Thursday, July 28, 2011

ဆက်ရန်ရှိသေးသည်ကို နာမည်ပြောင်းလိုက်ခြင်း........

 သစ္စာနီ

by Hlaing Bwa Maung on Thursday, July 28, 2011 at 4:33am


နာမည်ကိုဆန်းဆန်းပြားပြားတွေခေတ်စားနေသောကာလသူသည်သူ့နာမည်ကိုပြီးပါပြီဟုအမည် ပြောင်းလိုက်သည်။ အမှန်တော့ ဤနာ မည်မှာ လူနာမည်နှင့်မတူ ။ တိရစ္ဆာန်နာမည်နှင့်လည်း မတူ။ ပြီးပါပြီတဲ့။ ဆန်းတာမဆန်းတာ အသာထား၊ သူများနာမည်တွေနှင့်တော့ မတူ။ သူ့ကြောင့် ဇာတ်ကောင်တွေကို နာမည်ဆန်းဆန်းတွေပေးတတ်သော ကာလပေါ်ဝတ္တုရေးဆရာတချို့ အဆိပ်သောက်သူသောက်၊ စိတ်ကျန်းမာရေး ဆေးရုံရောက်သူရောက် ဖြစ်ကုန်ကြသည်ဟုဆိုလေသည်။


ယခင်က သူ့နာမည်ဟောင်းမှာ ဆက်ရန်ရှိသေးသည်ဆိုလား။ မျှော်လို့ဖြင့်မဆုံးနိုင်တယ်ဆိုလား။ ဒါမှမဟုတ် ဒီအမည်မျိုးနှင့်ခပ်ဆင်ဆင် တူသော နာမည်မျိုးဖြစ်နိုင်ပါသည်။ တချို့ကမူ သူ့ယခုနာမည်မှာ နာမည်ဟောင်းများထက် ပိုကောင်းပါသည်ဟု မှတ်ချက်ချကြသည်။ ဒါ အမည်မဟုတ်ဟု သူ့ကိုကန့်ကွက်သူတွေကန့်ကွက်ကြသည်။ သူကမမှု။ နာမည်ဆိုတာ ကိုယ်ပေးချင်သလိုပေးလို့ရတာပဲဟု ချေပ သည်။ စစ်ကိုင်းရောက်ရောက်၊ မရောက်ရောက်၊ ငါ့မြင်း ငါစိုင်းလို့ မှည့်တော့ဘာဖြစ်သလဲ။ အကြံကုန်ကုန်၊ မကုန်ကုန်ဂဠုန်ဆားချက်လို့ မှည့်တော့ ဘာဖြစ်သလဲ။ မည်သို့ပင်ဆိုပါစေ။ သူ့ ယခုအမည် (ပြီးပါပြီ) ပြောင်းလိုက်ခြင်းမှာ အမည်ဟူသမျှ နာမ်ဖြစ်ရမည်ဟူသော ကန့်သတ်တရားသေ၀ါဒ ကိုချိုးဖောက်ပြသရာရောက်သဖြင့် ထောက်ခံသူတို့က ထောက်ခံကြပြန်သည်။

သူ့နာမည်ကိုထိုသို့ (ပြီးပါပြီ) ဟု ပြောင်းလိုက်ကြောင်း ချစ်သူများရော၊ မချစ်မမုန်းသူများရော၊ လှည်းနေလှေအောင်း မြင်းဇောင်းမကျန်သိစေ ရန်၊ သူက ဂျာနယ်များနှင့် ရုပ်မြင်သံကြားတွင် ကြော်ငြာထည့်လိုက်သည်။ (ထိုကြော်ငြာကို နိုင်ငံကျော်သရုပ်ဆောင်များနှင့် ရိုက်ကူးထား ခြင်းဖြစ်သည်)

လမ်းမများပေါ်တွင်လည်း မြေစိုက်ပိုစတာထောင်သည်။ ခရီးသည်တင်ဘတ်စ်ကားများနှင့်အများသုံး အိမ်သာနံရံများတွင်ပါ ကြော်ငြာကပ် သည်။ သို့သော် သူ့နာမည်ကိုကြည့်ကာ တချို့က ဗီဒီယိုရုပ်ရှင်ကားတစ်ကားအမည်၊ တချို့က သီချင်းစီးရီးခွေတစ်ခု၏အမည်၊ တချို့ က ပြည်တွင်းဖြစ်နိုင်ငံခြားအရက်တစ်မျိုးအမည်ဟု ထင်မှတ်မှားနေကြသည်။ တချို့ကမူ ရှားရှားပါးပါး အမျိုးသားအားတိုးဆေး တစ်ခု၏အမည် ဟုပင် ယူဆနေကြသည်။

တရားမ၀င်ကြားရသောစကားများအရ ဤအမည်ကို နာမည်ကြီး ဗေဒင်ဆရာကြီးတယောက်က ရွေးချယ်ပေးခဲ့သည်ဟု ဆိုလေသည်။ ဖြစ် နိုင်လေသည်။ သူသည် လေလည်ရာ၌ပင် ဗေဒင်ကိန်းခန်းအလိုအရသာ ပြုမူသည်ဟု သတင်းကြီးနေသူဖြစ်သည်။ သူက ယခုနာမည်သည် အရင်နာမည်များထက် ပိုမိုကောင်းမွန်ကြောင်း ထက်ထက်သန်သန်ယုံကြည်နေသည်။ ထို့ကြောင့် တွေ့သမျှလူတိုင်းအား ... “ကျွန်တော့် နာမည် ပြီးပါပြီပါ” ဟု မိတ်ဆက်စကားပြောနေတတ်သည်။ သူ့စကားကိုကြားရသော လူတော်တော်များများက ရုတ်တရတ် သဘောမပေါက် ။ ပြီးပါပြီဆိုတာ လူတစ်ယောက်ရဲ့အမည်ဖြစ်ကြောင်း မရိပ်စားမိကြ။ ထို့ကြောင့် ဤကိစ္စကို သူကလျှာပေါက်အောင် ရှင်းပြရ၏ ။

