Monday, July 18, 2011

ကျမတို့ နိုင်ငံခြားကျောင်းသားဘ၀-၄ (우리의 유학 생활-4)

by Eingyin Ta Khaine on Monday, July 18, 2011 at 2:58pm
ဘုရားကျောင်းထဲမှာ နေရတုန်းက တနင်္ဂနွေတိုင်း ဘုရားကျောင်းတက်ရတာလွဲရင် အစစအဆင်ပြေပါတယ်။ တိတ်ဆိတ်အေးချမ်းပြီး အဆောင်က ကျောင်းသားတွေကလည်း ယဉ်ကျေးကြပါတယ်။ အမြဲတိတ်ဆိတ်နေပေမယ့် တနင်္ဂနွေဆိုလျှင်တော့ မနက်မိုးလင်းတာနဲ့ အခန်းအပြင်ဘက်က ဘုရားကျောင်းတက်ဖို့ ပြင်ဆင်နေတဲ့ အသံတွေကြားရစမြဲပါ။ တနဂံနွေမနက်အစောကြီးဆို အိပ်ယာထဲကပဲ ဘုရားသီချင်းတွေကိုကြားရစမြဲပေါ့..........


ဘုရားကျောင်းဘေးမှာ ကပ်လျက် တွဲဆောက်ထားတဲ့ ကျမတို့ရဲ့ လေးထပ်ဆောင်ရှိပါတယ်။ ကျောင်းသားတွေက သုံးထပ်နဲ့ လေးထပ်မှာ နေရပါတယ်။ ကျမက အပေါ်ဆုံး ၄ထပ်ဆောင်မှာ နေပါတယ်။ ကျမအခန်းပြူတင်းပေါက်ကနေ ဘုရားကျောင်းခေါင်မိုးကို လှမ်းမြင်နေရပြီး ဓမ္မသီချင်းသံချိုချိုကို အမြဲ ကြားနေရပါတယ်။  ဆောင်းတွင်းဆို အခန်းပြူတင်းပေါက်ကနေ ဘုရားကျောင်းခေါင်မိုးပေါ်ကို နှင်းတွေကျနေတာ လှမ်းမြင်နေရပါတယ်။ ထင်းရူးပင်ပေါ်မှာကျနေတဲ့ နှင်းတွေကို မြင်ရတာကိုကြည့်ရင်း တခုခုကို လွမ်းသလိုဖြစ်မိပါတယ်။ အခန်းထဲကနေ လှမ်းကြည့်ရင်း "အပြင်မှာ နှင်းတွေကျနေတယ် သိလား"လို့ တယောက်ယောက်ကို တကယ်ပဲပြောပြချင်မိပါတယ်။

နှင်းအများကြီး ကျပြီဆိုရင် အပြင်ထွက်ဓါတ်ပုံရိုက်ကြတာ ကျမတို့ အရှေ့တိုင်းသားကျောင်းသားအများစုပါပဲ။ ကိုယ့်လိုပဲ သူတို့လည်းနှင်းထဲမှာ ဓါတ်ပုံတွေရိုက်ကြပြီး မိသားစုကိုပြန်ပြကြတာ ပျော်စရာအမှတ်တရတခုပဲလို့ထင်မိပါတယ်။ အမှတ်တရရိုက်ထားကြတဲ့ပုံတွေကို  ကျမလိုပဲ Facebookမှာ ဓါတ်ပုံ ပြန်တင်ထားတာ တွေ့ရတတ်ပါတယ်။ မှတ်မှတ်ရရ ကျမဘုရားကျောင်းမှာနေတုန်းက ကိုရီးယားမှာ နှင်းတွေ အထူကြီးကျတာ ခြေသလုံးထိတောင်မြုပ်နေလို့ လမ်းတောင်လျှောက်လို့မရပါဘူး။ ဒါပေမယ့် နှင်းတောထဲမှာ ကျမနဲ့ ဗီယက်နမ်သူငယ်ချင်းမလေး အို့ဟန်းတို့ ဓါတ်ပုံတွေဆင်းရိုက်ကြရင်း တအားပျော်ခဲ့ကြတာ ခုထိ မှတ်မိနေပါတယ်။

