Wednesday, August 24, 2011

တွေ့ဆုံဆွေးနွေးမှုများက အချိန်ကန့်သတ်ချက်မရှိသော်လည်း မြန်ဆန်လိမ့်မည်ဟု ထင်မြင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား

by 7Day News Journal on Wednesday, August 24, 2011 at 6:12am
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဦးဇော်ဇော်၏ ဘောလုံးပွဲကြည့်ရှုရန် ဖတ်ကြားမှုနှင့်ပတ်သက်ပြီး "ဘောလုံးဝါသနာပါတော့ သွားကြည့်ရင်လည်း ကြည့်ဖြစ်မှာပေါ့"ဟု ရယ်မောရင်းဖြေကြားနေသည့် ဒေါ်အောင်ဆန်းစုကြည်

ရန်ကုန်၊ သြဂုတ် - ၂၄

နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကြား တွေ့ဆုံဆွေးနွေးမှုများသည် အချိန်ကန့် သတ်ချက်မရှိသော်လည်း မြန်ဆန်လိမ့်မည်ဟု ထင်မြင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ယနေ့ မီဒီယာများသို့ ပြောကြားသည်။

မြန်မာနိုင်ငံသို့ရောက်ရှိနေသော မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာသောမတ်စ်အိုဟေးကွင်တားနားနှင့် တစ်နာရီကျော်ကြာ တွေ့ဆုံမှုအပြီး မီဒီယာများနှင့် တွေ့ဆုံရာတွင်အထက်ပါအတိုင်း ပြောကြားသွားခြင်းဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးကိစ္စနှင့်ပတ်သက်၍ သတင်းထောက်တစ်ဦး၏မေးမြန်းမှုကို "ဒီကိစ္စကို လူ့အခွင့်အရေးကိုယ်စားလှယ်က ပြောပါလိမ့်မယ်။ မနက်ဖြန်လေဆိပ်မှာသတင်းစာရှင်းလင်းပွဲရှိတယ်လို့ ပြောပါတယ်။ အဲဒီမှာ ပြောပါလိမ့်မယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အပေါ် သူမ၏ သဘောထားအမြင်ကို မေးမြန်းရာ "နိုင်ငံတော်သမ္မတဦးသိန်းစိန်က ပြောင်းလဲမှုတွေကို အပြုသဘော လုပ်ဆောင်လိုတဲ့သူတစ်ယောက်လို့ မြင်ပါတယ်" ဟု ဖြေကြားသည်။

ယနေ့ ညနေ ၃ နာရီအချိန် ဒေါ်အောင်ဆန်းစုကြည်နေအိမ်၌တွေ့ဆုံရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များပါ တက်ရောက်ခဲ့သည်။

မစ္စတာကွင်တားနားသည် ယခုလ ၂၁ ရက်က မြန်မာနိုင်ငံသို့ရောက်ရှိလာခဲ့ကာ အစိုးရသစ် တာဝန်ရှိသူများနှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး လွှတ်တော်တာဝန်ရှိသူများနှင့်လည်း သွားရောက်တွေ့ဆုံခဲ့သည်။ ၄င်း၏ခရီးစဉ်သည် သြဂုတ် ၂၅ ရက်တွင် ပြီးစီးမည်ဖြစ်ပြီး မပြန်မီ လေဆိပ်သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

၂၀၁၀ ဖေဖော်ဝါရီလအတွင်း မြန်မာနိုင်ငံသို့လာရောက်ခဲ့စဉ်က ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျခံနေရချိန်ဖြစ်၍ တွေ့ဆုံခွင့် မရရှိခဲ့ဘဲ သူမ၏ ပါတီဗဟိုအလုပ်အမှုဆောင်အချို့နှင့်သာတွေ့ဆုံခွင့်ရခဲ့သည်။

 
လူ့အခွင့်အရေးကိုယ်စားလှယ်နှင့်အတူ တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည်

No comments:

Post a Comment