by Sein Khat Soe on Monday, June 27, 2011 at 10:40am
ဒီနေ့အဆောင်မှာ အလုပ်ပိတ်ရက်မို့ လုပ်ဖော်ကိုင်ဖက် ညီညီမတွေ မုန့်ဖတ်သုတ်နဲ့ ကြာဇံသုတ် လုပ်စား ကြ တယ်။ အဆောင်ရဲ့မီးဖို ချောင်ထဲက ထမင်းစားခန်း ကျဉ်းကျဉ်းလေးထဲမှာ မတ်တတ်ရပ်သူရပ်၊ စားပွဲမှာ ထိုင် သူထိုင် ချဉ်ငံစပ်စိတ်ကြိုက်လုပ်ပြီး ချွေးတလုံးလုံး၊ ရှုးရှုးရှဲရှဲစားနေကြတဲ့အထဲ ကိုယ်လည်းတစ်ယောက် အပါအ ဝင်ပေါ့..။ ကိုယ်က အသုတ်စားရင် ဂေါ်ဖီတို့၊ နံနံပင်တို့ထည့်တာမကြိုက်ဖူး မုန့်ဖက်သုတ်ကို ကြက်သွန်ဖြူဆီ ချက် အဖတ်ရွှဲရွှဲ မွှေးမွှေးလေးနဲ့ ငံပြာရည်လေးလေးရောသုတ်ပြီး၊ မုန့်ဟင်းရည်လေးက အရည် သောက်အဖြစ် ပါလိုက်လို့ကတော့ လွှတ်ကြိုက်တာပေါ့..။
သူတို့ပြောတာက အပတ်စဉ်ရုံးပိတ်ရက်တိုင်း တစ်ခုမဟုတ်တစ်ခုပေါင်းလုတ်စားကြတယ်တဲ့ ကျွန်တော်သာ ရန် ကုန်ပြန်ပြန်နေလို့ လွဲလွဲနေတာ။ ဒီနေ့မှ သင်တန်းတစ်ခုရှိလို့ မပြန်ဖြစ်ရာက ဒီပွဲနဲ့ကြုံခဲ့တာ။ ကျဉ်းကျဉ်းကျုတ် ကျုတ်နဲ့ မီးဖိုအခန်းထဲက ချွေးတစ်လုံးလုံး၊ ရှုးရှုးရှဲရှဲစားလိုက် တစ်ယောက်နဲ့တစ်ယောက်နောက်လိုက် ပြောင် လိုက်နဲ့ စားပွဲလေးမှာ ကိုယ်က မုန့်ဖတ်တွေ၊ ကြာဇံဖတ်တွေ၊ ပဲပင် ပေါက်၊ ကော်ဖီ၊ ဆန်မှုန့်၊ ငြုတ်သီးမှုန့်၊ ငံပြာ ရည်၊ သံပရာသီး၊ ဟင်းခါးရည် ပန်းကန်တွေကိုကြည့်ရင်း အတွေးတစ်ခု တွေးမိသွားတယ်..။
ငယ်ငယ်ကတော့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းစတဲ့ တိုင်းရင်းသားပေါင်းစုံ ချစ်ခင်ရင်းနှီး စွာ စုပေါင်းနေထိုင်သော တိုင်းပြည်ကို မြန်မာပြည်(ဗမာပြည်)လို့ခေါ်တာလို့ သင်ခဲ့ရတယ်။ အဲဒီအတိုင်းဘဲ အ ရွယ် အတော်အတန်ရောက်တဲ့အထိ ယုံကြည်ယူ ဆခဲ့တယ်။ ဝင်း-ဝင်း(Win-Win) သူနိုင်-ကိုယ်နိုင်၊ ဟာမိုနီ၊ အ ညမညပစ္စယော ဆိုတာတွေလည်း ရင်ဘတ်နဲ့ဦးဏှောက်မှာ မှိုင်းတက် ခဲ့တယ်။ ပညာလေး မတောက်တစ် ခေါက်တတ်လာ၊ ကိုယ်အသိနဲ့ကိုယ် ဝေဖန်တတ်လာပြီလည်းဆိုရော ခုနပြောခဲ့တဲ့ တိုင်းရင်းသား ညီနောင်ဆွေ မျိုးတွေကိုယ်စီမှာ မျိုးဆက်ချီအိုင်းအနာတွေနဲ့ နာနို၊ စီလီကွန်ခေတ်၂၁ရာစုထဲမှာ ဖုန်တထောင်းထောင်းနဲ့ နပန်း လုံးနေရတုန်းပါလားဆိုတာ စို့စို့နင့်နင့်သိခဲ့ရတယ်။
အင်္ဂလိပ်လက်အောက်က လွတ်ပြီးတည်းက ကျွန်တော်တို့ပျောက်ခဲ့တဲ့ တရားမျှတသောဒီမိုကရေစီစနစ်ဟာ တစ်မြေထဲနေ၊ တစ်ရေ တည်းသောက် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းစတဲ့ ညီအကိုမောင် နှမတွေအားလုံးကို ကျောချင်းကပ်၊ မျက်နှာချင်း ဆိုင် နေထိုင်နေကြရသည့်တိုင် ယုံကြည်ချက်ခြင်း၊ ရင်ဘတ် ခြင်း ဝေးဝေးလာကြရတာဟာ ခုနောက်ဆုံးရသတင်းတွေအထိ သွေးနဲ့၊ အသက်နဲ့ရေးနေရတုန်းဘဲ ဖြစ်နေခဲ့ရ တယ်။
အပြန်အလှန်ယုံကြည်လေးစားမှုတွေ၊ တရားမျှတမှုတွေ ဟာမိုနီကျပြီး ညီညွတ်မှုရှိဖို့ကို မတရားသော အသက် သွေးတွေ၊ လက်နက်တွေနဲ့ တည်ဆောက်လို့သာရခဲ့ရင် မေတ္တာတရား အကြောင်း ဟောကြားခဲ့ကြတဲ့ ဘုရားရှင် တွေအစား ဟိုးတုန်းက စစ်ဘုရင် ဧကရာဇ်တွေကို ရှာဖွေ ကိုးကွယ်နေမှာကြာပေါ့။ ခုတော့….
