတစ်ပုဒ်တွင် ပါဝင်ဖူးသော မြို့လေးတစ်ခုရဲ့ ဈေးကလေးတွင်ဖြစ်သည်။ စားချင်တာများကို မှာစားဖြစ်နေသော ကျွန်တော့်စိတ်ထဲတွင် ထိုကျောနောက်ဖက်မှ ထွက်လာသော အသံများကြောင့် စားရတာ စိတ်ပင်မဖြောင့်။
သူတို့က ကျွန်တော်မှာစားနေသော ငါးခေါင်းကို ကြည့်ပြီး ငါးခေါင်းကြိုက်သည်ဟုအချင်းချင်း ပြောနေသံ ကြားလိုက်ရတော့ ကျွန်တော် ငါးခေါင်း မစားတော့ပါဘူးလေဟု စိတ်တွင် ဆုံးဖြတ်လိုက်သည်။ နောက်တော့ တစ်ခြမ်းပဲ စားရသေးသော ငါးကို သူတို့အတွက် တမင်ချန်ကာ ဆက်မစားတော့ပဲ အဆုံးသတ်လိုက်သည်။
အကြောင်းအရင်းက ဒီလိုပါ။ သူတို့လေးတွေ လိုက်တောင်းစားတာကို ပေးသူရှိသလို၊ မပေးပဲ အစားအစာများကို အမိုက်ပုံးထဲ သွန်ပစ်လိုက်သော သူများလည်း ရှိသည်။ ထိုသို့ သွန်ပစ်လိုက်ချိန်တွင် ထိုကောင်လေးများဟာ မရွှံမရှာပဲ အမှိုက်ပုံးထဲက စားကြွှုင်းစားကျန်များကို လက်နဲ့ကောက်ယူက ကြွတ်ကြွတ်အိပ်ထဲသို့ သိမ်းဆည်း စုအောင်းနေသည်ကို မြင်တော့ တစ်ချိန်က ကြည့်ခဲ့ဖူးသော မရွှေပြညသူ ဘလော့မှာ တင်ဖူးသော ယူကျု့က ဗီဒီယို ဖိုင်လေးတစ်ခုပြေးမြင်မိပါသည်။ အစားအစာအတွက် စားသောက်ဆိုင်လှည့်ပြီး စားကြွင်းစားကျန်များကို ရှာဖွေလို့ မိသားစုကို ပြန်လည် ကျွေးမွေးသော ဖြစ်ရပ်ကလေး ကို ရိုက်ပြထားသော ဇာတ်လမ်းလေးဖြစ်သည်။
ထိုကြောင့် ကျွန်တော် သူတို့လေးတွေ အတွက် တမင်ချန်ကာ မစားတော့ချင်းဖြစ်သည်။ ဒါက လတ်တလော မောင်ရှေးစာဆို စိတ်အပန်းဖြေမယ်ဆိုပြီး တမင်သက်သက်ကြီး ခရီးထွက်ခဲ့တာ မဟုတ်ပေမယ့် ခုတော့ ရေခြားမြေခြားမှာ ရောက်လို့ပေါ့။ ရေခြား မြေခြားဆိုလို့....နောက်ရေးဦးမယ်...အတွင်းကျကျကို...လောလောဆယ် အချိန်ကလည်း မရဘူး.....လိုင်းလည်း မကောင်းတော့ ဓာတ်ပုံလည်း ကြိုးစားတင်ပေမယ့် မရဘူးဖြစ်နေတယ်။
ခရီးထွက်တာ ကောင်းကျိုးက အွန်လိုင်းနဲ့ ဝေးသွားတော့ စိတ်လွတ်လပ်ပေါ့ပါးနေတယ်။ (ဒါတောင် ခုကြည့်လေ...လာပြီး ဆော့လိုက်သေးတယ်)
ရှေးစာဆို
No comments:
Post a Comment