ကျမတို့ နိုင်ငံခြားသား ကျောင်းသားတွေအတွက် ပျော်ရွှင်စရာ ကောင်းပြီး မမေ့နိုင်စရာကတော့ စုပြီးခရီးသွားရတာပါပဲ။ နိုင်ငံခြားသားကျောင်းသားတွေအတွက် ခရီးအစီအစဉ်ကိုလည်း ကျောင်းကနေ စီစဉ်ပေးပါတယ်။ တချို့ခရီးတွေဆို ကျမတို့တွေ ပိုက်ဆံပေးစရာမလိုပဲ ကျောင်းက နေဖို့စားဖို့ထိ  အဆင်ပြေပြေ ဆောင်ရွက်ပေးတာရှိသလို၊ ဝေးတဲ့ခရီးမျိုးဆိုလည်း ဈေးသက်သာစွာ စီစဉ်ပေးတဲ့ ခရီးစဉ်မျိုးလည်းရှိပါတယ်။ ကျမကတော့ သမိုင်းဌာနအနေနဲ့ မကြာခဏ field tripလေ့လာရေးခရီးမျိုးတွေသွားရတာလည်းရှိပါတယ်။ ခရီးသွားရင်းခင်မင်တဲ့ သူငယ်ချင်းအသစ်တွေရနိုင်သလို ကျမတို့ ကိုယ့်ဖာသာသွားဖို့ မလွယ်ကူတဲ့ အရပ်ဒေသတွေကို လေ့လာရေးခရီးထွက်ရတာ အလွန်စိတ်ဝင်စားဖို့ကောင်းပါတယ်။ ခုလိုအခွင့်အရေးမျိုးတွေဟာ ကျောင်းသားဘ၀မှာသာရနိုင်တဲ့ ပျော်စရာစိတ်ဝင်စားစရာ အခွင့်အရေးတွေပဲ ဖြစ်တယ်လို့ ထင်မိပါတယ်။

အသက်အရွယ်မျိုးစုံ၊ နိုင်ငံစုံကလာတဲ့ လူမျိုးပေါင်းစုံနဲ့ တွေ့ခွင့် သိခွင့်ရတာဟာ နိုင်ငံခြားကျောင်းသားဘ၀ရဲ့ အတွေ့အကြုံတခုပါပဲ။ အားလုံးကိုယ်စီမှာ ကိုယ့်ရည်မှန်းချက်ကိုယ်စီနဲ့ လာရောက်ပြီး တိုင်းတပါးမှာ ပညာသင်နေကြတာ အခက်အခဲတွေရှိကြစမြဲပါ။ ဒါပေမယ့် အခက်အခဲတွေ၊ စိတ်ပင်ပန်းမူတွေကြားက စိတ်ပျော်ရွှင်စရာလေးတွေကို ကိုယ်တိုင်ဖန်တီးယူရတာပါပဲ။ တကယ်တော့ သူငယ်ချင်းဆိုတာလည်း စိတ်တူ၊ကိုယ်တူ ၀ါသနာတူမှသာ ပေါင်းရတာ အဆင်ပြေတော့ တခါတလေ တကယ်ပဲ အထီးကျန်တတ်ပါတယ်။ ကျောင်းက ဘာသာရပ်ဆိုင်ရာဌာနမှာ မြန်မာဆိုလို့ ကိုယ်တယောက်သာရှိတော့ တခါတလေစကားပြောချင်ရင်တောင် အိမ်ပြန်ရောက်မှ အင်တာနက်ကနေတဆင့် မြန်မာပြည်က သူငယ်ချင်းနဲ့ လှမ်းပြောရပါတယ်။ နိုင်ငံခြားမှာ ကျောင်းလာတက်တာကို အားကျတဲ့သူတွေကို ပြောချင်တာက Home-sick အိမ်လွမ်းတဲ့ ဒဏ်ခံနိုင်မှသာ အဆင်ပြေမှာပါ။ မဟုတ်ရင် ကိုယ့်ဘာသာစကားမဟုတ်တဲ့ စာတွေကလည်းခက် နိုင်ငံခြား ပါတ်ဝန်းကျင်ကလည်း နေသားမကျဆိုရင်တော့ စိတ်ဓါတ်ကျတာနဲ့ အောင်မြင်နိုင်ဖို့ တော်တော်မလွယ်ကူပါဘူး။ တခါတလေ လုပ်စရာရှိတဲ့ စာတွေကများပြီး စာထဲကို အာရုံမစိုက်နိုင်ဘဲ အိမ်ကိုသတိရနေတဲ့ အခါတောင် ရှိတတ်ပါတယ်။

