by Augustine Nge on Saturday, July 30, 2011 at 4:41am
ငါဟာ ကံနိမ့်နေသလား အင်ဒရီယာ...
မိုးလင်းလို့ မျက်စေ့နှစ်လုံးကို မဖွင့် မဖြစ် ဖွင့်လိုက်တော့ အမှောင်တွေ ဖုံးလို့ရယ်...
နေ့တနေ့ရဲ့ နယ်နိမိတ် မျဉ်းကို... ပုန်းလျှိုးကွယ်လျှိုးနဲ့... ခိုးဝင်လာခဲ့တဲ့ မိုးကောင်းကင်ဟာ...
လိင်အလုပ်သမအဖြစ် အဲသည့်နေ့မှာ အရောင်းစားခံရတာပဲဖြစ်မယ်...
ငိုရှိုက်သံတွေဟာ ဆူညံ ကျယ်လောင်... ...
တိမ်တွေတောင်... ခိုကိုးရာမဲ့... လွင့်ပါးလို့... ကောင်းကင်နဲ့ မြေကြီးအကြား...
ရွှေ့ပြောင်းအလုပ်သမားတွေလို... ကစဥ့်ကလျား... ပြန့်ကျဲပြေးလွှားနေ...
နံနက်ခင်းနေက ဘယ်မတဲ့တုန်း... မသိပြီ...
လောကအကြောင်း... ငါ ကောင်းကောင်း သိပါပြီ အင်ဒရီယာ...
ပြောင်းပြန်မစီးတဲ့မြစ်...
ဆန်မတက်ဖြစ်သော ရေတံခွန်အချို့...
ရက်လွန်သစ်သီးနေ့ရက်များ...
ဆားသိပ်ထားရသော ဒေ၀ဒတ် ပြက္ခဒိန်ခပ်ပါးပါး...
နံရံထူထူများမှာ ကျောအပ်ရင်း... ရောင်းချရက် ကျော်လွန် ကျိုးပျက်သွားကြပုံ...
စိတ်ကုန်ဖွယ်ရာ စာမျက်နှာများဟာ ထူထဲလွန်းတယ်... အင်ဒရီယာ...
ပြောစရာ ဆိုစရာတွေဟာ...
များများ စားစားကို ရှားပါးနေပါပကော အင်ဒရီယာ...
ဈေးထဲမှာ မျက်နှာတွေ အားလုံး မကောင်း...
ကျောင်းထဲမှာ မျက်နှာတွေ အားလုံး မကောင်း...
ချောင်းထဲမှာ မျက်နှာတွေ အားလုံး မကောင်း...
ဘုရားကျောင်းထဲမှာ မျက်နှာတွေ အားလုံး မကောင်း...
ဘုန်းကြီးကျောင်းထဲမှာ မျက်နှာတွေ အားလုံး မကောင်း...
ရှိရှိသမျှသော ဈောင်းတန်းဟူသမျှမှာ...
မျက်ဖြူလန်နေကြသူများဖြင့်သာ ပြည့်နှက်လို့...
ငါ စိတ်ပျက်တယ် အင်ဒရီယာ...
အဲသည့် မြို့ကြီးထဲကလည်း ငါက မထွက်ခွာနိုင်....
သူ့လမ်းတကာမှာ မျက်စေ့တွေကို... လည်လို့...
မြို့ကြီးကလည်း ငါ့ကို နှင် မထုတ်နိုင်တော့...
သူ့ ရင်ဘတ် အသေကြီးပေါ်မှာ...
ငါ့ကို ပိုးလို့ပက်လက်... ချခင်းထားပေါ့...
ခက်ပြန်ရင်း ခက်သွားကြပြီပေါ့... အင်ဒရီယာ...
atn
No comments:
Post a Comment