တကယ်တော့ ... နာမည်ဆိုတာတယောက်နဲ့ တယောက်ဆက်သွယ်ဖို့ အပြန်အလှန်အသိအမှတ်ပြုမည့်။ သင်္ကေတတခုထက်မပိုပါဘူး။ သို့ဖြင့် သူကြော်ငြာကောင်းသောကြောင့်ထင်သည်။ မကြာမီမှာပင် သူ့ကို လူတွေက စိုင်းစိုင်းခမ်းလှိုင်ထက်သော်လည်းကောင်း၊ ဂဠုန်ဦး စောထက်သော်လည်းကောင်း ၊ အင်ဒီယာနာဂျုံးထက်သော်လည်းကောင်း၊ မူဆိုလီနီထက်သော်လည်းကောင်း ပို၍လူသိများသွားသည်။

သူသည် အချိုမှုန့်ထက်သော်လည်းကောင်း၊ စတော်ဘယ်ရီဖျော်ရည်ထက်သော်လည်းကောင်း၊ ၀မ်းနှုတ်ဆေးထက်သော်လည်းကောင်း၊ ပို၍ထင်ရှားလာသည်။ လက်ကိုင်ဖုန်းထက်သော်လည်းကောင်း၊ ဟစ်ဟော့သီချင်းထက်သော်လည်းကောင်း၊ ဘောလုံးဂျာနယ်များထက်သော်လည်းကောင်း ပို၍တွင်ကျယ်လာသည်။ လူကြီးများသည် ပုတီးစိပ်ရင်း ဥပုလ်ဇရပ်တွင် သူ့အကြောင်းပြောဆိုနေကြသည်။ မိန်းမပျိုများ သည် အလှပြင်ဆိုင်တွင် ဆံပင်ဖြောင့်ရင်း၊ ဆံပင်ကောက်ရင်း သူ့အကြောင်းပြောဆိုနေကြသည်။ လူငယ်များသည် ဗီဒီယိုဂိမ်းကစားရင်း၊ ဘီယာသောက်ရင်း သူ့အကြောင်းပြောဆိုနေကြသည်။

ကလေးများသည် ထုတ်စည်းတိုးရင်း၊ ဖန်ခုန်ရင်း သူ့အကြောင်းပြောဆိုနေကြသည်။ ကုန်စိမ်းတန်း၊ အလုပ်ရုံ၊ အရက်ဆိုင်၊ ဂေါက်ကွင်း၊ တည်းခိုခန်း၊ ဌာနများစွာမှာပင် လူတွေက သူ့အကြောင်းကိုပြောဆိုနေကြသည်။ ပြီးပါပြီအကြောင်း မပြီးမစီး ပြောဆိုနေကြသည်မှာ ပြီးနိုင်တော့မည့်ပုံပင်မပေါ်။ သို့သော် တကယ်တမ်းတွင်မူ သူ့အကြောင်းဘယ်သူကမှ သေချာဂန မသိကြ။

ဥပမာ ...
ပြီးပါပြီတွင် ညီအစ်ကိုမောင်နှမ ရှိ/မရှိ။ ရှိလျှင် ထို (သူ/သူမ) တို့၏ အမည်၌ ပြီး၊ ပါ၊ ပြီ စသည့် စာလုံး ပါ/မပါ။
ပြီးပါပြီတွင် ရောဂါပိုးမွှားကင်းစင်ခြင်း ရှိ /မရှိ ။ သူ သွေးလှူဖူး / မလှူဖူး ။ သွေးသွင်းဖူး/ မသွင်းဖူး။
ပြီးပါပြီတွင် အမွေဆက်ခံမယ်သူ ရှိ /မရှိ ။ သူကိုယ်နှိုက် အမွေဆက်ခံမယ့်သူ ဟုတ် /မဟုတ်။
ပြီးပါပြီ အကြိုက်ဆုံးဟင်းလျာသည် မည်သည့်အရာ ။ တစ်ခါတစ်ရံ သက်သက်လွတ် စား/မစား ။
ပြီးပါပြီနှင့် စေ့စပ်ထားသူ ရှိ/မရှိ ။ ထိုသူနှင့် တကယ်လက်ထပ်ဖြစ်မည်/မဖြစ်မည်။
ပြီးပါပြီ ၏ ၀ါသနာတချို့ ... ဥပမာ အမဲလိုက်ခြင်း၊ မျက်လှည့်ပြခြင်း။
ပြီးပါပြီ၌ အိမ်မွေးတိရိစ္ဆာန်ရှိ/မရှိ ။ ရှိသော် ခွေး သို့မဟုတ် xxxxx ဖော်ပြရန် ။
ပြီးပါပြီအကြောင်းကို သေချာဂန သိသူမရှိသော်လည်း၊ အောင်ဘာလေထီပေါက်သူလို ရေပန်းစား၍ နေလေသည်။ တချို့သိချင်သောအရာ ရှိပါသည်။ ပြီးပါပြီသည် ပြီးပါပြီ ဟုတ်မဟုတ် ။ အဘယ့်ကြောင့်ဆိုသော် လောကတွင် လူတူမရှား၊ နာမည်တူမရှားသောကြောင့်ပင် ဖြစ်လေသည်။

http://moemaka.blogspot.com/2011/07/end-thitsar-ni.html

1 comment:

  1. post ကို ကြိုက်ပါသည်
    like.

    ReplyDelete