နိုင်ငံခြားမှာကတော့ နေရတာ အလွန်လွတ်လပ်ပေမယ့် ကိုယ့်အား ကိုယ်ကိုးပြီးနေရပါတယ်။ နေမကောင်းဖြစ်တဲ့အချိန်ဆို ကိုယ့်ကိုပြုစုမယ့် မိသားစုကမရှိတော့ ကိုယ့်ဖာသာဆေးဝယ်သောက် ဒါမှမဟုတ်ဆေးရုံပြေး ကိုယ်တိုင် အပြင်ထွက် ထမင်းဝယ်စား လုပ်ရပါတယ်။ သူငယ်ချင်းတွေကလည်း ကိုယ့်လိုပဲ သူတို့အလုပ်နဲ့သူတို့ရှုပ်နေကြတော့ နေရာတိုင်း လိုက်အားကိုးနေလို့မရပါဘူး။ ကိုယ်သွားချင်ရာလာချင်ရာကိုတော့ ပြောမယ့်ဆူမယ့်သူမရှိပဲ လွတ်လွတ်လပ်လပ်လျှောက်လည်ရတာကတော့ အိမ်ကထွက်လာတဲ့ ကျောင်းသားတွေအတွက် စိတ်ချမ်းသာမူတမျိုးပါပဲ။ ကျမဆို တခါတလေ တယောက်ထဲ ဆိုးလ်ထိသွားပြီး ဈေးသွားဝယ်တတ်ပါတယ်။ တခါတလေ သူငယ်ချင်းတယောက်ယောက်နဲ့ လမ်းမှာ လျှောက်ဝယ်စားပြီး ဈေးဆိုင်တွေလိုက်ငေးရတာ သဘောကျပါတယ်။ အဓိကကတော့ မိမိကိုယ်ကို ထိမ်းတတ်ဖို့ပါပဲ။ ကိုယ့်ဖာသာထိမ်းဖို့ကလည်း ကိုယ့်တာဝန်ပါပဲ။ ပြောဆိုမယ့်သူမရှိ လွတ်လပ်လို့ဆို အမြဲ လျှောက်လည်နေရင်တော့ စာမေးပွဲကျမှာလည်း သေခြာပါတယ်။

ကျောင်းပိတ်ချိန်နီးလာရင်တော့ စာတွေကုန်းလုပ်နေရတာ ဘယ်မှထွက်မလည်နိုင်ပါဘူး။ စာမေးပွဲတွေ နှစ်ကုန်စာတမ်းတွေတင်ချိန်ရောက်လာပြီဆိုလျှင်တော့ တနင်္ဂနွေပိတ်ရက်မှာတောင် အခန်းအောင်းပြီးစာပဲလုပ်နေရပါတယ်။ ကျမဆို တခါတလေ စာမရတာနဲ့ ရီပို့တွေရေးရတာ ခက်တာနဲ့ အိမ်ကိုလွမ်းတာနဲ့ ကလေးလို ထိုင်ငိုမိတဲ့အခါတောင်ရှိပါတယ်။ ကျမတို့အားလုံး စာမေးပွဲ မပြီးမချင်း အလွန်ပင်ပန်းပါတယ်။ ကျောင်းပိတ်ရက်ရောက်ပြီဆိုလျှင်တော့ အဆောင်တွေမှာ တိတ်ဆိတ်နေတတ်ပြီး ပျင်းစရာကောင်းပါတယ်။ ကျောင်းမှာလည်း မဟာတန်းတက်တဲ့ ကျောင်းသားတွေလောက်သာ ကျောင်းက Study room လိုအခန်းမှာစာလာလုပ်ကြပါတယ်။ စာတမ်းရေးနေတဲ့သူတွေကတော့ ကျောင်းပိတ်ရက်မှာလည်း ကျောင်းမှာ နေ့တိုင်း စာသွားလုပ်နေရစမြဲပါ.........

