by Htain Linn on Tuesday, August 23, 2011 at 1:07pm
ဧပြီလ ၁၃ ရက်နေ့မှာ (၂၀၀၅ ခုနှစ်) ထူးခြားတဲ့သတင်းလေးတစ်ပုဒ် ဖတ်လိုက်ရပါတယ်။ အဲဒါကတော့ လူတွေရဲ့ မျိုးရိုးဗီဇနဲ့ ပတ်သက်ပြီး သုတေသနပြု လေ့လာမယ့် သတင်းပဲဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ အိုင်ဘီအမ် ကုမ္ပဏီကြီးနဲ့ National Geographic အဖွဲ့ကြီးတို့ ပူးပေါင်းပြီး လေ့လာကြမယ့် ၅ နှစ် စီမံကိန်းပါ။ အဲဒီစီမံကိန်းအရ ကမ္ဘာပေါ်က လူပေါင်းတစ်သိန်းရဲ့ ဗီဇဆဲလ်တွေကို စုဆောင်းပြီး လူတွေရဲ့ အစက ဘယ်ဟာဖြစ်တယ်၊ တဖြည်းဖြည်းချင်း ကမ္ဘာအနှံ့ ဘယ်လို ရောက်လာတယ် ဆိုတာတွေကို သုတေသန ပြုကြမယ်လို့ ဆိုပါတယ်။
ဒီစီမံကိန်းကို အကူအညီပေးချင်တယ်ဆိုရင်တော့ ကိုယ့်ရဲ့တစ်သျှူး အသားစကလေးနဲ့ အမေရိကန်ဒေါ်လာ ၁ဝဝ ပေးပို့ပြီး ကူညီနိုင်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
ဒီသတင်းကို ဖတ်ပြီးတဲ့ ကျနော့် မိတ်ဆွေတစ်ယောက်က “ဘယ့်နှယ့်လဲဟေ့ .. ဒေါ်လာ ၁ဝဝ နဲ့ တစ်သျှူးကို ဘယ်သူပို့ကြမလဲ။ ကိုယ့်ဆွေမျိုးတွေက ဘယ်နေရာက လာတယ်၊ ဘယ်လို မျိုးနွယ်စုတွေက ဆင်းသက်လာသလဲဆိုတာ သိရမှာနော်”လို့ မေးပါတယ်။ တဆက်တည်းမှာပဲ “အင်း .. ဘယ်သူမှ မပြောနိုင်ဘူးနော်။ ကိုယ့်မျိုးရိုးတွေထဲမှာ ဟစ်တလာနဲ့ မျိုးရိုးဆက်နွယ်နေတဲ့သူလည်း ပါချင်ပါမှာ။ အဲဒီလိုဆို ဘယ့်နှယ်လုပ်မလဲ”လို့ ပြောလိုက်ပါတယ်။ ဒီစကားရပ်တွေက မျိုးရိုးနဲ့ပတ်သက်တဲ့အတွေးတစ်ခု တွေးကြည့်ဖို့ ကျနော့်ကို နှိုးဆော်လိုက်ပါတော့တယ်။
‘ကြက်မှာအရိုး လူမှာအမျိုး’၊ ‘ချောင်းရိုးမြောင်းရိုးသာ တိမ်ကောမယ်၊ မျိုးရိုးကတော့ မတိမ်ကောဘူး’စသဖြင့် မျိုးရိုးနဲ့ပတ်သက်လို့ ပြောကြဆိုကြတာတွေ ရှိပါတယ်။ ဒီလိုပဲ “ငါတို့အမျိုးက သူကြီးမျိုးရိုး၊ သူဌေးမျိုးရိုး” လို့ ပြောကြ ဆိုကြတာတွေ၊ “တို့အမျိုးထဲမှာ ယုတ်မာကောက်ကျစ်တဲ့လူ မပါဘူး”၊ “ကိုယ့်အမျိုးဂုဏ်သိက္ခာ ကျဆင်းအောင် မလုပ်နဲ့”ဆိုတာတွေလည်း ပြောလေ့ရှိပါတယ်။ အထူးသဖြင့် တခြားသူတယောက်ယောက်နဲ့ နှိုင်းယှဉ်ပြီး ပြောတဲ့အခါမှာပဲ ဖြစ်ဖြစ်၊ ကိုယ့်မျိုးရိုးအရှိန်အဝါကို ကြွားချင်ရင်ပဲဖြစ်ဖြစ် ပြောလေ့ရှိကြတာဖြစ်ပါတယ်။ ဘယ်လိုပုံစံမျိုးပဲ ပြောပြော သေချာတဲ့အချက်တစ်ခုကတော့ ကိုယ့်ရဲ့မျိုးရိုးက ဘယ်လောက်ကောင်းတဲ့မျိုးရိုး ဖြစ်တယ်ဆိုတာကို ပြောချင်လို့ပဲဖြစ်ပါတယ်။
လူဆိုတာ အကောင်းကြိုက်တဲ့သတ္တဝါ ဖြစ်ပါတယ်။ အဲဒီလိုပဲ ကိုယ့်အကြောင်း၊ ကိုယ်နဲ့ပတ်သက်တဲ့လူတွေရဲ့ အကြောင်းဆိုရင်လည်း ကောင်းတာပဲ ပြောချင်ကြပါတယ်။ ဒါပေမယ့်လည်း သက်ဆိုင်တဲ့သူတွေက ကောင်းတဲ့အမူအကျင့်တွေကို ကျင့်ဆောင်ခဲ့မှသာ ကောင်းတဲ့အကြောင်း ပြောလို့ရမှာဖြစ်ပါတယ်။ ကိုယ့်မျိုးရိုးနဲ့ပတ်သက်လို့ ပြောမယ်ဆိုရင်လည်း ဒီအတိုင်းပါပဲ။ ကိုယ့်ရှေ့ပိုင်းက လူတွေရဲ့ ကောင်းမွေ ဆိုးမွေတွေကို ကိုယ်က ဆက်ခံရတဲ့အတွက် ရှေ့ကလူတွေ ကောင်းရင် ကောင်းသလို၊ ဆိုးရင် ဆိုးသလို ခေါ်ဆိုသတ်မှတ်တာတွေကို ခံရမှာဖြစ်ပါတယ်။ ဥပမာအားဖြင့် ကိုယ့်အဖေက ဓားပြဗိုလ်ဆိုရင် ကိုယ်က ဓားပြဗိုလ်ရဲ့ သားသမီး၊ ကိုယ့်အဖေက အရက်သမားဆိုရင် အရက်သမားရဲ့ သားသမီးလို့ အခေါ်ခံရမှာပဲ။ ဒါက ရှောင်လို့ မလွတ်ပါဘူး။ ကိုယ့်ရဲ့ စွမ်းဆောင်နိုင်မှုတွေ မပေါ်ခင်မှာတော့ သူဌေးရဲ့သားက သူဌေးသားဖြစ်ပြီး ဆင်းရဲသားရဲ့ သားက ဆင်းရဲသားပဲ ဖြစ်ရမယ့်သဘောပါပဲ။
တခြားသူတွေကြောင့် ကိုယ်က ကင်ပွန်းတပ်ခံရတာနဲ့ တပြိုင်နက်တည်းမှာပဲ ကိုယ့်ကြောင့်လည်း တခြားသူတွေရဲ့ ဂုဏ်သိက္ခာတွေကို ထိခိုက်နိုင်တယ်ဆိုတာ ကျနော်တို့က သတိပြုရပါလိမ့်မယ်။ ကိုယ်က ကောင်းမွန်တဲ့ ပြုမူနေထိုင်မှုတွေနဲ့ ပြည့်စုံတယ်ဆိုရင် ကိုယ်နဲ့ပတ်သက်တဲ့သူတွေ မျက်နှာကောင်း ရနိုင်ပေမယ့် ကိုယ်က ဆိုးဝါးတဲ့ ကျင့်ကြံပြုမူတာတွေ ရှိခဲ့ရင်တော့ ပတ်ဝန်းကျင်မှာ မျက်နှာငယ်ငယ်နဲ့ နေကြရမှာပါပဲ။ ဒါတွေက မျိုးရိုးဆိုတဲ့ သတ်မှတ်ချက်နဲ့ ဆက်နွယ်နေတဲ့အကြောင်းအရာတွေ ဖြစ်ပါတယ်။