သွေးမြေခ၊ ရွာပြာပုံဘဝ၊ လင်ဆုံး၊ သားမဲ့တွေ ထူထူထဲထဲလိပ်လိပ်တက်လာပေမယ့် သတင်းတွေထဲက စည်း လုံး ညီညွတ်ရေးအ အ ကြောင်းပြချက်နဲ့ သိပ်သည်းနေတဲ့ ယမ်းငွေ့တွေ၊ နင်းမိုင်းတွေ ဟာအမှန်တရားဖြစ် ကြောင်း မှင်မောင်းချီတက်လာတဲ့သူတွေတိုင်းက မျက်နှာပြောင်တိုက်ကောင်းတုန်း။
လက်နက်နဲ့ ငြိမ်းချမ်းရေးလား၊ အခွင့်အရေးနဲ့ ငြိမ်းချမ်းရေးလား၊ ခွဲဝေမျှယူညီတူစား သုံးမှုနဲ့ ငြိမ်းချမ်းရေးလား … အဲလိုလားများစွာနဲ့ ငြိမ်းချမ်းရေးတွေနောက်မှာ ခါးသေနတ်ထိုးထားသူမှန်သမျှ ဗိုက်ပူနံကားဝပြဲခဲ့ကြတယ်။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းအားလုံးထဲက ပြည်သူမှန်သမျှကတော့ အဲလိုခွင်(ဂွင်)တို့ရဲ့ တစ်နပ်စား၊ တစ်ခွင်ထောင် ငြိမ်းချမ်းရေးအောက်မှာ အစိတ်အမွှာမွှာ လင်ကွဲ၊ သားကွဲဆိုင်းပုဒ်အောက်မှာ မြဲနေ ကြရရှာတုန်းပဲ။
တကယ်တော့ ငြိမ်းချမ်းအေးမြတဲ့ ဒီမိုကရေစီဆိုတာ ချဉ်၊ ငံ၊ စပ် အချိုးညီညီပေါင်းသုတ်ထားတဲ့ အသုတ်စုံတစ် ပွဲပါပဲ။ ခင်ဗျား အဲဒီအထဲမှာ ဘာလုပ်မလဲ။ ကြာဇံလိုလူလါး၊ မုန့်ဖတ်လိုလူလါး၊ ကြက်သွန်ဖြူဆီချက်လေးလိုလူလား၊ ပဲပင် ပေါက်၊ ဂေါ်ဖီလိုလူလား၊ ငံပြာရည်၊ ပဲမှုန့်၊ ငရုတ်သီးမှုန့်၊ သံပရာသီးလိုလူလါး။ ကိုယ့်တစ်နိုင်တာဝန်ကို တိုင်းပြည်ရဲ့ ဒီမိုကရေ စီဖော်ဆောင်ရေး၊ အဓွန့်ရှည်တည်တံ့ရေးအတွက် ပေးဆပ်နေရမယ့်အချိန်မှာ မယား၊ နှမနဲ့ အိမ်တွင်းပစ္စည်းတွေကို ဆွေမျိုပေါက်ဖော် ကိုထိုးအပ်ပြီး မောင်းတင်ကျည်မီးခတ်နေကြတာဟာ ဘယ်အ ချိန်ပြန်စားစား စားကောင်း၊ တွေးကောင်းတဲ့ အသုတ်စုံတစ်ပွဲ တော့ဖြစ် မယ်လို့ မယုံကြည်မိဘူးဗျာ။
အချိုးညီညီ ပေါင်းစပ်တတ်ရင် စားကောင်းတဲ့ အသုတ်စုံတစ်ပွဲရနိုင်သလို၊ အငံလွန်၊ အချဉ်လွန်၊ အစပ်လွန် သုတ်ရင်လည်း အနည်းဆုံး တော့ ဝမ်းသွားတဲ့ အသုတ်စုံတစ်ပွဲသာ မလွှဲမသွေရမှာဘဲလို့ ဆိုချင်ပါတယ်။ မချစ်သော်လည်း အောက်အီးနမ်းနေရတာနဲ့စာရင် သူသူ ကိုယ်ကိုယ် အဖိုးတန်တဲ့ တစ်ထောင့်တစ်နေရာကနေ ချဉ်၊ ငံ၊ စပ်လေးဖြစ်ဖြစ၊် ပဲပင်ပေါက်၊ ဂေါ်ဖီလေးဖြစ်ဖြစ်၊ မုန့်ဖတ်၊ ဟင်းရည်၊ အကြော်လေးဖြစ်ဖြစ် ဂုဏ်ယူစွာပါ ဝင်ချင်မှာပဲ။ တစ်ခုသတိထားရမှာက အချိုးမညီ၊ လွန်လွန်ကဲကဲ ချဉ်ငံစပ်လုပ်ထားတဲ့ အသုတ်စုံ တစ်ပွဲဘဲဖြစ် ဖြစ်၊ မူမမှန် ရက်လွန် မုန့်ဖတ်တွေ၊ အချဉ်တွေနဲ့သုတ်ထားတဲ့ အသုတ်စုံတစ်ပွဲဘဲဖြစ်ဖြစ်၊ ဓါတုဗေဒပိုးသတ် ဆေးမစင်တဲ့၊ ရိရွဲ ပဲပင်ပေါက်၊ ဂေါ်ဖီ၊ နံနံပင်ဖတ်လေးတွေပါတဲ့ အသုတ်စုံတစ်ပွဲဘဖြစ်ဖြစ် ခင်ဗျားကိုယ်တိုင် စားမိရင်တော့ သေချာတယ် အနည်းဆုံး အယုံကြည်မဲ့ခြင်းဆိုတဲ့ ဝမ်းတွေသွားပြီး အများဆုံး (ပြည်တွင်း) စစ်မီး ဆိုတဲ့ အဆာအိမ်ကင်ဆာကို အနှေးနဲ့အမြန်အားပေး လာတော့ တာဘဲ။
အဖိုးတန်အသက်တွေ၊ အဖိုးတန်အချိန်တွေကို တိုင်းပြည်တည်ဆောက်ဖို့၊ သားကောင်းမွေးဖို့၊ ခေတ်ကိုထူဖို့ မ သုံးဘဲ ဝရုန်းသုဉ်းကား စစ်မီးဖောက်နေတာတော့ရင်နာစရာ။ နှစ်ပေါင်း ၆၀ကျော်ခဲ့ပြီလို့ ရှုးရှုးရှဲရှဲ ချွေးတလုံးလုံး နဲ့အသုတ်စားနေကြတဲ့ ညီ၊ ညီမလုပ် ဖော်ကိုင် တွေကို ကြည့်ရင်း ကိုယ်တို့တိုင်းပြည်ရဲ့ ချဉ်ငံစပ် အသုတ်စုံမှာ ရက်လွန်၊ မူမမှန် မုန့်ဖတ်တွေ၊ အချဉ်တွေ အကြောင်းတွေးမိတော့ ဆစ်ခ နဲနာကြင်မိတယ်။ ကျီးလန့်စာစားပြည် သူမှန်သမျှ အမြန်ငြိမ်းချမ်းရေးရကြပါစေ။
အပ္ပမ္မာ ဒေန သမ္မပ္ပာဒေထ…မမေ့မလျော့သော သတိများဖြင့် ဒီမိုကရေစီဆိုသော ခေတ်သစ် လောကပါလ တ ရားအနှစ်ကို ကချင်၊ က ယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း ညီအကိုမောင်နှမများအားလုံးပွား များတည် ဆောက်နိုင်ကြပါစေလို့လည်း အချိုးညီညီ သုတ် ထားတဲ့ ချဉ်ငံစပ်မုန့်ဖတ်သုတ်လေးစားပြီး တစ်နေ့လုံး ဆန္ဒပြုနေ မိပါတော့တယ်။ ကိုယ် အသုတ်စုံစားနိုင်နေချိန်မှာ သူတို့လည်း မိသား စုအစုံလင်နဲ့ အေးချမ်းစွာ နံနက်စာ၊ နေ့လည်စာ၊ ညစာတွေကို အမြန်ပြန်လည်စားသုံးနိုင်ကြပါစေ။ ဒီထက်ပိုလည်း ဒီလောက်ပါဘဲ။
ချစ်ခင်လေးစားစွာဖြင့်
စိမ်းခက်စိုး
(တနင်္ဂနွေနေ့) ဇွန်လ ၂၆၊ ၂၀၁၁
နေ့လည် - ၁၂း ၃၄ နာရီ
No comments:
Post a Comment