ကျောင်းပိတ်ရက်ဆို ကျောင်းပါတ်ဝန်းကျင်က အမြဲကြိတ်ကြိတ်တိုးနေတဲ့ စားသောက်ဆိုင်တွေမှာတောင် လူခြောက်နေတတ်ပါတယ်။ ကျောင်းက ကဲန်တီးကတော့ ဖွင့်ထားပေးပါတယ်။ သည်နေရာမှာ ကျောင်းက ကဲန်တီး (Canteen)အကြောင်းပြောပြပါ့မယ်။ ကျမတို့ကျောင်းမှာ ကျောင်းသားတွေ ဆရာတွေအတွက် ဈေးသက်သက်သာသာနဲ့ ရောင်းပေးပါတယ်။ ကျမတို့အဆောင်အမှတ် ၅ စားသောက်ဆိုင်ကတော့ ကိုယ်ကြိုက်တာရွေးယူ၊ ကျသင့်သလောက်ငွေချေပြီး စားလို့ရပါတယ်။အလွန်ဆုံး အစုံစားမှတောင် သုံးထောင် လေးထောင်လောက်ပဲ ကုန်ပါတယ်။ နှစ်ထောင်လောက်ရှိရင် စားလို့ရပါတယ်။ ကျောင်းဖွင့်ရက်ဆို ထမင်း၊ ဟင်းယူဖို့ အကြာကြီး တန်းစီစောင့်ရပါတယ်။ ကျောင်းပိတ်ရက်မှာတော့ ခုလိုအစုံရွေးဝယ်စားလို့ မရပါဘူး ၀မ် နှစ်ထောင့်ငါးရာပဲပေးရတဲ့ Setလိုက် တပွဲစာပြင်ပေးထားတဲ့ နေ့လည်စာတမျိုးပဲရပါတယ်။ ဥပမာ ကြက်ပေါင်းနဲ့ ထမင်း (ကင်ချီအပါအ၀င်)လိုမျိုးပဲ တပွဲစာ ပြင်ထားတာကို ရောင်းပေးပါတယ်။ ကျောင်းပိတ်ရက်မှာတော့ ကျောင်းက စားသောက်ဆိုင်ထဲမှာလည်း လူရှင်းနေတတ်ပါတယ်။ နိုင်ငံခြားသားကျောင်းသား အများစုကတော့ ကျောင်းပိတ်ရက်ဆို အိမ်ပြန်ကြတာများတော့ အဲသည်အချိန်ဆို ကိုရီးယားတွေကိုသာ တွေ့ရတတ်ပါတယ်။

အိမ်မပြန်နိုင်သေးတဲ့ အခြေအနေမှာတော့ ပျင်းစရာကောင်းတဲ့ ကျောင်းပိတ်ရက်မှာ ကြိတ်မှိတ်ပြီးသည်းခံရင်း ပျော်သလိုနေရပါတယ်။ တခါတလေဈေးသွား ကိုယ့်ဒေသက အစားအသောက်လေးတွေကို ကိုယ်တိုင်ချက်ပြုတ်ပြီးစားလိုက်၊ အင်တာနက်နဲ့ အချိန်ဖြုန်းလိုက်၊ သူငယ်ချင်းတွေဆီ ဖုံးဆက်လိုက်နဲ့ပေါ့........

တကယ်တော့ နိုင်ငံခြားပညာသင် ကျောင်းသူ၊ကျောင်းသားဘ၀ဆိုတာ မိသားစုနဲ့ဝေးရာ တိုင်းတပါးမှာ နေရချိန်မှာ  စိတ်ညစ်စရာ စိတ်ပင်ပန်းစရာတွေ ကြုံတွေ့ရတာဖြစ်စေ၊ စိတ်ဝင်စားစရာ၊ ပျော်စရာတွေကြုံတွေ့ရတာဖြစ်စေ အရာအားလုံးဟာ ကျမတို့အတွက် ဘယ်တော့မှ မမေ့နိုင်စရာအဖြစ်အပျက်သာတွေဖြစ်ပါတယ်။ သည်လိုအချိန်တွေဟာ ငွေပေးပြီး ပြန်ဝယ်လို့မရနိုင်တဲ့ ဘ၀ရဲ့ တစိတ်တပိုင်း အတွေ့အကြုံတွေလည်း ဖြစ်တယ်လို့ထင်မိပါတော့တယ်။

အင်ကြင်း

5:00 pm
18 July 2011.

No comments:

Post a Comment