လူတစ်ဦးချင်းအနေနဲ့ ကိုယ့်ရဲ့ မျိုးရိုးစဉ်ဆက်နဲ့ ပတ်သက်လို့ ဘယ်လောက်သိကြသလဲလို့ မေးရင် လူများစုအတွက် တော်တော်အဖြေရ ကျပ်မယ့်သဘော ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့တိုင်းပြည်မှာက နာမည်ကြီးပုဂ္ဂိုလ်တွေ၊ မင်းမျိုးမင်းနွယ်အဖြစ် ဆက်ပြီးသတ်မှတ်ကြတဲ့သူတွေကလွဲရင် မျိုးရိုးစဉ်ဆက်နဲ့ပတ်သက်ပြီး စနစ်တကျ မှတ်သားထားတာမျိုးမှ မရှိတာကိုး။ “မင်းရဲ့ ဆွေ ၇ ဆက် မျိုး ၇ ဆက်ကို သိလား။ မင်း အဘိုးရဲ့ အဘွားက ဘယ်သူလဲ”လို့ ကျနော့်ကို မေးမယ်ဆိုရင်တောင် ကျနော်မသိပါဘူး။ ဒီတော့ ကျနော်တို့ ရှေ့ပိုင်းလူတွေက ဘယ်လိုနေထိုင်ခဲ့ကြတယ်၊ ဘယ်လို ဓလေ့စရိုက်ရှိကြတယ်ဆိုတာ ကျနော်တို့ သိဖို့မလွယ်ပါဘူး။ အဲဒီလို မသိတော့ ကျနော်တို့ရဲ့ နောက်မျိုးဆက်တွေကိုလည်း ပြန်ပြောပြလို့ မရပြန်ပါဘူး။ အမေရိကားမှာတော့ ကိုယ့်ရဲ့ ဆွေစဉ်မျိုးဆက်တွေကို လိုက်ရှာတဲ့သူတွေ ရှိတဲ့အကြောင်း ဆောင်းပါးတချို့မှာ ဖတ်လိုက်ရပါတယ်။ အခု အိုင်ဘီအမ်နဲ့ National Geographic အဖွဲ့ကြီးတို့က လုပ်ကြမယ့် စီမံကိန်းကလည်း ဒီလိုရှာဖွေကြည့်ဖို့ပဲ ဖြစ်ပါတယ်။
ကျနော်တို့ရဲ့ ရှေ့ပိုင်းလူတွေဟာ ဆိုးလွန်းမိုက်လွန်းလို့ အဲဒီအကျိုးဆက်တွေကို ကျနော်တို့ ခံနေရသလား၊ အများရဲ့ ပြစ်တင်ကဲ့ရဲ့မှုကိုရော ရင်ဆိုင်နေရသလား။ ဒါတွေက ကျနော်တို့ တားဆီးလို့ မရပါဘူး။ ဒါပေမယ့်လည်း ကျနော်တို့ လုပ်နိုင်တာတော့ရှိပါတယ်။ အဲဒါကတော့ ကိုယ့်ရဲ့သက်တမ်းတလျှောက်မှာ အကောင်းဆုံးနေထိုင်ပြီး ကိုယ့်နောက်မျိုးဆက်တွေ မျက်နှာမငယ်ရအောင် ရှင်သန်ဖို့ပဲဖြစ်ပါတယ်။ အကယ်၍ ကိုယ့်လုပ်ရပ်တွေက နောက်လူတွေ မျက်နှာငယ်လောက်စရာ၊ အများရဲ့ ပြင်တင်ရှုတ်ချတာတွေကို ခံရလောက်စရာမျိုးတွေ ဖြစ်နေမယ်ဆိုရင်တော့ အချိန်မီ ပြင်ဆင်လိုက်ကြရင် အကောင်းဆုံးပါပဲ။ ။
ထိန်လင်း
၂၄၊ ၄၊ ၂ဝဝ၅

No comments:
Post a Comment